ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားဘက္ထီအကြောင်း.. ကားတစ်စီးမှာ ဘက်ထရီကလည်း အဓိက အရေးကြီးတဲ့အရာ တစ်ခုပါ။

ကားတစ်စီးမှာ ဘက်ထရီကလည်း အဓိက အရေးကြီးတဲ့အရာ တစ်ခုပါ။
🚨🚨🚨🚨🚨

🛠 ဘက်ထရီမကောင်းရင် ကားဆရာတွေ ဒုက္ခရောက်ပါတယ်။ ဘက်ထရီအမြဲ ကောင်းနေဖို့ အားအပြည့်ရှိနေဖို့၊ ထိန်းသိမ်းမှုတွေ လုပ်ရပါတယ်။ ကား မောင်းသွားနေရင်းကနေ တစ်ခါတလေ ဘက်ထရီ ချာဂျင်မဝင်တဲ့ ပြဿနာမျိုး ကြုံရတတ်ပါတယ်။ ကားဒက်ရှ်ဘုတ်မှာ ဘက်ထရီ icon ပုံကလေး မီးလင်းနေပြီ ဆိုရင်၊ ဘက်ထရီချာဂျင် မဝင်တော့ဘူး ဆိုတာ သတိပေးတာပါပဲ။

🎁 ဘက်ထရီတစ်လုံးမှာ သိုလှောင်ထားတဲ့ လျှပ်စစ်စွမ်းအင်ကို အကြာကြီးသုံးလို့ မရပါဘူး။ ချာဂျင်မရတော့တာနဲ့ ကားမီးတွေ၊ Air Con တွေ ချက်ချင်း ပိတ်ပစ်ဖို့ လိုပါတယ်။ ညပိုင်းကားမောင်းနေချိန်မှာ ချာဂျင်မဝင်တော့ရင် ကားဆက်မောင်းလို့ မရတော့ပါဘူး။ နေ့ပိုင်း ဖြစ်ရင်တော့ ဒိုင်နမို၊ မော်တာ၊ ဝါယာရိန်း ကားဝပ်ရှော့ ဆိုင် တစ်ခုခုကို ကားမောင်းသွားလို့ ရပါ သေးတယ်။
ဘက်ထရီချာဂျင် မဝင်တော့တဲ့ ပြဿနာ အကြောင်းရင်းကို ရှာနိုင်ဖို့ လောလောဆယ် မျက်မြင်စစ်ဆေးပါ။

🔘ကားကိုအန္တရာယ်ကင်းတဲ့ လမ်းဘေး တစ်နေရာမှာ ချရပ်ပါ။ စက်ဖုံးဖွင့်ပြီး စစ်ဆေးပါ။ ဒိုင်နမိုပန်ကာကြိုး ပြတ်ထွက်တာလား၊ ပန်ကာကြိုးချောင်ပြီး ပြုတ်ထွက်တာလား။ ဒိုင်နမို ဆော့ကတ်တွေ ချောင်နေသလား။ လွတ်နေသလား။ ဒိုင်နမို မိန်းကြိုးငုတ်မှာ ဖမ်းထားတဲ့ နတ်ခေါင်း ချောင်နေတာလား။ အပူလွန်ပြီး မိန်းကြိုး ပျက်ကျနေတာလား။ မျက်မြင်စစ်ဆေးပါ။ အလင်းရောင် မကောင်းရင်တော့ LED ဓါတ်မီးတစ်လက် လိုပါတယ်။ ဘက်ထရီကနေ ယာယီဝါယာသွယ်ပြီး မီးထွန်းတာမျိုး မလုပ်ပါနဲ့။ မီးအန္တရာယ် ရှိပါတယ်။

