ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

နှစ် ၂၀ ကြာ တောင်ဖြိုလမ်းနှင့် တစ်ကိုယ်တော်မာဃ

နှစ် ၂၀ ကြာ တောင်ဖြိုလမ်းနှင့် တစ်ကိုယ်တော်မာဃ

သူ့ကို အရူးကြီးဟု လူအများက နှစ်ပေါင်းများစွာ ပြောခဲ့ကြသည်။ ပြောကြသည်ကလည်း မလွန်ပေ။ သူသည် တူတစ်ချောင်း၊ ဆောက်တစ်ခု နှင့် ကျောက်တောင်ကြောကြီးကို ရှင်းကာ လမ်းဖောက်နေသောကြောင့် ဖြစ်ပါသည်။ သို့သော် ဒက်ရှ်ရာမာနီဂျီ သည် ရူးနေသည်တော့မ ဟုတ်ပေ။ ၂၂ နှစ်ကြာအောင် တစ်ယောက်တည်း ထိုလမ်းကို ဖောက်နေခဲ့ပြီး ဝေးလံခေါင်ဖျား သူ့တောင်ပေါ်ရွာကလေးကို အနီးဆုံး မြို့သို့ ရောက်နိုင်စေခဲ့သည်။ မန်ဂျီသည် အဆိုပါ တာဝန်ကို ၁၉၆၀ ကတည်းက ဘယ်သူမှ မပေးဘဲ ယူခဲ့သူဖြစ်သည်။ တိတိကျကျပြောရလျှင် မာနီဂျီ ၏ ဇနီးသည်ဖြစ်သူသည် ကျောက်တောင်ထူသော ထိုဒေသတွင် ချော်လဲကျကာ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပြီးနောက် အနီးဆုံးမြို့ဆေးရုံ သို့ သွားရန် လမ်းမရှိ၍ တောင်များစွာကို ကီလိုမီတာ ၇၀ကျော် ပတ်သွားခဲ့ရပြီး သူ အသည်းကွဲခံစားခဲ့ရသည့် နောက် ဖြစ်ပါသည်။

ဘီဟာပြည်နယ် ဂီလာတောင်တန်းများပေါ်မှ အဆိုပါ စေတနာ့လုပ်သားကြီး၏ ဆယ်စုနှစ်နှစ်ခုကျော်ကြာ တောင်ဖောက်လမ်း လှုပ်ရှားမှု ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး လှုပ်ခတ်သွားခဲံပါသည်။ ဝေးလံခေါင်ဖျားဒေသများတွင် နေထိုင်ရသူများအတွက် ဆရာဝန်များ၊ ကျောင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ယခုထက် လွယ်ကူစွာ ရသင့်ကြောင်းကို အိန္ဒိယတစ်ပြည်လုံးက သိသွားခဲ့သည်။ တူ၊ ဆောက် နှင့် သံတူရွင်း လေးကိုင်ကာ တစ်ယောက်တည်း လမ်းဖောက်ခဲ့သည့်ရလဒ်က သူ့ရွာနှင့် အနီးဆုံးမြို့ကို ရောက်မည့်နေရာတွင် ခံနေသည့် ပေသုံးရာကျောက်ကြောကြီးကို အောင်မြင်စွာ ဖြိုနိုင်ခဲ့ခြင်း ဖြစ်သည်။ “သူလုပ်နိုင်မှာ မဟုတ်ဘူးလို့ လူတွေက မာနီဂျီး ကို ပြောကြတယ်” ဟု တူဖြစ်သူ ဒါဟုမာနီဂျီ က ပြန်ပြောပြသည်။ ဒက်ရှ်ရာမာနီဂျီ သည် ဆင်းရဲသားတစ်ဦးဖြစ်ပြီး နေ့စဉ် သူစားဖို့သောက်ဖို့ကိုလည်း ရှာရသေးသည်။ မာနီဂျီ သည် လမ်းဖောက်ရန် တူ၊ ဆောက်သွား တို့ကို ဝယ်ယူနိုင်ရန်အတွက် သူ့ဆိတ်သုံးကောင်ကို ရောင်းခဲ့လိုက်သည်။ နေ့စဉ် ပြီးမြောက်ရမည့် အလုပ်ကိုယ်တာ သတ်မှတ်ပြီး ဖြည်းဖြည်းချင်းလုပ်သွားခဲ့သည်။ မနက်ခင်း လယ်သွားထွန်ရသေးသည်။ တစ်ညနေလုံး လမ်းသွားဖောက်နေသည်။ ညအတော်နက်မှ အလုပ်ကို နားတတ်သည်။

၁၉၆၀ ခုနှစ်မှသည် ၁၉၈၂ ခုနှစ်အထိ မာနီဂျီ တစ်ယောက် ထိုသို့ အလုပ်လုပ်ခဲ့ရသည်။ သူ့နည်းသူ့ဟန်ဖြင့် လမ်းကို ဖောက်ခဲ့ခြင်း ဖြစ်သည်။ ကျောက်ဆောင် ကျောက်တုံးများပေါ်တွင် ထင်းများကို မီးစိုက်သည်။ ထို့နောက် ရေပြန်ဖြန်းကာ ကြွပ်ဆတ်သွားသော ကြောက်သားများကို လိုက်ခွဲသည်။ ကျောက်တွေကြေသွားတော့ လမ်းပြန်လုပ်သည်။ ရွာနှင့် မြို့သွားလမ်းကို ခြားထားသော တောင်ကြီးကို နောက်ဆုံးတွင် အောင်မြင်စွာ ဖြိုလိုက်နိုင်ပါလေပြီ။ တောင်ဖြိုလမ်းသည် ၂၅ ပေနက်သည်။ ပေ ၃၀ ကျယ်သော လမ်းဖြစ်ကာ ဖြိုခဲ့ရသည့် ကျောက်သားလမ်း အရှည်က ၃၆၀ ပေရှိပါသည်။ တစ်ယောက်တည်း မမှိတ်မသုန်ဆောင်ရွက်ချက်ကြောင့် ကီလိုမီတာ ၇၀ ကျော် ပတ်ပြီး ဖောက်ရမည့် လမ်းကြီးကို တစ်ကီလိုမီတာလောက်ပဲ ရှည်စေခဲ့ပါသည်။

