ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မော်တော်ယာဉ်တွေမှာ အသုံးများတဲ့ ဆင်ဆာ ၃ ခုရဲ့ အကြောင်း

ဆင်ဆာတွေအကြောင်း
မော်တော်ယာဉ်တွေမှာ အသုံးများတဲ့ ဆင်ဆာ ၃ ခုရဲ့ အကြောင်းကို ဒီပို့စ်မှာ ဖော်ပြပေးသွားမှာပါ။ ဖော်ပြတဲ့အခါ ဆင်ဆာတွေရဲ့ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ အသုံးပြုပုံ စသဖြင့် ဖော်ပြပေးသွားပါမယ်။

၁။ Thermistors
မော်တော်ယာဉ်တွေအတွက် အသုံးများတဲ့ ဆင်ဆာတွေထဲက တစ်ခုပါ။ ဟိုးပဝေသဏီခေတ်ကတည်းက သုံးလာတဲ့ ဆင်ဆာလည်းဖြစ်ပါတယ်။ Thermistors တွေဟာ Semiconductors ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ Thermistors တွေရဲ့ Electrons တွေဟာ မြင့်မားတဲ့ အပူချိန်မှာ လွယ်ကူစွာ ရွေ့လျားနိုင်ကြတယ်။ ဒီလိုရွေ့လျားမှုကြောင့် အပူချိန်မြင့်လာလေ Thermistors တွေရဲ့ ခုခံအား Resistance နည်းလာလေဖြစ်ပါတယ်။ ဒီဂုဏ်သတ္တိကြောင့် မော်တော်ယာဉ်တွေမှာ အပူချိန်ကို တိုင်းတာဖို့အတွက် Thermistors တွေကို အသုံးပြုပါတယ်။ အပူချိန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ Thermistor Resistance ပြောင်းလဲမှုကို တိုင်းတာရင်း အပူချိန်ကို သိရှိနိုင်ပါတယ်။ ကားအင်ဂျင်ရဲ့ အပူချိန်ကို တိုင်းတာဖို့ ကားအင်ဂျင်ကို အအေးခံတဲ့ Coolant ရဲ့ အပူချိန်ကို တိုင်းတာတဲ့အခါ Thermistor ကို အသုံးပြုပါတယ်။ မော်တော်ကားမှာ အသုံးပြုတဲ့ Thermistors အများစုက NTC (negative temperature coefficient) အမျိုးအစားဖြစ်ပါတယ်။ ပူလာရင် Resistance နည်းလာတဲ့ သဘောတရားပါ။ Thermistor ကောင်းမကောင်းသိချင်ရင် သူ့ရဲ့ ငုတ် ၂ ခုကို Multimeter နဲ့ ထောက်ပြီး Resistance (ohm) ပမာဏကို တိုင်းတာပြီး အဖြေရှာနိုင်ပါတယ်။ အပူချိန်များလာရင် Thermistor ရဲ့ Resistance နည်းသွားရမှာဖြစ်ပြီး အပူချိန်နည်းလာရင်တော့ Thermistor ရဲ့ Resistance များလာရမှာဖြစ်ပါတယ်။ Thermistor ကို Engine coolant temperature sensor, Intake air temperature sensor, Ambient temperature sensor စသဖြင့် အပူချိန်တိုင်းတဲ့ နေရာများမှာ အသုံးပြုပါတယ်။

၂။ Inductive Sensors
ဒီ ဆင်ဆာ အမျိုးအစားကလည်း Thermistor တွေလိုပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက အသုံးများတဲ့ ဆင်ဆာတစ်ခုပါ။ Electrical Induction ဆိုတဲ့ သဘောတရားပေါ်မှာအခြေခံထားတဲ့ ဒီဆင်ဆာတွေကို တစ်စုံတစ်ခုရဲ့ လည်နေတဲ့ အလျင်ပမာဏ (သို့) တစ်စုံတစ်ခုရဲ့ တည်နေရာကို တိုင်းတာဖို့ အသုံးပြုပါတယ်။ သံလိုက်စက်ကွင်းကို အသုံးချတဲ့ ဆင်ဆာတွေဖြစ်လို့ ဆင်ဆာမှာ သံလိုက်ပါတယ်။ ပြီးရင် သံလိုက်အားပြောင်းလဲမှုဖြစ်စေဖို့ လျှပ်ကူးတဲ့ ပစ္စည်း တစ်ခုခုကို လည်ပတ်နေတဲ့ အရာဝတ္ထုမှာတပ်ထားတယ်။ ပြီးရင် သံလိုက်ပါတဲ့ ဆင်ဆာနဲ့ လျှပ်ကူးပစ္စည်း ကို နီးကပ်အောင် တေ့ထားပေးပါတယ်။ ဒီတော့ လည်ပတ်နေတဲ့ အရာဝတ္ထုမှာ တပ်ထားတဲ့ လျှပ်ကူးပစ္စည်းက လိုက်လည်ရင် ဆင်ဆာက သံလိုက်မှာ Magnetic Flux ပေါ်သွားလိုက်ပျောက်သွားလိုက် ဖြစ်ပါတယ်။ ဒီလိုဖြစ်ပေါ်နေတဲ့ လှိုင်းပုံစံမှတဆင့် အရာဝတ္ထုရဲ့ အလျင်ကို တိုင်းတာပါတယ်။ Inductive Sensor အများစုရဲ့ ဗို့အားပြောင်းလဲမှု လှိုင်းပုံစံဟာ Sine Wave ပုံစံဖြစ်နေပါတယ်။ Crankshaft Speed Sensor, ABS Wheel Speed Sensor, Camshaft Position Sensor စတဲ့ ဆင်ဆာတွေဟာ Inductive Sensors တွေပါ။ ဒီဆင်ဆာတွေကို စစ်ဆေးချင်ရင် AC Voltmeter ကို အသုံးပြုနိုင်ပါတယ်။ ဥပမာ - Crankshaft Speed Sensor ရဲ့ ဗို့အားအထွက်နေရာမှာ AC Voltmeter ရဲ့ ငုတ်တွေထောက်ထား၊ ပြီးရင် စက်နှိုးလိုက်။ ဒါဆို AC Voltmeter မှာ Sine Wave ပေါ်နေရမယ်။

