ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

"ပန်းဂေါ်ဖီ (ပန်းမုန်လာ) စိုက်ပျိုးနည်း" မြန်မာအမည် - ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်းလာပွင့် အင်္ဂလိပ်အမည် - CAULIFLOWER ရုက္ခဗေဒအမည် - Brassica oleracea var; botrytis မျိုးရင်းအမည် - CRUCIFERAE

"ပန်းဂေါ်ဖီ (ပန်းမုန်လာ) စိုက်ပျိုးနည်း"
=========================

မြန်မာအမည် - ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ မုန်းလာပွင့်
အင်္ဂလိပ်အမည် - CAULIFLOWER
ရုက္ခဗေဒအမည် - Brassica oleracea var; botrytis
မျိုးရင်းအမည် - CRUCIFERAE

၁။ မူရင်းဒေသ
ဆိုက်ပရပ်ကျွန်း၊ အီတလီတောင်ပိုင်းနှင့် ဥရောပတောင်ပိုင်း မြေထဲပင်လယ်ကမ်းခြေဒေသများတွင် လွန်ခဲ့သော နှစ်ပေါင်း (၁၆၀၀) ခန့်က စတင်တွေ့ရှိရသည်ဟု ယူဆကြသည်။  

၂။ အမျိုးအစား
သက်လျင်မျိုး
စိုက်ချိန်မှ ဆွတ်ခူးချိန်ထိ (၉၀) ရက်ကြာသည်။ အပွင့်အရွယ်ငယ်ပြီး၊ ကျစ်လစ်သည်။ Snow-ball မျိုး သည် သက်လျင်မျိုးဖြစ်၍ မြန်မာပြည်မြေပြန့်တွင် အများဆုံး စိုက်ပျိုးသည်။
သက်ကြီးမျိုး
စိုက်ပျိုးချိန်မှ ဆွတ်ခူးချိန်ထိ (၁၂၀) ရက်ကြာသည်။ အပွင့်အရွယ်အစား ကြီးမားသည်။ တောင်ပေါ်ဒေသတွင် အစိုက်များသည်။ အရွက်အရွယ်ကြီးပြီး ပန်းပွင့် (Curd)ကို ဖုံးအုပ်ထားလေ့ရှိသည်။ ယခု အခါတွင် Snow flower,Snow King  မျိုးများကို စိုက်ပျိုးလျက် ရှိပါသည်။

၃။ မြေအမျိုးအစား
မုန်လာအုပ်စုတွင် ပါဝင်သော အပင်ဟူသမျှတို့သည် မြေကောင်းကို ကြိုက်ကြသည်။ ၄င်းအတွင်း အကောင်းဆုံးမြေကား သဲဆန်သော နုန်းမြေဖြစ်သည်။ မြေအချဉ်အငံဓာတ် (၆-၆.၆) မြေမျိုး ကြိုက်နှစ်သက် သည်။

၎။ ရာသီဥတု
ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်သော်လည်း ဂေါ်ဖီထုပ်ထက် အပူဒဏ် ပိုခံနိုင်သည်။ အေးပြီး အစိုဓာတ် အမြဲရလျှင် စိုက်နိုင်သည်။ သို့သော် ဂေါ်ဖီထုပ်ကဲ့သို့ စိုက်ရန် မလွယ်ကူပေ။ တစ်လတွင် ပျမ်းမျှ အပူချိန် (၆၀-၇၀) ဒီဂရီဖာရင်ဟိုက်ရှိနေမည်။ ဂေါ်ဖီထုပ်ကဲ့သို့ ခြောက်သွေ့မှုဒဏ် မခံနိုင်ပေ။ အကယ်၍ ရာသီဥတုခြောက်သွေ့နေလျှင် ပန်းဂေါ်ဖီအပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစား ထက် ရာသီဥတုက အရေးကြီးကြောင်း တွေ့ရသည်။ ပန်းဂေါ်ဖီသည် တစ်နှစ်ခံပင်ဖြစ်သည်။ ပန်းပွင့်ထွက်ရန်အတွက် လိုအပ်သည့် အပူချိန် မည်မျှကြာကြာနှင့် ပတ်သက်ရှိရမည့် အရွယ်အစားမှာ သက်လျင်၊ သက်ကြီးမျိုးပေါ်တွင် မူတည်သည်။ သက်လျင်တွင် ပင်စည်၏ အချင်း (၅-၆)မီလီမီတာ ရှိသော အရွယ်တွင် အပူချိန် (၇၀) ဒီဂရီဖာရင်ဟိုက်၊ (၈-၁၀) ရက်ခန့်လိုအပ်ပြီး၊ သက်ကြီးမျိုးတွင် ပင်စည်အချင်း (၇-၈) မီလီမီတာရှိသော အရွယ်တွင်အပူချိန် (၇၇) ဒီဂရီဖာရင်ဟိုက်၊ (၁၅-၂၀) ရက်ခန့်လိုအပ်ပေသည်။