Mountain Man တောင်လူသား ဟု ဒေသခံများက ၄င်းကို ခေါ်နေကြလေပြီ။ ထိုလမ်းလည်း ပြီးသွားခဲ့ပြီ။ နိုင်ငံတကာအထိ ပေါက်သွားသည့် ဇွဲလုံ့လဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကင်ဆာဝေဒနာဖြင့် ထိုအမျိုးသားကြီး ကွယ်လွန်သွားသည့်အခါ ဘီဟာပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ် အဆင့် ဈာပနပြုလုပ်ပေးခဲ့သည်။ အိန္ဒိယနိုင်ငံတွင် အရပ်သားများကို အမြင့်ဆုံးပေးသည့် ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခဲ့သော်လည်း သူက လုံးဝ လက်မခံခဲ့ပေ။ တကယ်တော့ ထိုဆုကို သူတကယ်ထိုက်တန်ပါသည်။ “ခုတော့ လူ့အဖွဲ့အစည်းက သူ့ကို ဂုဏ်ပြုဂါရဝပြုနေကြတယ်။ ဒါပေမဲ့ သူသေမှလေ” ဟု တူဖြစ်သူ ဒါဟု က ဆိုသည်။

သူ့ရပ်ရွာ၏ နောက်မျိုးဆက်သည် ယခုအခါ ဆေးရုံဆေးခန်း ကို လွယ်လွယ်ကူကူ သွားနိုင်ချေပြီ။ ကမ္ဘာကြီးနှင့် လျင်မြန်စွာ ကူးလူးနိုင်ပြီ။ ရွာကတော့ ဆင်းရဲနွမ်းပါးဆဲဖြစ်သည်။ မာနီဂျီ ကို ဂုဏ်ပြုသည့်အနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်ထားကြသည်။ ရွာတွင် သက်မွေးဝမ်းကျောင်းနှင့် ရောင်းဝယ်ဖောက်ကားရေး သင်တန်းကျောင်းလေး ဖွင့်ထားပေးသည်။ ဒက်ရှ်ရာမာနီဂျီ လူမှုဖူလုံရေး ရန်ပုံငွေ ကို တည်ထောင်ထားပြီး လူငယ်များကို မြေတောင်မြှောက်ပေးသည်။ လူငယ်များအတွက် ဘဝတွက်တာ သင်တန်းများ ပြုလုပ်ပေးသည်။ အများသူငါ ပါဝင်နိုင်သော ပရဟိတအစီအစဉ် တစ်ရပ်ရှိပါသည်။ အဆိုပါ ရန်ပုံငွေများဖြင့် အသေးစားချေးငွေများ ပေးခြင်း၊ ဆိုလာစွမ်းအင်သုံး မီးလင်းရေး စီမံကိန်းများ ဆောင်ရွက်ခြင်း တို့ကို မာနီဂျီ ၏ မိတ်ဆွေများက ဆက်လုပ်ကြသည်။

သင်၏ ဆွေများသားချင်းတစ်ဦး အကြီးအကျယ် နေမကောင်းဖြစ်၍ ဆေးရုံသွားရာလမ်းတွင် တောင်ကြီးခံနေသောကြောင့် ကီလိုမီတာ ၇၀ ခန့် ပတ်ပြီးသွားရလျှင်၊ ထိုအချိန်က အစိုးရက လမ်းဖောက်ပေးဖို့ လှည့်မကြည့်လျှင် သင်ဘာလုပ်မည်နည်း။ မာနီဂျီ ကတော့ အများက မဖြစ်နိုင်ဘူးဆိုပြီး ဝိုင်းပြောနေကြသည့် တောင်ကို ဖောက်ပြခဲ့သည်။ ၂၂ နှစ်ကြာပါသည်။ လူအများသာ ဝိုင်းဝန်းခဲ့လျှင် ထို့ထက် အချိန် နည်းနိုင်ပါသည်။ မဖြစ်နိုင်ဘူးဆိုတာကို လူသား၏ စိတ်အားသတ္တိ၊ အများအကျိုးဆောင်လိုစိတ်တို့ဖြင့် ကျော်လွှားနိုင်သည်ကို မာနီဂျီက သက်သေပြခဲ့သည်။ ဘီဟာပြည်နယ်တောင်ကြောမှသည် ကမ္ဘာအနှံ့သို့ တစ်ကိုယ်တော်လမ်းဖောက်သမားကြီး၏ ပြင်းထန်သော စိတ်ဓာတ်ခွန်အားတို့က ပြန့်နှံ့သွားခဲ့လေပြီ။

cred:ThantZinSoe

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html