ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

တော်လှန်ရေးသမား အကဲဖြတ်ချက်

“တော်လှန်ရေးသမား အကဲဖြတ်ချက်”

၁။ တော်လှန်ရေးဆိုတာ

တော်လှန်ရေးဆိုတာ ဟောင်းမြင်းဆွေးမြေ့နေတဲ့ အဘိဓမ္မာ၊ နိုင်ငံရေးအတွေးအမြင်၊ စီးပွားရေးစနစ်၊ ယဉ်ကျေးမှုစနစ် တွေကို အရင်းအမြစ်ကျကျ ဖျက်ဆီးချေမှုန်းပစ်တာဟာ တော်လှန်ရေးပဲ။ တနည်းပြောရင် အဟောင်းကိုဖျက်သိမ်းပြီး အသစ်နဲ့ အစားထိုးတာဟာ တော်လှန်ရေးပါပဲ။
လူသားတို့ရဲ့ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်မှာ အဟောင်းအခြေအနေတွေကို ဖျက်ဆီးပြီး အသစ်အခြေအနေတွေကို တည် ဆောက်ခဲ့တဲ့ အစဉ်သာမဟုတ်လား။
လူသားတွေ တိရစ္စာန်လောကကခွဲထွက်ကာ လူသားပီပီပြင်ပြင်ဖြစ်လာချိန်ကစပြီး လူမှုဆက်ဆံရေးစနစ်တွေရှိတဲ့ လောကထဲကို ၀င်ရောက်ခဲ့ရတာပဲဖြစ်တယ်။ လူသားတွေဟာ မိမိတို့စားဝတ်နေရေးအတွက် ဘယ်လို လူသားချင်းဆက်ဆံ ရမလဲ၊ ဘယ်လို ကုန်ပစ္စည်းထုတ်လုပ်မှုနည်းတွေ ကျင့်သုံးရသလဲဆိုတာ မရှောင်မလွဲသာ လုပ်ဆောင်ခဲ့ကြရတာပဲဖြစ်တယ်။
ကမ္ဘာဦးလူသားခေတ်ကဆို ကုန်ထုတ်လုပ်ရေးကရိယာတန်ဆာပလာဖြစ်တဲ့ သဘာဝကျောက်လက်နက်တွေ ဖန်တီးခဲ့ ကြတယ်။ အဲဒီလက်နက်တွေကို စုပေါင်းပိုင်ဆိုင်ကြတယ်။ ရှေးဟောင်းကျောက်ဂူကြီးတွေထဲ စုပေါင်းနေထိုင်ကြတယ်။ ရှာဖွေ ရရှိလာတဲ့ သစ်ဥသစ်ဖု၊ အမဲသားငါးတွေ စုပေါင်းခွဲဝေစားသောက်ကြတယ်။ လူလူချင်းဆက်ဆံရေးဟာ တန်းတူရည်တူ ရဲဘော်သဖွယ်ဆက်ဆံကြတယ်။ ဒါကမ္ဘာဦးက ကုန်ထုတ်ဆက်ဆံရေးစံနစ်ကပေါက်ဖွားတဲ့ လူသားချင်းဆက်ဆံရေးပဲ။
လူသားတို့က ကုန်ထုတ်ကရိယာတွေကို ပိုမိုကောင်းမွန်အောင် ထုတ်လုပ်လာတယ်။ ကျောက်ခဲထက်ပိုကောင်းတဲ့ သတ္တုကရိယာတန်ဆာပလာတွေ လုပ်လာတယ်။ လေးမြှား၊ ငါးမျှားတံ၊ လှီးဖြတ်တဲ့ဓားလှံတွေ ထုတ်လုပ်လာတယ်။ မီးဆိုတဲ့ စွမ်းအင်ကို အသုံးချတတ်လာတယ်။ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေ တစတစ တွေ့ရှိလာတယ်။ ဒီမှာတင် လူသားတွေဟာ လူရိုင်းဘ၀က လူယဉ်ဘ၀ကို တစတစ တိုးတက်ကူးပြောင်းလာတယ်။
