ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မဆိုင်သူတွေ အထိနာမယ့် ကုန်သွယ်ရေး စစ်ပွဲ

မဆိုင်သူတွေ အထိနာမယ့်စစ်ပွဲ

ဒီတစ်ခါ စစ်ပွဲက သေနတ်တစ်ချက်မှ မပစ်ဘူး။ ဒါပေမယ့် လူသန်းချီ ဒုက္ခရောက်မယ့် အခြေ အနေတော့ရှိတယ်။

ပထမဆုံးတိုက်ပွဲ

ဇူလိုင် ၅ ရက်နေ့မှာ အမေရိကန်နိုင်ငံက ၃၅ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံက  သွင်းကုန် ၁၃၃၃ မျိုး အပေါ် သွင်းကုန်ခွန် ၂၅% တိုးမြှင့်ကောက်ခံခဲ့တယ်။ တရုတ်ဘက်ကလည်း လက်တုန့်ပြန်တဲ့ အနေနဲ့ ၃၅ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်သွင်းကုန် ၅၄၅ မျိုး အပေါ် သွင်းကုန်ခွန် ၂၅%
တိုးမြှင့် ကောက်ခံ  လိုက်တယ်။ ဒီလိုနဲ့ ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံနဲ့ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ကြားမှာ ကုန်သွယ်ရေးစစ်ပွဲကြီးစတော့တာပဲ။

တကယ်တော့သမ္မတထရမ့်ကတရုတ်နိုင်ငံနဲ့အခုမှ ကုန်သွယ်ရေးစစ်ပွဲစတာဖြစ်ပေမယ့် ကုန် သွယ် ဘက်နိုင်ငံတွေလည်းဖြစ်၊မဟာမိတ်နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်နေတဲ့ ဥရောပ သမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက် ခံမှု တွေကို နှစ်ဦးပိုင်းထဲက လုပ်ဆောင်ခဲ့တာဖြစ်တယ်။ 

ပြီးခဲ့တဲ့ဇန်န၀ါရီလမှာ ထရမ့်က ဆိုလာပြားတွေနဲ့ အ၀တ်လျှော်စက်တွေ အပေါ် သွင်းကုန်ခွန် တွေ တိုးမြှင့်ကောက်ခံခဲ့အတွက် တရုတ်၊တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နိုင်ငံတွေ အပေါ် ထိခို်က် မှုရှိခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေက လက်တုန့်ပြန်တာမရှိပဲ နဲ့  ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ ( WTO) ကိုတိုင်ခဲ့ တယ်။ မတ်လမှာတော့ ထရမ့်က သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် သွင်းကုန်ခွန်တွေတိုးမြှင့်ကောက်ခံခဲ့တယ်။ အဲဒီ ဆောင်ရွက် ချက် နဲ့ ပတ်သက်ပြီး ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က တန်ပြန်အခွန်ကောက်ခံမှုတွေ လုပ်ခဲ့တယ်။ ထရမ့်က အဲဒီလို လက်တုန့်ပြန်တဲ့အတွက်အမေရိကန်ဘက်က လည်း ထပ်ပြီး တန် ပြန်အရေး ယူ ဆောင်ရွက်မယ်လို့ပြောထားတယ်။

ထရမ့်မူဝါဒ

ထရမ့်က သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလထဲက အခြားနိုင်ငံတွေက အမေရိကန်နိုင်ငံက သွင်း ကုန်ခွန်တွေလျှော့ပေါ့ပေးထားတဲ့အပေါ် အခွင့်ကောင်းယူပြီး အမေရိကန်ဈေးကွက်ကို ထိုးဖောက် ခဲ့တယ်။ အမေရိကန်ကုန်ပစ္စည်းတွေကိုကျတော့ အခွန်တွေတိုးကောက်ပြီးဈေးကွက်မရအောင် လုပ်ထားတယ်။ ဒါ့ကြောင့် အမေရိကန်က နိုင်ငံအတော်များများနဲ့ ကုန်သွယ်ရေးလိုငွေပြနေရ တယ်၊ ပြည်ပကသွင်းလာတဲ့ ပစ္စည်းတွေကြောင့် အမေရိကန်အလုပ်သမားတွေအလုပ်လက်မဲ့ ဖြစ် ရတယ်၊ အမေရိကန်နိုင်ငံကာကွယ်ရေးအတွက်အရေးကြီးတဲ့သံမဏိလုပ်ငန်းတွေ၊ အဆင့်မြင့် နည်း ပညာလုပ်ငန်းတွေ အားနည်းလာတယ်၊ ဒီအခြေအနေကို ကုစားရမယ်လို့ပြောခဲ့တယ်။