☉ အလွယ်တကူ မျက်မြင်စစ်ဆေးလို့ ရနိုင်တဲ့ ချွတ်ယွင်းအားနည်းချက် တစ်ခုခု တွေ့အောင်ရှာကြည့်ပါ။ ဘာမဟုတ်တဲ့ ပြဿနာ သေးသေးလေးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ပန်ကာကြိုးချောင်ပြီး ဒိုင်နမို မူလီက ခုန်ထွက်သွားတာမျိုး၊ ဒိုင်နမို ဆော့ကတ်ချောင်ပြီး လွတ်နေတာမျိုး၊ ဒိုင်နမိုပန်ကာကြိုး ပြတ်ထွက်တာမျိုး၊ ဒိုင်နမိုပန်ကာကြိုး ချောင်ပြီး ပြုတ်ကျ နေတာမျိုးပါ။ တစ်ခါတလေ ဒီလိုချွတ်ယွင်းချက် ကလေးတွေ ပြန်ပြင် လိုက်ရင်ပဲ ပြန်ကောင်း သွားတတ်ပါတယ်။
ဘက်ထရီခေါင်း ချောင်နေရင်လည်း ချာဂျင်မဝင် ဖြစ်တတ်ပါတယ်။

🚘 ကားဆိုတာမျိုးက အမြဲတမ်း ရွေ့လျား နေရတာဆိုတော့ အင်ဂျင်တုန်ခါမှုတွေ၊ လမ်းအဆောင့် ဒဏ်တွေကြောင့် ဘက်ထရီခေါင်း၊ ဘက်ထရီ ကြိုးတွေ ချောင်လာ တတ်ပါတယ်။ အထက်က ပြောခဲ့တဲ့ အားနည်းချက်တွေ တစ်ခုမှ ရှာမတွေ့ခဲ့ရင်တော့ ချာဂျင်မဝင်တာ၊ ဒိုင်နမိုထဲမှာ တစ်ခုခု ဖြစ်နေလို့ပါပဲ။ ကာဗွန် တိုနေတာလား။ ကွိုင်လောင်သွားတာလား။ ဒိုင်အုပ်တွေ မကောင်းတော့တာလား။ ကတ်တောက်၊ i.c မကောင်းတာ လား။ ရိုတာထဲက ကွိုင်ကြိုးပြတ် ထွက်တာလား။ ရိုတာထိပ်က ကြေးကွင်း တစ်ခြမ်းစား နေတာလား။ ဒိုင်နမို ချွတ်ယွင်းချက်တွေ ရှာဖွေဖို့၊ ပြင်ဆင်ဖို့၊ ဒိုင်နမိုဆားဗစ်ဆိုင်မှာ လုပ်ရမယ့် အပိုင်းပါ။ ဒိုင်နမိုဆိုတာ တစ်နှစ် တစ်ကြိမ်တော့ စစ်ဆေးဖို့၊ ဆားဗစ်စင် လုပ်ပေးဖို့လိုပါတယ်။

✡AC/DC ဒိုင်နမို ခေါ် Alternator ဟာ ချာဂျင် အားသွင်းစနစ်ရဲ့အဓိက မဏ္ဍိုင်ပါ။ ကားတစ်စီးလုံး အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ဒိုင်နမိုက ထုတ်လုပ် ပေးပါတယ်။ အင်ဂျင်မူလီနဲ့ ဒိုင်နမိုမူလီကို ပန်ကာကြိုး V-Belt နဲ့ ဆက်သွယ်ထား ပါတယ်။ အင်ဂျင်လည်အားကြောင့် ဒိုင်နမိုလည် ပြီး မီးထွက်တာပါ။ Alternator ကို AC/DC ဒိုင်နမိုလို့ပဲ အလွယ် ခေါ်ကြပါတယ်။

