BATTERY အကြောင်း သိကောင်းစရာ
===========================
၁။ Battery ဆိုတာ ဘယ်လို Device အမျိုးအစားလဲ။ လွယ်လွယ်လေးနဲ့ တစ်ခါတစ်ခါကျ ဖြေဖို့ အတော်ကပ်သပ်တဲ့ မေးခွန်းလေးတွေပါ။ Battery ဆိုတာ ဓါတုစွမ်းအင် (Chemical Energy) ကနေ လျပ်စစ်စွမ်းအင် (Electrical Energy) ကို ပြောင်းလဲပေးတဲ့ ပစ္စည်းတစ်ခုဆိုတဲ့ အဖြေလေးတစ်ခုက တို၊တိ၊မှန် တဲ့ အဖြေလေးတစ်ခုပါ။
၂။ ဟုတ်ကဲ့ Battery နဲ့ ပတ်သတ်ပြီး လူသုံးပစ္စည်း အတော်များများမှာ ပါလေတော့ သူ့အကြောင်းလေးတွေ ကလည်း သိထားသင့်ပါတယ်။ ဒါကြောင့် လိုအပ်မယ်ထင်တဲ့ ဗဟုသုတရစေမယ့် အချက်လေးတွေကို ဆွေးနွေး သွားပါ့မယ်။
၃။ Battery ကို အောက်မှာဖေါ်ပြထားတဲ့အတိုင်း အမျိုးအစားကြီး (၂) မျိုးခွဲခြားထားပါတယ်။
(က) Primary Batteries
(ခ) Secondary Batteries
Primary Batteries
++++++++++++++
၎။ Primary Battery တွေဆိုတာက တစ်ခါသုံးအမျိုးအစား battery တွေကို ဆိုလိုတာဘဲဖြစ်ပါတယ်။ Primary Batteries အမျိုးအစားတွေကို တိုင်ကပ်နာရီ၊ လက်ပတ်နာရီ၊ ဂဏန်းတွက်စက် ၊ ကလေးကစားစရာ ပစ္စည်းလေးတွေမှာ သုံးလေ့ရှိပါတယ်။ အဲဒီ Primary Battery အမျိုးအစားတွေကို အောက်မှာပြထားတဲ့ အတိုင်းထပ်မံပြီး အမျိုးအစား ခွဲခြားနိုင်ပါသေးတယ်။
(က)Carbon-Zinc Battery
(ခ)Alkaline Batteries
(ဂ)Mercury Battery
(ဃ)Silver Oxide Battery
(င) Zinc Air Battery
(စ) Silver Zinc Battery
(ဆ) Lithium Manganese dioxide
၅။ အထက်မှာဖေါ်ပြပေးထားတဲ့ Primary Batteries တွေက 1.35 V ကနေ 3 V ထိ ဗို့တန်ဖိုးရှိတတ်ကြပါ တယ်။ အသုံးပြုလေ့ရှိတဲ့ Application တွေနဲ့ Voltage Range တန်ဖိုးတွေကို ပုံ(၂)မှာ ဖေါ်ပြပေးထားပါတယ်။
Secondary Batteries
+++++++++++++++++
၆။ Secondary Batteries ဆိုတာကတော့ Rechargeable လို့ခေါ်တဲ့ အားပြန်သွင်းပြီးသုံးနိုင်တဲ့ Battery အမျိုးအစားဘဲဖြစ်ပါတယ်။ Secondary Batteries တွေကိုတော့ လက်ကိုင်ဖုန်း၊ Laptop Computer ၊ လျပ်စစ် ဆိုင်ကယ် စတာတွေမှာသုံးကြပါတယ်။ Secondary Batteries အမျိုးအစားတွေကို အောက်မှာဖေါ်ပြထားတဲ့ အတိုင်း အမျိုးအစားခွဲခြားနိုင်ပါတယ်။
(က) Lead Acid Battery
(ခ) Nickel- Cadmium Battery (Ni-Cd)
(ဂ) Nickel –Metal Hydride (Ni-MH)
(ဃ)Li-Ion Battery
(င)Lithium Polymer Battery (Li-Polymer)
(စ)Nickel –Zinc Battery (Ni-Zi)
(ဆ)Nickel-Iron Battery (Ni-Fe)
၇။ Secondary Battery ထဲကမှ အသုံးများတဲ့ Battery လေးတွေအကြောင်းကို ဆက်လက်ပြီးဆွေးနွေး သွားပါ့မယ်။