ထရမ့်ပြောတာလည်း အတိုင်းအတာတစ်ခုထိတော့မှန်ပါတယ်။ ကနေဒါနိုင်ငံက အမေရိကန်က တင်သွင်းတဲ့ နို့ထွက် ပစ္စည်းတွေအပေါ်မှာ သွင်းကုန်ခွန် ၂၄၉ % ကောက်ချိန်မှာ အမေရိကန်က  ကနေဒါအပေါ် ၁၆.၆% ပဲကောက် တယ်။ အိန္ဒိယက အမေရိကန်ဆိုင်ကယ်တွေကို ၁၀၀% ကောက်ပြီးအမေရိကန်က အိန္ဒိယဆိုင် ကယ်တွေကို လုံးဝမကောက်ဘူး။ တောင်ကိုရီးယားက အမေရိကန်သစ်သီးဝလံတွေကို ၂၂၈% ကောက်ပြီး အမေရိကန်က ၁% ပဲကောက်တယ်။ ဂျပန်က အမေရိကန်နို့ထွက်ပစ္စည်းတွေအပေါ် ၇၀% ကောက်ပြီးအမေရိကန်က ၁၅% ပဲကောက်တယ်။ တရုတ်ဆိုရင် အမေရိကန်ကားတွေအပေါ် အခွန်တိုးမြှင့်ကောက် တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ အခွန် ၂.၆၅ ဘီလီယံရခဲ့တယ်။ ၂၀၁၆ ခုနှစ် မှာ အမေရိကန်-တရုတ်ကုန်သွယ်ရေးမှာ အမေရိကန် ဘက်က ဒေါ်လာ ၃၅၇.၂ ဘီလီယံ လိုငွေပြခဲ့ တယ်လို့ ထရမ့်ကထောက်ပြခဲ့တယ်။

လက်ရှိအခြေအနေ

အမေရိကန်ဘက်က ပထမအသုတ် အခွန်တိုးကောက်တာက အီလက်ထရောနစ်ပစ္စည်း၊ မော် တော်ယာဉ်နဲ့ စက်မှုလုပ်ငန်းသုံးပစ္စည်းတွေပါတယ်။ တရုတ်ဘက်က တန်ပြန်ကောက်တဲအထဲမှာ တော့ ပဲပုပ်အပါအ၀င် လယ်ယာထွက်ကုန်၊မွေးမြူရေးထုတ်ကုန်နဲ့မော်တော်ယာဉ်တွေပါတယ်။ အမေရိကန်ဘက်က ပစ်မှတ်ထားတဲ့ ပို့ကုန်အများစုဟာ သမ္မတရှီရဲ့ ၂၀၅၀ စီမံကိန်းအရ ဦးစား ပေးထားတဲ့အဆင့်မြင့်နည်းပညာထုတ်ကုန်တွေပါနေတဲ့အတွက် ဒီလုပ်ဆောင်ချက်ဟာ  အဆင့်မြင့် နည်းပညာကဏ္ဍမှာ အမေရိကန်နိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ဆက်လက်ထိန်းသိမ်းထားနိုင် ဖို့ရည်ရွယ်ချက်လည်းပါတယ်လို့သုံးသပ်ကြတယ်။

