Turbocharger တလုံး၏ ပြစ်ချက်ကို ရှာဖွေခြင်း
အပိုင်း ( ၂ )
Turbocharger ကို ဘာ့ကြောင့်သုံးစွဲနေကြသနည်း ? ။ Engine တလုံး combustion ဖြစ်ရန်အတွက် လေ + လောင်စာဆီ + အပူ ထို ၃ မျိုး နည်းစနစ်ကျစွာ ပေါင်းစပ်ပေးနိုင်မှ complete combustion (ပြီးပြည့်စုံသော မီးလောင်ပေါက်ကွဲခြင်း) တခု ဖြစ်ပေါ်ပါမည်။ ထို ၃ မျိုးထဲတွင် လောင်စာဆီသည် ကန့်သတ်မှု(ပမာဏ အတိအကျ) တခုဖြင့် combustion chamber ထဲ ရောက်ရှိရသည် ၊ ထို့အတူ အပူသည်လည်း piston ၏ ဖိကျစ်မှုကြောင့်(bore + stroke ဧရိယာများလေ ပိုဖိကျစ်နိုင်လေ ပိုပူလေဖြစ်မည်) ဖြစ်ပေါ်လာမည့် တိကျသည့်အပူတန်ဘိုးတခု တည်ရှိလာသည်။ လေအတွက်မူ တိကျသည့် ပေးသွင်းမှုပမာဏမရှိ ၊ လေထုဖိအားအတွင်းမှ လေကို suction stroke တွင် piston မှ ဆွဲစုပ်ယူသည့် ပမာဏအတိုင်းပဲ chamber အတွင်းယူသွင်းရသည်။ (ဆေးထိုးအပ်ပြွန်မှ ဆေးကိုစုပ်သွင်းယူသည့် အလားသဏ္ဍန်အား မြင်ယောင်ကြည့်ပါ)။ အဆိုပါ စုပ်သွင်းယူသော လေသည် air filter - inlet manifold - inlet valve စသည်တို့ကို ပွတ်တိုက်ကျော်ဖြတ်ပြီးမှ chamber အတွင်း ဝင်ရောက်ရသည်ဖြစ်၍ combustion အတွက် တိကျသည့် လေထုပမာဏ ရရှိရန်ခဲယဉ်းလာသည်။ဖြတ်သန်းဝင်ရောက်ရသည့် အကွာအဝေး ရှည်လာလေလေ ပွတ်တိုက်မှုကြောင့် လေထုစီးဝင်လာမှု ဆုံးရှုံးရလေလေ ဖြစ်လာသည်။ ထိုအခါ chamber အတွင်းသို့ pressure ဖြင့် လေကိုဖိသိပ်ကျစ်သွင်းပေးမည့် အထောက်အကူပြု ကိရိယာတခု လိုအပ်လာသည်။ ထို့အတွက်ကြောင့် turbocharger ကို တည်ထွင်သုံးစွဲလာကြသည်။ တိုတောင်းလှသည့် အချိန်အတွင်း ဖြစ်ပေါ်လာမည့် suction stroke ကာလသည် ခဏတာဖြစ်သည့်အတွက် လေကို ပိုမိုရရှိရန် အလွန်အရေးပါသည်။ ထို turbocharger ကို တပ်ဆင်သုံးစွဲသောအခါ တခြား engine များနှင့် ထုထည် အရွယ်အစား တူညီသည့် engine ပင်ဖြစ်သော်လည်း ၊ ထုတ်လုပ်ပေးသည့် engine power (တနည်းအားဖြင့်ပြောရလျင် work-done) ပိုမိုကောင်းမွန်လာသည်ကိုတွေ့ရသည်။ ထို့ကြောင့် turbocharger တပ်ဆင်ထားသော engine များသည် အခြားအရွယ်အစား တည်ဆောက်ပုံ တူညီသည့် engine များထက် power ပိုများလာရခြင်း အကြောင်းရင်းပင် ဖြစ်သည်။ ဥပမာ အနေဖြင့် Cummins company မှထုတ်လုပ်သော အရွယ်ပမာဏ တူညီသည့် engine model များဖြင့် နှိုင်းယှဉ်ပြသွားပါမည်- - -
1. N 855 ( M ) 215HP
2. NT 855 ( M ) 295HP
3. NTA855 ( M ) 355HP
အထက်ပါ model များမှ အက္ခရာနှင့် ကိန်းဂဏန်းများကို အကျယ်တဝင့်ရှင်းလင်းပြရလျင် -
1. N သည် engine serial model တမျိုး ဖြစ်ပါသည်။
2. T သည် turbocharger တပ်ဆင်ထားသည်ဆိုသောအဓိပ္ပါယ် ဖြစ်ပါသည်။
3. A သည် After cooler / charge air cooler /inter cooler တပ်ဆင်ထားသည်ဆိုသော အဓိပ္ပါယ် ဖြစ်ပါသည်။
4. 855 ဆိုသည်မှာ engine ၏ ထုထည်ပမာဏအရွယ်အစားကို ကုဗလက်မဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။
5. ( M ) ဆိုသည်မှာ Marine use (ရေကြောင်းသုံး)အမျိုးအစားဖြစ်သည်ဟု ဖော်ပြခြင်း ဖြစ်ပါသည်။
6. ( 215 HP ) ( 295 HP ) ( 355 HP ) စသည့် ကိန်းဂဏန်းများသည် engine မှ အမှန်တကယ် သုံးစွဲနိုင်သည့် ( brake horse power ) တန်ဘိုးများဖြစ်ပါသည်။
အဆိုပါ engine များ၏ bore နှင့် stroke မှာ ကိန်းဂဏန်းတန်ဘိုးအ တူတူပင်ဖြစ်ပါသည်။
Bore = 140 mm
Stroke=152 mm ဖြစ်ပါသည်။