Lead –Acid Battery
++++++++++++++++
၈။ Lead Acid Battery ဆိုတာက ကျွန်တော်တို့ ကားတွေ၊ အင်ဗာတာတွေ အများဆုံး သုံးလေ့ရှိပါတယ်။ ဒီ Battery အမျိုးအစားမှာ အပေါင်းခဲပြား နဲ့ အနုတ်ခဲပြား ကို ကြားထဲမှာ Insulator ပြားလေးတွေခံပြီး Battery Case ထဲမှာ ထည့်ထားပါတယ်။ ပြီးမှ ရေရယ်၊ Sulfuric Acid တို့ပေါင်းစပ်ထားတဲ့ Electrolyte ကို ထည့်ပေးထားတာဖြစ်ပါတယ်။ အဲသည်ခဲပြားလေးတွေရယ်၊ Electrolyte အရည်ရယ်ကနေ Chemical Reaction ကနေ လျပ်စစ်ဓါတ်အားကို ဖြစ်စေတာပါ။ Cell တစ်ခုကထွက်တဲ့ ဗို့တန်ဖိုးက ၂.၁ ဗို့ ရှိပါတယ်။ ဈေးကွက်ထဲမှာ ကျနော်တို့ ၀ယ်နေတဲ့ 12V Lead-Acid Battery တွေမှာဆိုရင် Cell (၆)ခုကို တန်းဆက်ဆက်ထားတာဖြစ်ပြီး သူ့ရဲ့ အမှန်တစ်ကယ် ဗို့တန်ဖိုးက ၁၂.၆ ဗို့ ဖြစ်ပါတယ်။ အပေါင်း၊ အနုတ် ခဲပြားလေးတွေရဲ့ ကြီးငယ်ပမာဏ၊ Electrolyte ပမာဏအပေါ်မူတည်ပြီးတော့ သူ့ဆီမှာ သိုလှောင်ထားနိုင် တဲ့ လျပ်စစ်ပမာဏက ကွဲပြားခြားနားသွားမှာပါ။
၉။ 12V Lead Acid Battery အမျိုးအစားတွေမှာက အမြင့်ဆုံးလျပ်စစ်ဓါတ်ကို သိုလှောင်တဲ့ ပမာဏက 13.6V ဖြစ်ပြီးတော့ အနိုမ့်ဆုံး လျပ်စစ်ဓါတ်ကို ထုတ်နိုင်တဲ့ ပမာဏက 10.5V အထိဘဲဖြစ်ပါတယ်။ ဒီကန့်သတ်ထားတဲ့ တန်ဖိုးနှစ်ခုကို ကျော်လွန်ပြီး လျပ်စစ် ထုတ်/သွင်း လုပ်မယ်ဆိုရင် အကြိမ်ရေများလာရင် ပျက်စီးသွားသွားမှာပါ။
၁၀။ နောက်တစ်ခုမှတ်ထားရမှာက Lead-Acid အမျိုးအစားBattery တွေက အားသွင်းပြီး ဒီအတိုင်းထားရင် နေရာထားသိုတဲ့အပေါ် မူတည်ပြီး Self-Discharged လို့ခေါ်တဲ့ သူ့ပါသူ အားပြန်ထုတ်တဲ့ အပြုအမူမျိုးကို ဖြစ်စေတတ်ပါတယ်။ အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်မှာဆိုရင် တစ်ပတ်ကို ၄ ရာခိုင်နှုန်းလောက် အားပြန်ထုတ်လေ့ ရှိပါတယ်။ 100 AH ရှိတဲ့ Battery တစ်လုံးမှာဆိုရင် တစ်ပတ်ကို 4 Amps လောက် ဆုံးရှုံးစေမှာပါ။
၁၁။ Lead-Acid Battery အမျိုးအစားတွေက အားသွန်းတဲ့ လုပ်ငန်းစဉ်မှာ ပုံသေလျပ်စီးကြောင်းပမာဏ (Constant Current ) ဖြစ်ဖို့ မလိုအပ်ပါဘူး။ အရမ်းဆာလောင်နေတဲ့သူ တစ်ယောက်က ကနဦးအစမှာ ထမင်းလုပ် အကြီးကြီးတွေကို လက်နဲ့နိုင်သလောက် တစ်လုပ်ပြီးတစ်လုပ်စားနေပြီး ဗိုက်လေးတင်းလာတာနဲ့အမျှ လက်ထဲက ထမင်းလုပ်ကလည်း သေးသေးသွားသလို ဒီBattery တွေကလည်း အဲ့သလို Charging လုပ်လေ့ရှိပါတယ်။ ပုံ(၃+၄ ) မှာ Lead-Acid အမျိုးအစာ Battery တည်ဆောက်ပုံ နမူနာပြထားပါတယ်။