၅။ စိုက်ပျိုးချိန်
မြေပြန့်ဒေသ  -  စက်တင်ဘာ၊ အောက်တိုဘာလ
တောင်ပေါ်ဒေသ  -  ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာ

၆။ ပျိုးထောင်ခြင်း
  (၁၀ x ၂.၅)ပေ၊ ဘောင်ကို ပေါက်ပြားဖြင့် မြေစိုင်ခဲကလေးများရစေရန် ပြုပြင်ပေးရ၏။ မြေ များစွာ ညက်လျှင် ရေလောင်းသောအခါ ကြပ်သိပ်သွားနိုင်သောကြောင့် လေ၀င်လေထွက် မကောင်းဘဲ အညှောင့်ပေါက်မှု ညံ့လာ၏။ ပျိုးတစ်ဘောင်လျှင် မျိုးစေ့အောင်စ၀က်ခန့်လိုပါသည်။ ပျိုးဘောင်ပေါ်တွင် မျိုးစေ့ ကြဲရန် (၂) လက်မခြား မြောင်းများဆွဲပြီး မျိုးစေ့ကို ညီညာစွာချ၍ အပေါ်မှ နွားချေးဆွေးမှုန့် ပါးပါးဖုံးအုပ်ပြီး ၄င်း ပေါ်၌ စင်းပြီးကောက်ရိုးခြောက်များ ပါးလွှာစွာ ဖုံးအုပ်ပေးကာ ရေရွှဲရွှဲလောင်းပေးရမည်။ ဘောင်ပေါ်တွင် တစ်တောင်အမြင့်မှ သက်ကယ် ကောက်ရိုးမိုးပေးရသည်။ (၃-၄) ရက်ကြာလျှင် အညောင့်ပေါက်လာသည်။ (၁၂) ရက်ကြာလျှင် တန်းကြားကို မြေဆွပေါင်းရှင်းခြင်း ပြုလုပ်ပေးရသည်။ ပျိုးသက် (၂၀) ရက်ရလျှင် ယူရီးယားမြေသြဇာကို တစ်ဘောင်လျှင် (၅) အောင်စုနှုန်းဖြင့် ရေဖျော်ဖျန်းပေးသည်။ ထို့နောက် ရေ၀သည့်တိုင် လောင်းပေးရသည်။ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပါက ညနေ (၃) နာရီခန့်တွင် အမြစ်မနာအောင်နုတ်ပြီး ပြောင်းရွှေ့စိုက်သင့်သည်။ အကယ်၍ ပျိုးနုတ်နေစဉ် မိုးရွာပါက အမြစ်များကို ငှက်ပျောရွက်ဖြင့် ထုပ်ပြီး အမြစ် မခြောက်သွားစေရန် အမှောင်ခန်းထဲတွင် ရေစိမ်ထားရသည်။ မိုးတိတ်မှ စိုက်ရသည်။ ထို့ကြောင့် ပျိုးနုတ်မ လောရန် သတိထားရမည်။ တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ်လိုအပ်ပါသည်။

၇။ စိုက်ခင်းပျိုးခြင်း
  ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ် (၂) စပ်၊ ထွန် (၃) စပ်ဝင်၍ မြေပြုပြင် ထားရမည်။ ပေါင်းမြက်များပြောင်သည့်တိုင် ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက် မိမိအလိုရှိ သော အကွာအဝေးတိုင်း ကြောင်းဆွဲခြင်း၊ ပေါက်ပြားဖြင့် မြေပြန်ဆွခြင်းတို့ကို ပြုလုပ်ပေးရမည်။
ပျိုးသက် (၃၅-၄၀) ရက်ရလျှင် ၊ သို့မဟုတ် အရွက် (၄-၅) ရွက်ထွက်လာလျှင် ပြောင်းရွှေ့စိုက် ပျိုးနိုင်ပါသည်။ စိုက်ပျိုးချိန်မှာ ညနေ (၃) နာရီနောက်ပိုင်းဖြစ်သင့်ပါသည်။ တူရွင်းဖြင့် ကျင်းတူးပြီး ကျင်းထဲ ရေ လောင်းရပါမည်။ ၄င်းကို ရေခံသည်ဟုခေါ်ပါသည်။ ပျိုးပင်ကိုနုတ်ပြီး ၄င်းကျင်းထဲသို့ တည့်မတ်စွာချ၍ အမြစ်ကို မြေတွင်ဖိကပ်ပြီး အပေါ်မှ မြေဖုံးပေးရမည်။ သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်ဖြည့်ပေးရမည်။ ထို ထက်နောက်ကျလျှင် မူလအပင်ကို မမီတော့ပေ။ ရွှေ့စိုက်ပြီး တစ်လသားအထိ ပရစ်ဖျက်ဆီးမှုကို ဂရုစိုက်ရ သည်။
သက်လျင်မျိုးကို သက်ကြိးမျိုးထက် အနည်းငယ်စိပ်စိပ်ထား၍ စိုက်နိုင်ပါသည်။ တစ်ပင်နှင့် တစ်ပင် (၁.၅-၂) ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂-၂.၅) ပေခြားထားပြီး စိုက်ပျိုးနိုင်ပါသည်။ ရွှေ့စိုက်ပြီး (၁၀-၁၅) ရက်ရလျှင် ခါးဆွခြင်းကို ပြုလုပ်ပေးရသည်။