သမ္မတထရမ့်ကတော့ တရုတ်နိုင်ငံကလက်တုန့်ပြန်တဲ့အတွက်နောက်နှစ်ပတ်အတွင်းမှာ တရုတ် ပို့ကုန် ၁၆ ဘီလီယံ၊ လိုအပ်ရင်နောက်ထပ် ၂၀၀ ဘီလီယံ၊ ဒါမှမရရင်နောက်ထပ် ၃၀၀ ဘီလီယံ လောက်အထိကို အခွန်တိုးမြှင့်ကောက်ခံမယ်လို့ခြိမ်းခြောက်ထားတယ်။ တရုတ်ဘက်ကတော့ သူ တို့အနေနဲ့ ကုန်သွယ်ရေးစစ်ပွဲကို စခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် အမေရိကန်လုပ်တာကိုလည်း ခေါင်းငုံ့ခံမှာမဟုတ်ဘူးလို့ ပြောထားတယ်။ နောက်ပြီးအမေရိကန်ရဲ့လုပ်ဆောင်ချက်ကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ကို တိုင်ကြားမယ်လို့ဆိုတယ်။

လောလောဆယ်ဆယ်မှာတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ အမေရိကန်နဲ့ ကုန်သွယ်ဘက်နိုင်ငံ ကိုးနိုင်ငံက တိုင်ကြားထားတဲ့အမှု ၁၆ မှုရှိတယ်။ ထရမ့်ကတော့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဟာ အမေရိကန်ကို အမြဲတမ်း နှိပ်ကွပ်နေတယ်။ ဒ့ါကြောင့်လိုအပ်ရင် အဖွဲ့ထဲက ထွက်သင့်ရင် ထွက် ရမှာပဲလို့လေသံပစ်နေတယ်။

ဘယ်သူနိုင်မလဲ

သချာင်္နည်းနဲ့တွက်ရင်တော့ ပို့ကုန်များများပို့တဲ့နိုင်ငံက ပိုပြီးအထိနာမှာပေါ့။ ဒါ့ကြောင့် အမေရိ ကန် နဲ့ တရုတ် နှိုင်းယှဉ်ရင် အမေရိကန်က တရုတ်ဘက်ကို ဒေါ်လာ ၁၃၀ ဘီလီယံလောက် တင်ပို့ပြီး တရုတ်က အမေရိကန်ဘက်ကို ဒေါ်လာဘီလီယံငါးရာလောက် တင်ပို့နေတဲ့ အတွက် တရုတ် ဘက်က ပိုပြီး အထိနာမယ်လို့ပြောနိုင်တယ်။

ဒါပေမယ့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကုန်သွယ်မှုက အပြန်အလှန်မီခိုနေတဲ့အတွက် အပေါ် မှာ တွက်ပြသလို ဖြစ်မှာမဟုတ်ဘူး။ ဥပမာအားဖြင့် အမေရိကန်ကုန်ထုတ်လုပ်ငန်းတွေက တရုတ် နိုင်ငံက အစိတ်အပိုင်းတွေကို တင်သွင်းတပ်ဆင်ပြီးပြန်ရောင်းနေတယ်။ ဒီတော့ တရုတ်သွင်းကုန် ကို အခွန်တိုးကောက်ရင် အမေရိကန်ပစ္စည်းတွေဈေးကြီးပြီး အမေရိကန်ကုန်ထုတ်လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းလျော့သွားမယ်။ အမေရိကန်ပြည်သူတွေ ဈေးကြီးပေးဝယ်ရမယ်။

ဒီလိုပဲ တရုတ်နိုင်ငံထဲမှာ အခြေစိုက်ပြီး လုပ်ငန်းဆောင်ရွက်နေတဲ့အမေရိကန်ကုန်ထုတ်လုပ်ငန်း တွေလည်း ထိခိုက်မှာပဲ။  အခုအမေရိကန်က အခွန်တိုးကောက်မယ်ဆိုတဲ့ ၃၄ ဘီလီယံဖိုး ကုန် ပစ္စည်းတွေထဲမှာ တရုတ်နိုင်ငံမှာ အခြေစိုက်နေတဲ့ အမေရိကန်အပါအ၀င် နိုင်ငံခြားစီးပွားရေး လုပ် ငန်းတွေက ထုတ်လုပ်တဲ့ကုန်ပစ္စည်း ၂၀ ဘီလီယံဖိုးပါတယ်။