Nickel- Cadmium Battery (Ni-Cd)
+++++++++++++++++++++++++++
၁၁။ Nickel-Cadmium Battery အမျိုးအစားတွေကတော့ စစ်သုံးရေဒီယိုစက်တွေမှာ သုံးလေ့ရှိပါတယ်။ သူက လည်း Lead-Acid နဲ့ခပ်ဆင်ဆင်ပါ။ Positive Plate ကို Nickel Hydroxide နဲ့လုပ်ထားပြီးတော့ Negative Plate ကို Cadmium Oxide နဲ့ ပြုလုပ်ထားပါတယ်။ Electrolyte ကိုတော့ Potassium Hydroxide နဲ့ လုပ်ထားပါတယ်။ Cell တစ်ခုကနေ ထွက်တဲ့ ဗို့တန်ဖိုးက 1.2V ဖြစ်ပြီးတော့12V Battery တစ်ခုမှာဆိုရင် Cell (၆)ခုကို တန်းဆက် ဆက်ထားရတာဘဲ ဖြစ်ပါတယ်။ သူ့ရဲ့ Self-Discharged နှုန်းကတော့ တစ်လမှာ ၃% ကနေ ၆% လောက် လုပ်လေ့ရှိပါတယ်။
၁၂။ သူ့မှာက Charging လုပ်တဲ့အခါ လျပ်စီးကြောင်းပမာဏက တစ်သမတ်ထဲ ဖြစ်နေဖို့လိုအပ်ပါတယ်။ 12V Ni-Cad Battery တစ်လုံးကို အားသွင်း/အားထုတ် လုပ်တဲ့အခါမှာ အမြင့်ဆုံး သိုလှောင်နိုင်တဲ့အမှတ်က 14.5V ဖြစ်ပြီး အနိုမ့်ဆုံးအားထုတ်နိုင်တဲ့ အမှတ်က 10V ဖြစ်ပါတယ်။ Cell တစ်ခုအနေနဲ့ဆိုရင် Charging Limit က (1.4V) ဖြစ်ပြီးတော့ Discharging Limit က (1V) ဖြစ်ပါတယ်။ ပုံ(၅) မှာ Ni-Cad အမျိုးအစား Battery နမူနာပြထားပါတယ်။
Li-Ion Battery & Lithium Polymer Battery (Li-Polymer)
++++++++++++++++++++++++++++++++++++++++++
၁၃။ ဒီ Battery အမျိုးအစားတွေကိုတော့ ခုခေတ် Smart Phone၊ Computer ၊ Digital Camera တွေမှာ အများဆုံး သုံးလေ့ရှိပါတယ်။ သူတို့ရဲ့ အားသာချက်ကတော့ အကောင်သေးသေးလေးနဲ့ လျပ်စစ်ဓါတ်များများ သို လှောင်နိုင်တာပါဘဲ။ Li-Ion နဲ့ Li-Polymer battery အမျိုးအစားတွေမှာ 3.7V/4.2V ရှိပါတယ်။ တစ်ချို့က 3.7V ဆိုပြီးပြကြသလို တစ်ချို့က 4.2V ဆိုပြီး ပြကြပါတယ်။ 3.7v က သာမန်ပြည့်ဝသွားတဲ့ တန်ဖိုးဖြစ်ပြီး 4.2V ဆိုတာကတော့ အမြင့်ဆုံး ပြည့်ဝသွားတဲ့ တန်ဖိုးတစ်ခုကို ဆိုလိုတာ ဖြစ်ပါတယ်။ သူ့တို့ရဲ့ အားထုတ်ယူနိုင်တဲ့ အနိုမ့်ဆုံးမှတ်က 3V ဖြစ်ပါတယ်။ သူတို့မှာ အားနည်းချက်က Battery တစ်ခုပျက်စီးလာရင် ဖောင်းကားလာတာ၊ ပေါက်ကွဲတာတွေဖြစ်ပြီး ပျက်လေ့ရှိတာပါဘဲ။ Li-Ion / Li-Polymer Batteries တွေမှာ Charging လုပ်တဲ့အခါ 1 Ampere အောက်မှာဘဲ တည်ငြိမ်တဲ့ လျှပ်စီးကြောင်း (Constant Current) နဲ့ လုပ်သင့်ပါတယ်။ ပုံ(၆) မှာ Li-Ion / Li-Polymer အမျိုးအစား Battery နမူနာပြထားပါတယ်။
အားသိုလှောင်နိုင်တဲ့ စွမ်းရည်
++++++++++++++++++++