၈။ မြေသြဇာကျွေးခြင်း
  ပန်းဂေါ်ဖီ၏အမြစ်သည် အာဟာရဓာတ်များ စားသုံးသောမျိုးဖြစ်ပါသည်။ ထို့ကြောင့် မြေသြဇာကို အောက်ပါအတိုင်း တစ်ဧကစံနှုန်းထား၍ အသုံးပြုသင့်ပါသည်။
စဉ် မြေသြဇာ  စုစုပေါင်း  မြေပြုပြင်စဉ်ထည့်  စိုက်ပျိုးပြီးထည့်
ပထမ ဒုတိယ တတိယ
၁။ နွားချေး၊   ၄ တန်                  ၄ တန်                -       -        -
မြေဆွေး
၂။ ယူရီးယား ၁၄၀ ပေါင်        ၇၀ ပေါင် ၃၀     ၄၀           -
၃။ တီစူပါ ၁၀၀ ပေါင်      ၁၀၀ ပေါင်            -               -             -
၎။ ပိုတက်ရှ် ၉၀ ပေါင်       ၆၀ ပေါင် -                -    ၃၀
၅။ ပဲဖတ် ၁၀၀ ပေါင်    ၆၀ ပေါင်   - - ၄၀

၉။ အပင်ပြုစုခြင်း
ကြားပေါင်းလိုက်ခြင်း
ပန်းဂေါ်ဖီပင်၏ မြေအောက် (၁.၅- ၂)ပေမှ အမြစ်များက အစာရေစာပိုမို စားသုံးပါသည်။ ကြားပေါင်းလိုက်ခြင်းဖြင့် ဓာတ်မြေသြဇာနှင့် မြေသားသမသွားပါသည်။ ရေကို တစ်ပတ် (သို့မဟုတ်) နှစ်ပတ် လျှင် တစ်ကြိမ်ကျ သွင်းပေးရန်လိုအပ်ပါသည်။
အပွင့်ကောင်းစွာ ပွင့်နေချိန်တွင် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင် ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာတတ်ပါသည်။ ထို့ကြောင့် အပွင့်၏အချင်း (၂-၃) လက်မအရွယ်ရောက်သောအခါ အပြင်ရွက်များကို စည်ပေးရပါသည်။

၁၀။ ဆွတ်ခူးခြင်း
သက်တမ်းလိုက်၍ ရွှေ့စိုက်ပြီး (၂-၂.၅) လကြာလျှင် ပန်းပွင့်ကို စတင်ခုတ်နိုင်ပါသည်။ အဝေး သို့  တင်ပို့ပါက အရွက်ကို (၂-၃) ရွက်ချန်ထား၍ နုတ်ရပါသည်။ အချိန်မီမခုတ်ပါက ပန်းပွင့်အရောင်ပြောင်း သွားပြီး ပန်းပွင့်ရှည်ထွက်လာပါသည်။ တစ်ဧကလျှင် ဂေါ်ဖီပန်းပွင့်မျိုးလိုက်၍ တန်ချိန် (၅-၈) တန်ထွက်နိုင်ပါ သည်။ သာမန်အားဖြင့် ပန်းဂေါ်ဖီကို တာရှည်သိုလှောင်မထားပေ။ သို့သော် စိုထိုင်းဆ (၈၅-၉၀) ရာခိုင်နှုန်း၊ (၃၂) ဒီဂရီဖာရင်ဟိုက်တွင် ထားပေးပါက တစ်လခန့် အထားခံပါသည်။