၃။ Variable Resistance
ဒီပစ္စည်းကတော့ အရမ်းကို ရှေးကျတဲ့ လျှပ်စစ်ပစ္စည်းတစ်ခုပေါ့။ ရေဒီယိုတွေ၊ ကတ်ဆက်တွေ၊ တီဗီ၊ ရေခဲသေတ္တာ စသဖြင့် နေရာတိုင်းလိုလိုမှာကို ပါတယ်။ ဒီပစ္စည်းကို မော်တော်ယာဉ်တွေမှာ အဓိကထားအသုံးပြုတဲ့ နေရာ ၂ ခုရှိတယ်။ မော်ဒယ်ဟောင်းတွေမှာ သုံးတဲ့ Throttle Position Sensor နဲ့ Air Flow Sensor တွေဟာ Variable Resistance တွေပါ။ ဟောင်းပေမယ့် ကောင်းတယ်လို့ပြောရလောက်အောင် အရမ်းကို အသုံးဝင်တဲ့ ဆင်ဆာတွေပါ။ ဒီဆင်ဆာတွေမှာ အသုံးပြုတဲ့ ပစ္စည်းက Ceramic ပစ္စည်းကို အလွန်မြင့်မားတဲ့ အပူချိန်မှာ လောင်ကျွမ်းစေပြီးမှ ထွက်လာတဲ့ Ceramic Metal Mixture ပါ။ Resistance ဟာ ပုံသေမရှိပဲ အမြဲပြောင်းလဲတဲ့ သဘောတရားကို ယူပြီး ဆင်ဆာအနေနဲ့ အသုံးပြုခြင်းဖြစ်ပါတယ်။ ဒီဆင်ဆာကို အရာဝတ္ထုတစ်ခုမှာတပ်ထားပြီး ပုံသေဗို့အားတစ်ခုပေးထားတယ်။ ဆင်ဆာရဲ့ ခုခံအားပြောင်းလဲတဲ့အခါ ဗို့အားလည်း လိုက်ပြောင်းတယ်။ ဒီလို ဗို့အားပြောင်းလဲမှုကနေတဆင့် အရာဝတ္ထုတစ်ခုရဲ့ အနေအထားကို သိရှိနိုင်ပါတယ်။ ဥပမာ - Air Flow Sensor ဆိုပါတော့။ Vane Type Air Flow Meter တွေဟာ Variable Resistance အမျိုးအစား ဆင်ဆာကို အသုံးပြုကြတယ်။ အင်ဂျင်ထဲဝင်မယ့်လေဟာ Vane Type Air Flow Meter ရဲ့ Vane (လေတံခါး) ကို သွားထိတယ်။ ဒီတော့လေအားနဲ့ လေတံခါးကပွင့်လာတယ်။ လေတံခါးပွင့်လာတာနဲ့အမျှ အတွင်းမှာ ထည့်ထားတဲ့ Variable Resistance ရဲ့ ခုခံအားပြောင်းလဲတယ်။ ဒီတော့ Air Flow Sensor ကို ပုံသေပေးထားတဲ့ ဗို့အား (Variable Resistance ကို ဖြတ်ပြီးစီးနေတယ်။ အများအားဖြင့် 5 Volt ရှိတယ်) က လိုက်ပြောင်းတယ်။ လေအ၀င်ပမာဏများရင် ခုခံအားပိုပြီးပြောင်းလဲမှာဖြစ်လို့ ဗို့အား ပိုနည်းမယ်။ လေအ၀င်နည်းရင်တော့ ခုခံအားသိပ်မပြောင်းလဲလို့ ဗို့အားက သိပ်မနည်းဘူးပေါ့။ Variable Resistance ကို အခြေခံအသုံးပြုတဲ့ ဆင်ဆာတွေကို စစ်ဆေးချင်ရင် Multimeter ရဲ့ DC Voltmeter အပိုင်းကို အသုံးပြုပြီးစစ်ဆေးနိုင်တယ်။ ဥပမာ - Air Flow Sensor ဆိုပါတော့။ Multimeter ကို ဆင်ဆာနဲ့ ချိတ်ဆက်ပြီး IG On မယ်၊ လေတံခါးကို လက်နဲ့ ရွှေ့ပေးရမယ်။ ဒါဆို Multimeter ရဲ့ DC Volt အားဟာ ပြောင်းလဲနေရမယ်။ မပြောင်းလဲရင် ဆင်ဆာ မကောင်းတော့ဘူးပေါ့။

နောက်ပို့စ်တွေမှာလည်း အလျဉ်းသင့်သလို ဆင်ဆာတွေ အကြောင်း အသေးစိတ် ရေးပါမယ်။
ကျေးဇူးတင်ပါတယ်။ 

Credit..
MV-TECH

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html