🔩ဒိုင်နမိုဆိုတာ စက်မှုစွမ်းအင်ကို အသုံးချပြီး လျှပ်စစ်စွမ်းအင်ထုတ် လုပ်ပေးတဲ့အရာပါ။ ဒိုင်နမိုက ထွက်လာတာ A.C လျှပ်စစ်ပါ။ ကားမှာ သုံးတာ D.C လျှပ်စစ်ပါ။ A.C ကို D.C ဖြစ်အောင် ဒိုင်အုပ်တွေက ပြောင်း ပေးပါတယ်။
ကားလေးတွေမှာ 12 volts သုံးပြီး၊ ကားကြီးတွေမှာ 24 volts သုံးပါတယ်။ မော်တာနဲ့ ဒိုင်နမိုကိုလည်း 12-V/24-V ဆိုပြီး ခွဲခြားပါတယ်။ ဒိုင်နမိုတစ်လုံး ထုတ်လုပ်တဲ့ ဗို့အားနဲ့ လျှပ်စီးကြောင်း အမ်ပီယာ (Amp:) ကို I.C ကတ်တောက်က ထိန်းချုပ်ပေးပါတယ်။ ဒိုင်နမိုက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ကားတစ်စီးလုံး လိုအပ်တဲ့ နေရာတိုင်းမှာ သုံးတဲ့အပြင် ဘက်ထရီအိုးထဲမှာလည်း သိုလှောင် ထိန်းသိမ်းထား ပါတယ်။

🕯ကားတစ်စီးမှာ ဘက်ထရီ မရှိမဖြစ် လိုအပ်ပါတယ်။ ဘက်ထရီ မကောင်းရင် မနက်ပိုင်း ကားစက်စနှိုးတဲ့ အချိန်မှာ ဒုက္ခပေးပါတယ်။ ချာဂျင်ကောင်းကောင်း မဝင်ရင် ဘက်ထရီအား မပြည့်ပါဘူး။ ဘက်ထရီအား မကောင်းရင် စက်နှိုးရ ခက်ပါတယ်။ ဘက်ထရီကောင်းမှ မော်တာလည်တာ အားရှိပါတယ်။ ဘက်ထရီဒေါင်းသွား လို့ ကားတွန်းနှိုးရတဲ့ ဒုက္ခ (အော်တိုမဟုတ်ပါက) ၊ ဘက်ထရီ ဆိုင်မှာ ဘက်ထရီအိုး သွားမှာရတဲ့ဒုက္ခ၊ ဒါမျိုးတွေက ကင်းဝေးအောင် ဒိုင်နမိုနဲ့ ဘက်ထရီကို ဂရုစိုက်ထိန်းသိမ်း ရပါတယ်။ ကားသမားဆိုတာ၊ ကားမောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ် မောင်းတဲ့ကားကို ဂရုစိုက်ထိန်းသိမ်း ရပါတယ်။

💡မနက်ပိုင်း ကားစက်နှိုးတဲ့အချိန်မှာ ဘက်ထရီအားမရှိရင် ဒါမှမဟုတ် မော်တာ လည်တာ နှေးလွန်းနေရင် ဘက်ထရီကို စစ်ဆေးရမယ်။ ချာဂျင် အဝင်ကောင်း၊ မကောင်းလည်း စစ်ဆေးရမယ်။
မော်တာလည်တာ အီနေရင် ကားမီးကြီး ဖွင့်ကြည့်ပါ။ မီးအလင်းရောင် ပြင်းအား ကျနေမယ်။ ကား ဟွန်းသံလည်း တိုးနေမယ် ဆိုရင်တော့ ဘက်ထရီ ဒေါင်းသွားတာ သေချာပါတယ်။ တကယ်လို့ မီးကြီးပြင်း အားကလည်း ကောင်းတယ်။ ဟွန်းသံကလည်း အကျယ်ကြီး မြည်တယ်။ ဝိုင်ဘာမော်တာ ဖွင့်ကြည့်တော့လည်း လည်နေတာ အားကောင်းတဲ့ အနေ အထားမျိုး ဖြစ်တယ်ဆိုရင်တော့ ဘက်ထရီထဲမှာ အားကောင်းကောင်း ရှိတယ် ဆိုတာသေချာပါတယ်။