၁၁။ မျိုးစေ့ခံခြင်း
ပန်းဂေါ်ဖီသည် ပင်တည်းဝတ်မှုန်ကူးသန္ဓေမအောင်နိုင်ဘဲ ပင်ခြားဝတ်မှုန်ကူးသန္ဓေအောင်သည့်မျိုး ဖြစ်သည်။ မျိုးစေ့ထုတ်လုပ်ရာတွင် မျိုးကွဲများ မပါဝင်စေရန် ဂရုပြုရမည်။
(က) မျိုးစေ့မှ မျိုးစေ့ထုတ်ခြင်း
မျိုးစေ့ထုတ်လုပ်ရန် ရာသီဥတုအေးမြရသည်။ အပူချိန် ပျမ်းမျှ (၆၅) ဒီဂရီဖာရင်ဟိုက်ခန့် ရှိရပါသည်။ နေရောင်ကောင်းစွာလိုအပ်ပြီး၊ နေ့တာရှည်ခြင်းကို ကြိုက်နှစ်သက်သည်။ သစ်ရွက်ဆွေး ၊ မြေဆွေး၊ နွားချေးများ စွာ ထည့်ပေးရန်လိုပါသည်။ သဘာဝမြေသြဇာအပြင် ဓာတ်မြေသြဇာ၊ ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ်ကို (၃း၎း၃)ရောစပ်ပြီး တစ်ဧကလျှင် ပေါင် (၁၅၀-၂၀၀) ခန့်ထည့်ပေးရသည်။ ကောင်းစွာ စိုက်ပျိုးထားသော ပျိုးပင် သက်ရက် (၂၀-၂၅)တွင် (၁.၅) ပေခြား၍ စိုက်ပျိုးရပါသည်။ ပေါင်းမြက်ရှင်းခြင်း အပင်ကြီးရင့်ချိန်တွင် ရေအများဆုံး လိုအပ်သဖြင့် ရေကို ဂရုစိုက်၍ လောင်းပေးရမည်။
(ခ) မျိုးပင်ရွေးချယ်ခြင်း
အပင်ငယ်ဘ၀မှ ခေါင်းစတင်ပေါ်သည်အထိ မျိုးလက္ခဏာ မမှန်ကန်သောအပင်များကို စစ်ဆေးပြီး ဖယ်ထုတ်ရမည်။ ပန်းခိုင်တွင် အမွေးပေါခြင်း၊ အရွက်ထွက်ခြင်းတို့ကိုလည်း ပယ်ရမည်။ ဖြစ်နိုင်လျှင် ခြင်ထောင် ဇာပါးဖြင့် ဖုံးအုပ်ထားသင့်သည်။ ရွှေ့ပြောင်းစိုက်ချိန်တွင် အရွက်ဟောင်း၊ အရွက်ဝါများကို ဖယ်ပေးရသည်။
(ဂ) ရွှေ့ပြောင်းစိုက်ခြင်း
ရွေးချယ်ထားသော မြေကို မြေလုံးမပျက် ယူ၍ စိုက်ရမည်။ တစ်ပင်နှင့်တစ်ပင် (၂) ပေခွာထား စိုက်သင့်သည်။ မြေသြဇာကို အပင်ပတ်လည် ထည့်ပေးရမည်။ အပင်အသားမကျမီ ရေပို၍ လောင်းပေးရမည်။ နေပူလွန်းခြင်း၊ ဆီးနှင်းကျခြင်းရှိလျှင် အရိပ်လုပ်ပေးရ၏။
ပန်းဂေါ်ဖီခေါင်းများ ကြီးရင့်လာပြီး အပွင့်၏ ဘေးမှ စတင်ကွဲလာ၏။ တဖြည်းဖြည်းနှင့် အပွင့်ကြားမှ အသီးတန်များ ထွက်လာလျှင် သေး၍ မသန်သော အတန်ကို ဖယ်ရှားရမည်။ အသီးများကောင်းစွာရင့်မှည့်လျှင် ရိတ်သိမ်း၊ လှေ့၍ ခြောက်စေရန် ပြုပြင်ကာ လေလုံသော ပုံးများတွင်ထည့်၍ သိုလှောင်ကြ၏။
တစ်ပင်လျှင် ပျမ်းမျှအောင်စ၀က်အထိ မျိုးစေ့ထွက်ပါသည်။ တစ်ဧကလျှင် ပျမ်းမျှ (၂၅၀-၃၀၀) ပေါင် မျိုးစေ့ရပါသည်။

Credit:
mega grow international co.,ltd.
ဗဟုသုတ​ကျေးရွာ

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html