ထရမ့်ကတော့ ပြည်ပမှအခြေစိုက်ပြီး ကုန်ပစ္စည်းထုတ်နေတဲ့အမေရိကန်ကုန်ထုတ်လုပ်ငန်းတွေက အခွန်သက်သာအောင်ပြည်တွင်းကို ပြန်လာလိမ့်မယ်လို့မျှော်လင့်နေတယ်။ ဒါပေမယ့် ဒါကလည်း နေ့ချင်းညချင်းဖြစ်လာမှာမဟုတ်ဘူး။

တရုတ်ဘက်ကလည်း သူ့ပို့ကုန်က များနေလို့ အမေရိကန်နဲ့ သူတစ်ချက် ကိုယ်တစ်ချက် အပြိုင် အခွန်တိုးကောက်ဖို့က မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် တရုတ်နိုင်ငံမှာ ရှိတဲ့အမေရိကန်စီးပွားရေးလုပ်ငန်း တွေကို အခွန်တိုးကောက်မယ်ဆိုရင်လည်း အဲဒီလုပ်ငန်းတွေ ဥပမာ အက်ပဲလ်၊ ဖို့ဒ် တို့က တရုတ် ပြည်တွင်းဈေးကွက်အတွက်အဓိကထုတ်လုပ်နေတာဆိုတော့ တရုတ်ပြည်သူတွေပဲ နစ်နာမှာဖြစ် တယ်။

ဒါ့ကြောင့်စစ်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတာတော့မသေချာသေးဘူး။ ဒါပေမယ့် ဘယ်သူတွေအထိနာမလဲဆိုတာကတော့ သိသာနေပြီ။

အထိနာမယ့်သူတွေ

ပထမဆုံးအထိနာမှာကတော့ အမေရိကန်နဲ့တရုတ်စားသုံးသူတွေပဲ။ သူတို့သုံးနေကြ ပစ္စည်း တွေ ဈေးတက်လာမယ်။ သူတို့အလုပ်လုပ်နေတဲ့ လုပ်ငန်းတွေက ပို့ကုန်အဓိက လုပ်ငန်းတွေဆိုရင် စီး ပွားရေးကျလာမယ်၊ လုပ်သားအင်အားလျော့တာတွေဖြစ်လာမယ်။

အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲဆက်ပြီးကျယ်ပြန့်လာရင် အဓိက အထိနာမယ့် အထဲမှာ အရှေ့အာရှနိုင်ငံတွေလည်းပါတယ်။ ဒီကုန်သွယ်ရေးစစ်ပွဲက လက်ရှိ ပထမအဆင့် အပြန်အလှန် အခွန်တိုးမြှင့်မှု ( ၃၄ ဘီလီယံ) မှာတင်ရပ်ထားရင်တောင် တရုတ်နိုင်ငံ ဂျီဒီပီက ၀.၂ % ကျမယ် လို့ ခန့်မှန်ထားတယ်။ ပို့ကုန်ကို အားပြုရတဲ့ ပင်လယ်ကမ်းခြေက ပြည်နယ်တွေဆိုရင် ပို့ကုန်နဲ့ ဂျီ ဒီပီ အချိုးက ၁၈.၅% လောက်ရှိတော့ ပိုပြီးအထိနာမယ့်သဘောရှိတယ်။ အရှေ့အာရှနိုင်ငံတွေက တရုတ်ဈေးကွက်နဲ့ဆက်စပ်မှုများတဲ့အတွက်တရုတ်စီးပွားရေးကျပြီးဝယ်လိုအားလျော့သွားရင်သူတို့ စီးပွားရေးလည်းအတိုင်းအတာတစ်ခုအထိကျ လာ မှာပဲ။ အများဆုံးထိခိုက်မှုရှိနိုင်တာက တော့ တိုင်ဝမ်၊ မလေးရှား၊ စင်္ကာပူ နဲ့ တောင်ကိုရီးယားနိုင်ငံတွေပါ။

နိုင်ငံအလိုက် ဂျီဒီပီနဲ့ တရုတ်နိုင်ငံသို့ပို့ကုန် အချိုးကို ကြည့်ရင် တိုင်ဝမ်က ၈%၊ မလေးရှားက ၆%၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်္ကာပူတို့က ၄% ကနေ ၅%၊ ဖိလစ်ပိုင်၊ထိုင်း၊ ဗီယက်နမ် တို့က ၃% နဲ့ သြစတေးလျ၊ ဂျပန်၊ အင်ဒိုနီးရှားတို့က ၂% ရှိတယ်။