ပုဂ္ဂလိကပိုင်ဆိုင်မှုစံနစ် ထွန်းကားလာတော့ လူမှုဆက်ဆံရေး (၀ါ) ကုန်ထုတ်ဆက်ဆံရေးမှာလည်း ပုဂ္ဂလိကဆက်ဆံ ရေးတွေ လွှမ်းမိုးလာတယ်။ လူတန်းစား ကွဲလာတယ်။ အုပ်စိုးသူအကြီးအကဲဆိုတာ ပေါ်လာတယ်။ အုပ်ချုပ်ခံ လူသားအစုဝေးလဲ ပေါ်လာတယ်။ အုပ်ချုပ်ခံတွေက အလုပ်လုပ်ရပြီး အုပ်ချုပ်သူတွေက အလုပ်မလုပ်ရဘဲ အုပ်ချုပ်ခံတွေဆီက အခွန်အခသဘော ဆောင်တဲ့ ခွဲတမ်းတွေ ယူလာတယ်။ အုပ်ချုပ်သူတွေက အုပ်ချုပ်ခံတွေလိုက်နာရမယ့် စည်းမျဉ်းဥပဒေဆိုတာတွေ ရေးဆွဲ ပြဌာန်းလာတယ်။ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားက စည်းမျဉ်းမဲ့အုပ်ချုပ်တဲ့ အာဏာရှင်စံနစ်တွေလည်း ပေါ်ထွန်းလာခဲ့တယ်။
အုပ်ချုပ်သူလူတန်းစားရဲ့ ထင်ရှားတဲ့အုပ်ချုပ်ရေးကိရိယာတွေကတော့ ဘုရင်မင်းတရားနဲ့ မှူးကြီးမတ်ရာ မင်းညီမင်း သား၊ ဆွေတော်မျိုးတော်တွေ၊ စစ်တပ်၊ တရားဥပဒေ၊ အကျဉ်းထောင်၊ ဖိနှိပ်ရေးလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်တယ်။ ပါးကွက် အာဏာသားလည်း ပါတယ်။
ဒီပုဂ္ဂလိကပိုင် စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှု၊ အတွေးအခေါ်ဆိုတာကို လူ့သမိုင်းမှာ ကျေးပိုင်ကျွန် ပိုင်ရှင်စနစ်၊ ပဒေသရာဇ်မြေရှင်စနစ်နဲ့ အရင်းရှင်စနစ်ခေတ်ကာလများမှာ တွေ့မြင်နိုင်တယ်။
အဲဒီ လူတန်းစားပေါ်ထွန်းတဲ့ ခေတ်ကာလမှာ တူညီချက်က လူတစုဟာ လူများစုအပေါ် စီးပွားရေးအရ သွေးစုပ် ချယ်လှယ်တယ်။ အုပ်ချုပ်ရေးမှာ ဖိနှိပ်သူနဲ့အဖိနှိပ်ခံ ကွဲပြားတယ်။ ဂုဏ်ဒြပ်ရှိပြီးချမ်းသာသူနဲ့ ဆင်းရဲသားဂုဏ်ဒြပ်မဲ့ ကွဲပြားတယ်။ ပညာတတ်နဲ့ပညာမဲ့ ကွဲပြားတည်ရှိတယ်။ မြို့ပြနဲ့ကျေးလက် ကွဲပြားနေထိုင်ရတယ်။
ယဉ်ကျေးမှုအရ သွေးစုပ်သူ၊အုပ်ချုပ်သူလူတန်းစားဘက်က အကာအကွယ်ပေးတဲ့ အဘိဓမ္မာတွေ၊ ဘာသာရေးတွေ၊ အကျင့်စရိုက်တွေ၊ ဓလေ့ထုံးတမ်းတွေဆိုတာ လွမ်းမိုးတယ်။ ချုပ်ပြောရင် အတွေးအခေါ်ဟောင်း၊ ယဉ်ကျေးမှုဟောင်း ဓလေ့စရိုက်ဟောင်း၊ အယူအဆဟောင်းတိုင်းပဲ ဖြစ်တယ်။