⬇မော်တာအီနေပြီး၊ ဆွဲအား မကောင်းတဲ့ ပြဿနာကတော့ ဘက်ထရီကြောင့် မဟုတ်ပါဘူး။ စက်နှိုး မော်တာစနစ် မှာကို တစ်ခုခု မှားနေပါပြီ။ မော်တာ ကြေးစိတ်ခေါင်းတွေစားပြီး ကာဗွန် တိုနေတာလား။ ဆိုလီနွိုက် မကောင်းတာလား၊ ဘက်ထရီခေါင်းတွေ၊ ဘက်ထရီကေဘယ် ကြိုးအဆက်တွေ ချောင်ပြီး လွတ်နေတာလား။ မော်တာမှာ ချွတ်ယွင်း အားနည်းချက်တွေ သိရအောင် မော်တာဖြုတ်ဆေး ကြည့်ပါ။ ဆားဗစ်စင် လုပ်ပါ။
ဘက်ထရီ အခြေအနေကို ဒစ်ဂျစ်တယ် မီတာနဲ့ ထောက်တိုင်းကြည့်ပါ။

📟 ဗို့အားပမာဏ (12.66V) ရှိနေရင် ဘက်ထရီ အားပြည့်ပါတယ်။ (12.45V) ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းလောက်ပဲ အားရှိတယ်။ (12.24V) မှာ ဖြစ်နေရင် တော့ ဘက်ထရီထဲမှာ သိုလှောင်အား ထက်ဝက်ပဲ ကျန်ပါတော့တယ်။ ဘက်ထရီဆိုင်ပို့ပြီး အားပြန်သွင်းပါ။ မိုးရေအက်ဆစ်ပါဝါနဲ့ Level ကို စစ်ဆေးပါ။ အားအပြည့်ရှိတဲ့ ဘက်ထရီတစ်လုံးရဲ့ အက်စစ်ပြင်းအားဟာ ဒီဂရီ (1.265) ရှိရပါတယ်။ အားကောင်းတဲ့ ဘက်ထရီနဲ့ စက်နှိုးမော်တာ ကိုဆွဲရင် မော်တာဆွဲအား ကောင်းပါတယ်။ ''ဒေါက်-ဝူး'' တစ်ချက်တည်း နဲ့ကို စက်နိုးနိုင်ပါတယ်။

💥 ကားဘက်ထရီတစ်လုံးရဲ့ အဓိက တာဝန်ကတော့ အားသွင်းစနစ်မှာ ဝါယာရိန်းစနစ်တွေမှာ တည်ငြိမ်တဲ့ ဗို့အား ရှိနေစေဖို့နဲ့ ဒိုင်နမိုချာဂျင် မသွင်းတဲ့ အခြေအနေ (စက်ရပ်ထားခြင်း) မှာ သိုလှောင် ထိန်းသိမ်းထားတဲ့ လျှပ်စစ် စွမ်းအားတွေကို လိုအပ်သလို ထုတ်ပေးနိုင်ဖို့ပဲ ဖြစ်တယ်။