ဒ့ါကြောင့် ဒီနှစ်မှာ မလေးရှားနဲ့တိုင်ဝမ်က စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၀.၆%၊ တောင်ကိုရီးယားက ၀.၄% ၊စင်္ကာပူက ၀.၈% ကျဆင်းမယ်လို့ခန့်မှန်းထားတယ်။ တကယ်လို့ ကုန်သွယ်ရေးစစ်ပွဲက နောက်  နှစ်အထိ ဆက်ဖြစ်နေရင် ဒီထက်နှစ်ဆကျမယ်။  သြစတေးလျကတော့ အလုပ်လက်မဲ့ နှစ်သောင်း လောက်ဖြစ်ပြီး နိုင်ငံ့ဝင်ငွေကနေ ဒေါ်လာ ငါးဘီလီယံလောက်လျော့သွား မယ်လို့ခန့်မှန်းထား တယ်။ ဒါတောင် ကုန်ထုတ်လုပ်ငန်းနဲ့ပဲတွက်ချက်ထားတာဖြစ်တယ်။ တရုတ်နိုင်ငံစီးပွားရေး ကျ ဆင်းလို့တရုတ်ခရီးသွားတွေလျော့သွားရင်ထိခိုက်မယ့်အလားအလားမပါမသေးဘူး။ တရုတ်နိုင်ငံ China Tourism Academy (CTA) ရဲ့ စာရင်းဇယားအရ ၂၀၁၆ ခုနှစ်မှာ တရုတ်ခရီးသွား ၁၂၂ သန်း က နိုင်ငံတကာကိုသွားခဲ့ပြီးဒေါ်လာ ၁၀၉ .၈ ဘီလီယံသုံးစွဲခဲ့တယ်လို့ဆိုတယ်။

အခု အချိန်အထိ အမေရိကန်- တရုတ် နဲ့အမေရိကန်-ကနေဒါ၊ ဥရောပသမဂ္ဂ ကုန်သွယ်ရေးစစ်မှာ အပြန်အလှန်အခွန်တိုးကောက် တဲ့ပမာဏက ဒေါ်လာ တစ်ရာဘီလီယံကျော်နေပြီ။ ပညာရှင်တွေ ကတော့တကမ္ဘာလုံးအတိုင်းအတာနဲ့ပြောရင် ဒေါ်လာ ဘီလီယံတစ်ရာဖိုးရှိတဲ့ပို့ကုန်တွေကို အခွန် တိုး ကောက်ရင် ကမ္ဘာ့ကုန်သွယ်မှု ၀.၅% ကျဆင်းပြီး ဂျီဒီပီက ၀.၁% လျော့ကျမယ်၊ ငွေကြေး ဖောင်း ပွမှုက ၀.၁ % ကနေ ၀.၃% တက်မယ်လို့ ခန့်မှန်းထားကြတယ်။

နောက်ဆုံးတော့ ခေါင်းတွဲနှစ်တွဲတိုက်တယ်ဆိုပေမယ့် နောက်က တွဲဆိုင်းတွေလည်း မသက်သာ ပါဘူး။ မြန်မာနိုင်ငံကတော့ တွဲဆိုင်းဘယ်နေရာကပါနေလဲမသိဘူး။ သို့သော် တရုတ်ဈေးကွက်နဲ့ ဆက်စပ်နေတဲ့အတွက် အနည်းနဲ့အများတော့ ဂယက်ရိုက်မှာသေချာပါတယ်။ ဒါ့ကြောင့် စောစော စီးစီး ခါးတောင်းကျိုက်ထားနိုင်မှတော်ကာကြမယ်ထင်တယ်။ နောက်မှ ပုဆိုးမနိုင်၊ ပုဝါမနိုင်ဖြစ်နေ ရင် မလွယ်လှဘူး။

ကိုးကား
South China Morning Post 6 July 2018
Straits Time 6,7 July 2018

Writer by
c. Ye Htut

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html