အားလုံးကိုပေါင်းချုပ်ကြည့်ရင် တော်လှန်ရေးသမားဆိုတာ လူ့သမိုင်းမှာဖြစ်တည်ခဲ့တဲ့ သွေးစုပ်သူလူတန်းစားအားလုံးရဲ့ စီးပွားရေးစံနစ်ဟောင်း၊ နိုင်ငံရေးစံနစ်ဟောင်းနဲ့ ယဉ်ကျေးမှုစံနစ်ဟောင်းအားလုံးကို ပယ်လှန်ပြီး စီးပွားရေးသစ်၊ နိုင်ငံရေးသစ်၊ ယဉ်ကျေးမှုသစ်ကို တည်ဆောက်သူဖြစ်တယ်။ ဒီနေရာမှာ သတိပြုစရာအဖြစ် ဖော်ပြချင်တာက အကျင့်ပျက်စရိုက်တွေဖြစ်တဲ့ အရက်သောက်၊ မူးယစ်ဆေးသုံး၊ လောင်းကစား၊ အပျော်အပါးလိုက်စား၊ လူထုလိုက်နာတဲ့ ကိုယ့်ကျင့်သီလ ပျက်စီးမှုတို့ဟာ ယဉ်ကျေးမှုဟောင်းကို လက်ခံကျင့်သုံးတဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။
၂။ တော်လှန်ရေးသမားဆိုတာ
အထက်မှာဆွေးနွေးခဲ့တဲ့ အဟောင်းအားလုံးကို  ပြောင်းလဲနိုင်စွမ်းရှိသူ၊ အဖွဲ့အစည်းနဲ့ ပါတီဟာ တော်လှန်ရေးသမား၊ တော်လှန်ရေးအဖွဲ့အစည်း၊ တော်လှန်ရေးပါတီဖြစ်တယ်။ ဒါကိုဆောက်ရွက်ရမယ်လို့ ကြေညာဆုံးဖြတ်ထားတဲ့ ပါတီ၊ အဖွဲ့အစည်း နဲ့ သဘောတရားကတော့ မာ့က်(စ)၀ါဒမှ စီးဆင်းလာတာ ဖြစ်တယ်။ ဒီပါတီမျိုးကို ပစ္စည်းမဲ့ပါတီ၊ ကွန်မြူနစ်ပါတီလို့ခေါ်ပြီး အဲဒီပါတီဝင်တွေကို ကွန်မြူနစ်လို့ ခေါ်တယ်။ တခြားအခေါ်အဝေါ်တွေရှိပေမဲ့ အဲဒီမာ့က်(စ)၀ါဒကိုခံယူတဲ့ ပုဂ္ဂိုလ်၊အဖွဲ့အစည်း၊ လုပ်ငန်းတွေကို တော်လှန်ရေးဝိသေသတပ်ပြီး ခေါ်ဝေါ်လို့ရပါတယ်။
လူ့သမိုင်းဖြစ်စဉ်မှာ တော်လှန်ရေးအဆင့်ဆင့် ရှိနေတယ်။ ပထမ ကျေးပိုင်ကျွန်ပိုင်ရှင်စံနစ်ကို တော်လှန်ပြောင်းလဲ သူများလည်း တော်လှန်ရေးသမားပါပဲ။ ပဒေသရာဇ်မြေရှင်စံနစ်ကို တော်လှန်ပြောင်းလဲသူတွေလည်း တော်လှန်ရေးသမားတွေ ပါပဲ။ သူတို့ကို ဓနရှင်တော်လှန်ရေးသမားလို့ ဆိုကြတယ်။ အရင်းရှင်စံနစ်၊ဓနရှင်စံနစ်ကို တော်လှန်ပြောင်းလဲလိုတဲ့ မာက့်(စ်)၀ါဒ သမား ကွန်မြူနစ်တွေလည်း တော်လှန်ရေးသမားတွေပါပဲ။ သို့သော်လည်း တော်လှန်ရေးစနစ်အမျိုးအစား ကွာသလို တော်လှန်ရေးသမားဖြစ်တာချင်းလည်း ခြားနားတာ သတိပြုရမယ်ထင်ပါတယ်။
၃။ ဗမာပြည် တော်လှန်ရေးအမျိုးအစားများ