၁၄။ Battery တစ်လုံးအနေနဲ့ အားသိုလှောင်နိုင်တဲ့ စွမ်းရည်ကို Ah ၊ mAh စသဖြင့် ဖေါ်ပြလေ့ရှိပါတယ်။ A ဆိုတာက လျပ်စီးကြောင်း ပမာဏ (Current) ၊ H ဆိုတာက Hour ဆိုတဲ့ အချိန်ကို ရည်ညွှန်းပါတယ်။ ဥပမာ- 100Ah Battery ဆိုပါတော့။ သူ့မှာ လျပ်စီးကြောင်းကို တစ်နာရီအတွင်း ဆွဲထုတ်နိုင်တဲ့ ပမာဏက 100 Ampere ဖြစ်ပါတယ်။ 10Ampere လောက်ဘဲ ပုံမှန်ဆွဲထုတ်မယ်ဆိုရင် ၁၀နာရီကြာကြာခံနိုင်ရည်ရှိပါ့မယ်။ ဒီလိုလေးမှတ် ထားတာ လွယ်ပါလိမ့်မယ်။ ပုံ(၇) မှာ Battery ရဲ့ Capacity သတ်မှတ်ချက် နမူနာပြထားပါတယ်။
t = Capacity (Ah) / I (A)
100 Ah / 10 A = 10 hours
C-Rating
++++++++
၁၅။ Battery တစ်လုံးရဲ့ Specification ကို ကြည့်ရင် C-Rating ဆိုတဲ့ သတ်မှတ်ဖေါ်ပြချက်ကို တွေ့ရလေ့ရှိပါ တယ်။ Battery တစ်လုံးကို သုံးတော့မယ်ဆိုရင် ဒါကလည်း မဖြစ်မနေ သိထားရမယ် အချက်တစ်ချက်ပါ။ C-rating ဆိုတာက Battery တစ်လုံးရဲ့ Chaarge နဲ့ Discharge လုပ်နိုင်တဲ့ Current ပမာဏ သတ်မှတ်ချက်ကို သတ်မှတ်တာဖြစ်ပါတယ်။ Battery ရဲ့ Specification တွေမှာဆိုရင် 1C ၊ 2C ၊ 3C ၊ 5C ၊ 0.5C စသဖြင့် ပြလေ့ရှိပါတယ်။ ဒီ C-Rating ကို သိလိုက်တာနဲ့ အချိန်ဘယ်လောက်ကြာကြာ အားသွင်းရမယ်၊ Current ဘယ်လောက်နဲ့ အချိန်ဘယ်လောက်ကြာကြာထိ အသုံးပြုသင့်တယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကို အောက်မှာပြ ထားတဲ့ ညီမျှခြင်းလေး တစ်ခုနဲ့ တွက်ထုတ်နိုင်ပါတယ်။ ပုံ(၈) မှာ Battery ရဲ့ C-Rating သတ်မှတ်ချက် နမူနာပြထားပါတယ်။
t = 1 hC (Rated Capacity) / C-Rating(C)
= 1hC/ 1C = 1 hours
= 1hC/ 2C = 0.5 hours
= 1hC/ 0.5C = 2 hours
အကယ်၍များ Ah တန်ဖိုးတွေနဲ့ မပြခဲ့ဘဲ C-Rating နဲ့ ပြခဲ့ရင် အထက်မှာပြထားတဲ့အတိုင်းတွက် ထုတ်နိုင်ပါတယ်။ C-Rating က Battery Charging စနစ်ကို ဖေါ်ပြရာမှာ အများဆုံးသုံးလေ့ရှိပါတယ်။
Battery Size သတ်မှတ်ချက်များ
++++++++++++++++++++++++
၁၆။ ကိုယ်က Battery တစ်လုံးကို သုံးဖို့ဝယ်တော့မယ်ဆိုရင် ဆိုင်ကိုရောက်တော့ ပြောရလေ့ရှိတာက Size တန်ဖိုးသတ်မှတ်ချက်ကိုပါ။ Primary Battery ဖြစ်ဖြစ်၊ Secondary Battery ဖြစ်ဖြစ် Size သတ်မှတ်ချက်လေး တွေတူကြပါတယ်။ Size သတ်မှတ်ချက်လေးတွေက CR2032 (Buttom)၊ LR44(Buttom) ၊ A23 ၊ AAAA ၊ AAA ၊ AA ၊ C ၊ D ၊ 9V စသဖြင့် သတ်မှတ်လေ့ရှိပါ တယ်။ Size သတ်မှတ်ချက်ပုံလေးတွေကို ပုံ(၉) မှာ နမူနာပြသထားပါတယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေ
Cred.
ကိုသားငယ် ( BE,EC )
No comments:
Post a Comment