📌 ဘက်ထရီတစ်လုံးရဲ့သက်တမ်းဟာ ၂ နှစ်ကနေ ၄နှစ်လောက်အထိ ရှိတတ်ပါတယ်။ ချာဂျင်အားသွင်း စနစ်ကောင်းပြီး ဘက်ထရီကို ထိန်းသိမ်းနိုင်ရင်တော့ ကြာကြာအသုံးခံပါတယ်။
📌 ဘက်ထရီငုတ်တွေ၊ ဘက်ထရီခေါင်းတွေ၊ အမြဲသန့်ရှင်းအောင်ထားပါ။ အက်ဆစ်ရည်နဲ့တွေ့ပြီး ဆားပေါက် တတ်ပါတယ်။ ဘက်ထရီ ဆားပေါက်ရင် ဆော်ဒါရည်နဲ့ဆေးပေးပါ။
📌 ဘက်ထရီကေဘယ်ကြိုး အဆက်တွေ၊ ဘက်ထရီခေါင်းတွေတင်း ကျပ်နေပါစေ။
📌 ဘက်ထရီမိုးရေအက်ဆစ် Level မကြာခဏ စစ်ဆေးပါ။ အက်ဆစ် အရည် ခမ်းသွားလျှင် မိုးရေရောပါ။
📌 ဘက်ထရီအိုးကွဲအက်ခြင်း၊ အက်ဆစ် ယိုစိမ့်နေတာတွေ ရှိ၊ မရှိ စစ်ဆေးပါ။
📌 ဘက်ထရီချာဂျင်သွင်းတာ မှန်ပါစေ။ ချာဂျင်အမ်ပီယာ များလွန်းရင် ဘက်ထရီအိုး ပွက်ပွက်ဆူလာ တတ်ပါ တယ်။ ဘက်ထရီအိုးချာဂျင် ဗို့အား က (13.8V) ကနေ (14.3V) လောက်ပဲ ရှိသင့်တယ်။
📌 နောက်ဆုံးကားသိမ်းလျှင် ကားမီးများ၊ ခလုတ်များ အားလုံးကို ပိတ်ပြီးမှ ကားတံခါးကို Lock ချပါ။
📌 ဘက်ထရီအိုးကို ဖမ်းထိန်းထားတဲ့ ဘရတ်ကတ်တွေ၊ နတ်ခေါင်းတွေ တင်းကျပ်နေဖို့ လိုပါတယ်။
📌 12V ဘက်ထရီတစ်လုံးမှာ cell အခန်းပေါင်း ၆ ခန်းပါရှိပါတယ်။ အက်ဆစ်ပြင်းအား သိပ်သည်းဆကို တစ်ခန်းချင်း တိုင်းကြည့်ပါ။ cell အခန်း အားလုံး အက်ဆစ်ပြင်းအား တူညီနေဖို့ လိုပါတယ်။ အက်ဆစ် Level လည်း တူညီဖို့ လိုပါတယ်။
📌 ဘက်ထရီအိုးမှာ အက်ဆစ်ရည်တွေ ခန်းခြောက်ပြီး ပလိပ်ပြားတွေ ပေါ်လာတဲ့ အထိ မသုံးပါနဲ့။ အက်ဆစ်ခန်းခြောက်သွားရင် ဘက်ထရီ မိုးရေကိုပဲ ထပ်ဖြည့်ပေးပါ။ ရေသန့်ဘူးထဲက ရေလောင်းထည့်ပေး လို့ မရပါ။ ဘက်ထရီငုတ်နဲ့ ဘက်ထရီခေါင်းကြားမှာ ဆားပွင့် တတ်ပါတယ်။ ဆားပွင့်ရင် ရေနွေးပူပူနဲ့ လောင်းပြီး ဘရတ်နဲ့ ပွတ်တိုက် ဆေးကြောပေးပါ။ ဘက်ထရီကေဘယ် ကြိုးထိပ်က Cable Lug ခေါင်းတွေ ချောင်နေ တတ်ပါတယ်။ စစ်ဆေးပြီး တင်းကျပ်ပေးပါ။
📌 ဘက်ထရီ Earth ကြိုးက အင်ဂျင် ဘလောက်မှာ တစ်ချောင်း၊ ကား ဘော်ဒီ၊ ဖရိန်မှာ တစ်ချောင်းရှိတတ် ပါတယ်။ Earth ကြိုး ချောင်နေရင်လည်း တစ်ချက်တစ်ချက် ကြိုးလွတ်သွားတတ် ပါတယ်။
📌 ပြုပြင်ထိန်းသိမ်းစရာမလိုတဲ့ Maintenance Free Battery တောင် ဘက်ထရီခေါင်းတွေ၊ ဘက်ထရီ ကေဘယ် ကြိုးတွေ၊ စစ်ဆေးတင်းကျပ် ဖို့လိုပါတယ်။

🎁ကားဘက်ထရီတစ်လုံးဟာ ဒိုင်နမို ချာဂျင် အားသွင်းတာလည်း မှန်မယ်။ ပုံမှန်လည်း ထိန်းသိမ်းတာ ဂရုစိုက် စစ်ဆေးတာတွေ လုပ်ပေးမယ် ဆိုရင် ဘက်ထရီ ဒုက္ခကင်းဝေး ပါလိမ့်မယ်။
🚘🚘🚘🚘🚘

C/O credit
ကားချစ်သူ
Credit》》
# ခရူဇာ(Auto-Trade)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html