ရှစ်လေးလုံး သွေးချောင်းစီးလူထုတော်လှန်ရေးကြီးကြောင့် စစ်အာဏာရှင်စနစ် အတိုင်းအတာတခုအထိ နောက်ဆုတ် ပေးခဲ့ရတယ်။ သို့သော် စစ်တပ်ဆိုတဲ့ ခြေကုတ်စခန်းမှာတော့ စစ်အာဏာရှင်စံနစ် အခြေခိုင်တပ်စွဲထားဆဲဖြစ်တယ်။ မည်သို့ပင် ဖြစ်စေ၊ တစုံတရာနောက်ဆုတ်ရမှုကြောင့် လူထုတွင်းဆူပွက်နေတဲ့ ဒုက္ခသုက္ခတွေဟာ သဏ္ဍာန်မျိုးစုံဆောင်တဲ့ တိုက်ပွဲတွေမှာ ပေါ်ထွက်လာတယ်။ လူထုလှုပ်ရှားမှု၊သဏ္ဍာန်၊ လက်နက်ကိုင်တိုက်ပွဲသဏ္ဍန်၊ တရားရုံးစစ်မျက်နှာ၊ မီဒီယာစစ်မျက်နှာ၊ စာပေ အနုပညာနယ်ပယ်နဲ့ တဥိးချင်းတိုက်ပွဲသဏ္ဍန်စသည်ဖြင့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူထုအလွှာအသီးသီးနဲ့ တိုင်းရင်းသားများက တရူမနား တိုက်ပွဲဝင်လာကြတယ်။
ဒီတိုက်ပွဲစဉ်ကို လွတ်လပ်ရေးခေတ်ဦးက စရေတွက်ရင် နှစ်(၇၀)နီးပါး ရှိပြီဖြစ်တယ်။ ဒီတိုက်ပွဲတွေကို စုစည်းခွဲခြမ်း ကြည့် ရင် နှစ်မျိုးနှစ်စားရှိတယ်လို့ ဆိုနိုင်တယ်။
(က) လူထုတွေရဲ့ ဘ၀တိုက်ပွဲတွေ- အလုပ်သမားတွေရဲ့ အလုပ်သမားဘ၀သက်သာချောင်ချိရေး လှုပ်ရှားမှုတွေ၊ လယ်သမားတွေရဲ့ လယ်သမားဘ၀သက်သာချောင်ချိရေး လှုပ်ရှားမှုတွေ၊ ကျောင်းသားတွေရဲ့ ပညာသင်ကြားရေးဘ၀ ဖွံ့ဖြိုးတိုး တက်ရေး လှုပ်ရှားမှုတွေ၊ အလားတူပဲ ကုန်သည်ပွဲစား၊ ဈေးသည်၊ ဆိုက်ကားသမား၊ ပညာတတ်အလွာနဲ့ လုပ်ကိုင်စားသောက် သူတွေရဲ့ ဘ၀အသီးသီးတိုးတက်ရေး လှုပ်ရှားမှုတွေ၊ တရားရုံး၊တရားဥပဒေဆိုင်ရာလုပ်ငန်းများ တရားမျှတမှုရှိရေး လှုပ်ရှားမှုတွေ စသဖြင့် လှုပ်ရှားတိုက်ပွဲဝင်နေကြခြင်းဟာ မိမိဘ၀ ကိုယ်စီ ချောင်ချိရေးလှုပ်ရှားမှုတွေ ဖြစ်တယ်။ အခြေခံကျတဲ့ လူထုတွေရဲ့ ဘ၀တိုက်ပွဲတွေ ဖြစ်တယ်။
(ခ) ဒီမိုကရေစီလွတ်လပ်ခွင့်တိုက်ပွဲ- လူထုဘ၀ခံစားချက်များ၊ လွတ်လပ်စွာဖော်ထုတ်ရေးအတွက် ဥပဒေကြောင်းအရ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒပြခွင့်၊ ရေးသားထုတ်ဝေခွင့်၊ သပိတ်မှောက်ခွင့်၊ လွတ်လပ်စွာ ဘာသာတရားကိုးကွယ် ခွင့် စတဲ့ အခြေခံဒီမိုကရေစီအခွင့်အရေးများ ရရှိရပါမယ်။ ဒီအခွင့်အရေးမရှိရင် စစ်အာဏာရှင်စံနစ်နဲ့ ဖက်ဆစ်စံနစ်တို့ လွမ်းမိုးခံ ရပြီဆိုတဲ့အဓိပ္ပာယ် ထွက်ပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ပျက်သုဉ်းပြီး အကြမ်းဖက်လက်နက်ကိုင် တော်လှန်တဲ့ တရားသောစစ်ဆင်နွဲရမယ့်ဘက် ဦးတည်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဘ၀တိုက်ပွဲတွေ လွပ်လပ်စွာဖော်ထုတ်နိုင်ခွင့်အတွက် အစိုးရများက ပြည်သူလူထုကို ဒီမိုကရေစီအခွင့်အရေး ပေးရပါမယ်။ လုံလောက်အောင်မပေးတဲ့အတွက် ဒီမိုကရေစီအခွင့်အရေးရရှိရေးတိုက်ပွဲကို လူထုတွေက တောင်းဆိုရတာပါ။ ဒီအခွင့်အရေးရှိမှ ဘ၀တိုက်ပွဲတွေကို ငြိမ်းချမ်းစွာတောင်းဆိုလှုပ်ရှားခွင့် ရမှာဖြစ်ပါတယ်။ အမျိုးသားများလွတ်မြောက်ရေး တိုက်ပွဲဟာ ဒီမိုကရေစီရေးတိုက်ပွဲနဲ့ ဆက်စပ်နေပါတယ်။
(ဂ) အထက်(က)နဲ့(ခ)မှာဖော်ပြတဲ့ တိုက်ပွဲတွေဟာ လူထုတရပ်လုံး လုံးဝလွတ်မြောက်ရေးတိုက်ပွဲများတော့ မဟုတ်ပါ ဘူး။ လွတ်လပ်စွာလှုပ်ရှားခွင့်နဲ့ မိမိတို့ဘ၀ သက်သာချောင်ချိရေးအဆင့် တိုက်ပွဲများသာဖြစ်တယ်ဆိုတာ သတိမူရပါမယ်။
(ဃ) ဒီလိုတိုက်ပွဲနှစ်မျိုးဟာ ကမ္ဘာနဲ့ဗမာ့သမိုင်းမှာ အမြောက်အများရှိခဲ့တယ်။ ရှိဆဲလည်းဖြစ်တယ်။ နောင်လည်း ရှိနေနိုင်သေးတယ်။ ဘာကြောင့်ပါလဲ။ မာ့က်(စ)၀ါဒကညွှန်ပြသလို သွေးစုပ်ချယ်လှယ်မှုစံနစ်ဟောင်းသုံးမျိုးကို အပြီးအပိုင် အရင်းအမြစ်ကနေ တူးဖော်တိုက်ဖျက်တဲ့တော်လှန်ရေး မဆင်နွှဲနိုင်သရွေ့ မပြီးဆုံးနိုင်သေးဘူးဆိုတာ သဘောပေါက်ဖို့ လိုအပ်ပါ လိမ့်မယ်။
ဒါကြောင့် တော်လှန်ရေးလို့ပြောတဲ့အခါ ၁။ ဘ၀တိုက်ပွဲ တော်လှန်ရေး ၂။ ဒီမိုကရေစီရေးအခွင့်အရေးတိုက်ပွဲ တော်လှန် ရေး ၃။ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေး ၄။ စံနစ်ဟောင်းအားလုံးချုပ်ငြိမ်းရေး တော်လှန်ရေးရယ်လို့ လေးမျိုးခွဲခြား လေ့လာနိုင်မယ် ထင်ပါတယ်။
၎။ တော်လှန်ရေးသမားလက္ခဏာ သုံးရပ်