အထက်ပါ အရွယ်အစားတူ အချိုးအစားတူသော engine များမှ ထုတ်လုပ်ပေးသော engine power (မြင်းကောင်ရေ) များအား နှိုင်းယှဉ်ကြည့်လျင် turbocharger ပါသော engine သည် turbocharger မပါသော engine ထက် power ပိုထုတ်ပေးနိုင်သည်ကိုတွေ့ရပေမည်။ထို့အတူ turbocharger ပါသော်လည်း after cooler ပါလာသော engine က power ပိုထုတ်ပေးလာနိုင်သည်ကို သတိပြုနိုင်ပေလိမ့်မည်။ ထို့အတွက်ကြောင့် turbocharger နှင့် after cooler များကို engine power ပိုမိုထုတ်လုပ်ပေးနိုင်ရန်အတွက် တည်ထွင် တပ်ဆင် သုံးစွဲလာကြခြင်းဖြစ်ပါသည်။
ဒီနေရာမှာ အလျဉ်းသင့်၍ ရှင်းပြလိုသည်မှာ turbocharger နှင့် supercharger အကြောင်းပင် ဖြစ်သည်။ turbocharger နှင့် supercharger နှစ်မျိုးလုံးသည် engine အတွက် လေကိုပေးသွင်းပေးရသော ပစ္စည်းကိရိယာများပင် ဖြစ်လင့်ကစား တည်ဆောက်ပုံနှင့် ဖွဲ့စည်းပုံ အနဲငယ်ကွာခြားသလို driven မောင်းနှင်ခိုင်းစေသည့်နေရာလည်းကွာခြားပါသည်။ turbocharger ကို Exhaust မှထွက်သည့် Exhaust gas ဖြင့် မောင်းနှင်စေခိုင်းပြီး ၊ supercharger ကိုတော့ engine ဖြင့် တိုက်ရိုက်ချိတ်ဆက်၍ မောင်းနှင်စေခိုင်းပါသည်။မောင်းနှင်စေခိုင်းသည့် type ကတော့ gear type ၊ belt type စသည်ဖြင့် ထုတ်လုပ်သူအပေါ်မူတည်ပြီး ကွဲပြားပါသည်။ ထိုသို့ engine ဖြင့် တိုက်ရိုက်ချိတ်ဆက်၍ သုံးစွဲရသဖြင့် engine ၏ power အား အနဲငယ်ကျဆင်းစေပါသည်။ သို့ပင်စေကာမူ ၄င်းမှထုတ်လုပ်ပေးသော power နှင့်ယှဉ်ကြည့်လျင် ထိုကျဆင်းမှုသည် မပြောပလောက်ပေ။ ထို့အပြင် supercharger တပ်ဆင်ထားသော engine များတွင် turbocharger တပ်ဆင်ထားသော engine များထက် ၊ အားသာချက်တခုမှာ engine စနှိုးစဉ်ကာလ၌ပင် engine အား စွမ်းအင်အပြည့်ထုတ်ယူသုံးစွဲနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် စဦးအလျင် (initial velocity) လိုအပ်သော sport type ကားများတွင် အဆိုပါ supercharger ကို တပ်ဆင်သုံးစွဲလာကြခြင်း ဖြစ်သည်။ ( မင်းသား Vann Diesel ပါဝင်သရုပ်ဆောင်ထားသောFast and furious ဇာတ်ကားများ၌ သုံးစွဲထားသော ကားများတွင် သတိပြုနိုင်ပါလိမ့်မည်။) supercharger တွင်ထပ်ဆင့်၍ root blower ကို တပ်ဆင်သုံးစွဲကြသေးသည်။ ၄င်း၏ မူလအလုပ်မှ supercharger မှပေးသွင်းသောလေကိုပင် မုန့်ကြိုးလိမ်ပုံစံ rotor shaft ဖြင့် လေကိုဖိကျစ် တွန်းသွင်းသော အလုပ်ပင်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ supercharger သုံးထားသော ကားများတွင် engine ဖွဲ့စည်းပုံ ကြီးကျယ် ပျံ့ကားလာသည်။ ထို့အတွက်ကြောင့် ကားစက်ခန်း ဘောနပ်အဖုံးပေါ်ထိ နေရာပေး၍ ထုတ်လုပ်တပ်ဆင်ထားကြရသည်။
ယနေ့ခေတ်ကာလအထိ သုံးစွဲနေကြသည့် turbocharger system (5) မျိုးရှိသည်။ ၄င်းတို့မှာ -
1. VG Turbocharger system
2. VG Turbocharger system with variable compressor
3. Mechanical supercharger (S/C) +Turbocharger
4. Electrical compressor + Turbocharger
5. Variable Two - stage Turbocharger system......ဟူပြီး system (5) မျိုးအား တည်ထွင်ထုတ်လုပ် သုံးစွဲနေကြပေပြီ။
Turbocharger တလုံးတွင် အဓိက ပျက်စီးစေနိုင်သည့် အစိတ်အပိုင်း ( ၅ ) နေရာသာရှိသည်။ ၄င်းတို့မှာ -
1. Turbine blade
2. Compressor blade
3. Shaft
4. Bearing
5. Seal (compression seal )
စသည့် ( ၅ ) နေရာတွင်သာ အဓိက ပျက်စီးလေ့ရှိကြသည်။
ဆက်လက် ဖော်ပြပေးပါမည်။
ပညာရှင်အားလုံးအားလေးစားလျက်
Credit
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
No comments:
Post a Comment