အထက်မှာတင်ပြခဲ့သလို တော်လှန်ရေးအမျိုးအစားလေးမျိုးကို ယေဘုယျခွဲကြည့်ပြီးရင် အဲဒီတော်လှန်ရေးသမားတွေ မှာ တူညီတဲ့လက္ခဏာသုံးရပ် ရှိမယ်ထင်ပါတယ်။ တခုက မိမိတော်လှန်ရေးရဲ့ရန်သူကို ရှင်းရှင်းပြတ်ပြတ် ဖော်ပြနိုင်ရမယ်။ နိုင်ငံရေးအတွေးအခေါ်နဲ့လုပ်ဟန် ပြတ်သားရမယ်။ ဒုတိယက ကိုယ်ကျိုးကို အပြီးအပိုင်စွန့်လွှတ်နိင်ရမယ်။ ကိုယ်ကျိုးဆိုတာက မိမိကိုယ်ကိုလူအများသိအောင် ထင်ပေါ်လိုမှု၊ ငွေကြေး၊ဓနဥစ္စာ၊မိသားစုရေးရာ ကိုယ်ကျင့်သိက္ခာဖောက်ပြန်မှု၊ မိမိအသက်ခန္ဒာ စတာတွေဖြစ်ပါတယ်။ တတိယကတော့ တော်လှန်ရေးတိုက်ပွဲကို မိမိအသက်ခန္ဒာတည်သရွေ့ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်ကြတယ်။
ဗမာပြည်မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲတွေကြည့်ရင် အမျိုးသားလွတ်လပ်ရေးတိုက်ပွဲ၊ ဒီမိုကရေစီရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ လူမျိုးစုပြည်သူများတိုက်ပွဲ၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲ၊ လူထုလူတန်းစားတိုက်ပွဲများပဲ ဖြစ်တယ်။
ဒီတိုက်ပွဲတွေမှာ နှစ်ပိုင်းခွဲကြည့်နိုင်မယ်။ တော်လှန်ရေးတိုက်ပွဲဘက်ကရပ်တည်သူနဲ့ ဖောက်ပြန်တဲ့အုပ်စိုးသူဘက် ကူးပြောင်းပူးပေါင်းသွားသူ နှစ်ပိုင်းဖြစ်တယ်။ အချို့က တိုက်ပွဲလမ်းခုလပ်မှာ ရပ်ပြီး၊ တော်လှန်ရေးနဲ့ ကင်းကွာသွားတယ်။ ဒါကြောင့် နိုင်ငံရေးတိုက်ပွဲမှာ ပါဝင်ရုံနဲ့တော့ တော်လှန်ရေးသမား မဖြစ်နိုင်ပါဘူး။ ဖော်ပြခဲ့တဲ့လက္ခဏာသုံးချက်နဲ့ ညီညွတ်မှသာ ဖြစ်နိုင်ပါမယ်။ လက်နက်ချသွားတဲ့သူဟာ တော်လှန်ရေးသမား မဖြစ်နိုင်ပါဘူး။ သို့သော် နောက်ပိုင်း ပြန်လုပ်ပြီး တော်လှန်ရေး အတွက် အသက်စွန့်သွားခဲ့ရင်တော့ တော်လှန်ရေးသမားအဖြစ် အသိအမှတ်ပြုကြပါတယ်။ ဒါကြောင့် နိုင်ငံရေးလုပ်ငန်းများ ဖြတ်သန်းဖူးရုံနဲ့တော့ တော်လှန်ရေးသမားမဖြစ်နိုင်သေးလို့ ထင်မြင်ကြောင်း တင်ပြရပါတယ်။ စဉ်းစားဆင်ခြင်ရန် ဖြစ်ပါတယ်။

(မန့်ထာမော)
Writer by..  Deeyay Myint

မူရင်းလင့်
https://m.facebook.com/story.php?story_fbid=1296028830530242&id=661818940617904

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html