ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အမေရိကန် HEMI အင်ဂျင်နှင့် Flathead အင်ဂျင်များ အကြောင်း အပိုင်း 1.2.3.4

အမေရိကန် HEMI အင်ဂျင်နှင့် Flathead အင်ဂျင်များ အကြောင်း အပိုင်း (၁)

HEMI ဆိုတဲ့ စာသားကို အမေရိကန်ကားတွေနဲ့ ရင်းနှီး
တဲ့လူတိုင်း သတိထားမိကြမှာပါ။ အထူးသဖြင့် Truck ကား ၊ Pick up ကားတွေနဲ့ Muscle ကား တွေပေါ့။ HEMI ဆိုတဲ့ အမှတ်တံဆိပ်ကို အမေရိကန်ကား ကုမ္ပဏီ
တစ်ခုဖြစ်တဲ့ Chrysler က Trademark ယူထားတာပါ။
စက်လုံးခြမ်းပုံ မီးလောင်ခန်းခေါ် Hemispherical Combustion Chamber ရှိတဲ့ 4 Stroke အင်ဂျင်ကို
အစွဲပြုပြီး HEMI လို့ အတိုကောက်နာမည်ပေးလိုက်တာ
ပဲ ဖြစ်ပါတယ်။ HEMI အင်ဂျင်ဟာ အမေရိကန် ကား
လောကကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။ ဒီဇိုင်းရိုးရှင်းမှု၊
အလွယ်တကူထုတ်လုပ်နိုင်မှု၊ ကြာရှည်ခံနိုင်မှု၊ထိန်းသိမ်း
စောင့်ရှောက်ရတာ လွယ်ကူစေမှုနဲ့ လိုအပ်တဲ့ပါဝါကို
လည်း ထုတ်လုပ်ပေးနိုင်မှုတွေကြောင့် ယခုထိတိုင် အမေ
ရိကန်ကားတွေမှာ သုံးစွဲလျှက်ရှိပါတယ်။ HEMI ဆိုတဲ့
စာသားကို Chrysler က ၁၉၆၆ ခုနှစ်မှာ စတင်သုံးစွဲခဲ့
တာပါ။ Trademark အဖြစ် တရားဝင်မှတ်ပုံတင်ခဲ့တာ
ကတော့ ၁၉၉၂ ခုနှစ် မှာပဲဖြစ်ပါတယ်။ Chrysler ရဲ့ HEMI အင်ဂျင်ဟာ အခုဆိုရင်တော့ တတိယမျိုးဆက်ကို
ရောက်နေပါပြီး။ အခုလက်ရှိမှာ HEMI အင်ဂျင်တပ်ဆင်
ထားတဲ့ ကားများကတော့ Chrysler ၊ Dodge ၊ Ram Pickup နဲ့ Jeep ကုမ္ပဏီများက ထုတ်လုပ်တဲ့ ကားများပဲ
ဖြစ်ကြပါတယ်။

HEMI အင်ဂျင်ဟာ ရာဇဝင်သမိုင်းကြောင်းရှည်လျားလှ
တဲ့ အင်ဂျင်တစ်ခုပါ။ မော်တော်ကားတွေ စတင်ထုတ်
လုပ် အသုံးပြုလာကြတဲ့ ၁၉၀၀ ဝန်းကျင်လောက် က
တည်းက ပေါ်ပေါက်လာတာတွေ့ရပါတယ်။ စက်လုံးခြမ်း
ပုံ မီးလောင်ခန်းရှိသော အင်ဂျင် သို့မဟုတ် စက်လုံးခြမ်းပုံ
Cylinder Head ရှိတဲ့ အင်ဂျင်လို့လည်း ခေါ်ဆိုနိုင်ပါ
တယ်။ ဟိုးအရင်ကတည်းက စက်လုံးခြမ်းပုံ Cylinder Head ရှိတဲ့ အင်ဂျင်တွေကို ဂျပန်ကားကုမ္ပဏီတွေ အပါ အဝင် အခြားကုမ္ပဏီတွေကလည်း ထုတ်လုပ်ခဲ့ကြပါ တယ်။ အခုလည်း ထုတ်လုပ်နေဆဲပဲဖြစ်ပါတယ်။ ဒါပေ
မယ့် HEMI အမှတ်တံဆိပ်စာသားကိုတော့ အသုံးပြုခွင့်
မရှိပါဘူး။ Chrysler က တရားဝင်မှတ်ပုံတင်ထားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် HEMI အင်ဂျင်ခေါ် စက်လုံး
ခြမ်းပုံ Cylinder Head ရှိတဲ့အင်ဂျင်တွေဟာ Chrysler က သီးသန့်ထုတ်လုပ်ထားတဲ့ အင်ဂျင်တွေမဟုတ်ပဲ အ
ခြား ကားကုမ္ပဏီတွေကလည်း ထုတ်လုပ်ထားတယ်ဆို
တာ တွေ့ရမှာပါ။ အခုနောက်ပိုင်းပေါ်လာတဲ့ Pent Root Type Combustion Chamber ခေါ် တဲအိမ်ပုံစံမီးလောင်
ခန်းရှိတဲ့ အင်ဂျင်တွေကလည်း HEMI အင်ဂျင်တွေကနေ
ဆင်းသက်လာတာပါ။ တဲအိမ်ခေါင်မိုးပုံစံ ညီညာတဲ့ မျက်
နှာပြင် နှစ်ခုရှိပြီး မျက်နှာပြင်တစ်ခုမှာ Intake Valve နဲ့
ကျန်တစ်ဖက်မှာ Exhaust Valve တွေကိုတပ်ဆင်ထား
ပါတယ်။

HEMI အင်ဂျင်အကြောင်း မပြောခင်မှာ HEMI အင်ဂျင်ရဲ့
အရှေ့ကထုတ်လုပ်ခဲ့တဲ့ Flathead အင်ဂျင်ခေါ် Side-Valve အင်ဂျင်အကြောင်းကို ပြောမှပိုပြီးပြည့်စုံမှာပါ။
Piston ပါဝင်တဲ့ Internal Combustion အင်ဂျင်တွေကို
၁၈၂၀ ခုနှစ် ဝန်းကျင်ကတည်းက အသုံးပြုနေကြပြီးဖြစ်
ပါတယ်။ ပထမဦးဆုံး အများအပြားထုတ်လုပ်ရောင်းချ
ခဲ့တဲ့ မော်တော်ကားမှာတွေ့ရတဲ့အင်ဂျင်ကတော့ Flathead အင်ဂျင်ပဲ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်  Ford ကားကုမ္ပဏီက ၁၉၀၃ ခုနှစ်မှာ ပထမဦးဆုံး မော်
တော်ကားအဖြစ် ထုတ်လုပ်ရောင်းချခဲ့တဲ့ Ford Model A မှာ တင်ဆင်ထားတဲ့ အင်ဂျင်ပဲဖြစ်ပါတယ်။ 1668cc
ရှိပြီး Flat 2 ခေါ် Boxer Twin အင်ဂျင်ပဲ ဖြစ်ပါတယ်။
Flat 2 အင်ဂျင်ဆိုတာ Cylinder နှစ်လုံးကို ရေပြင်ညီအ
တိုင်း မျက်နှာချင်းဆိုင် နေရာချထားတဲ့ပုံစံပဲဖြစ်ပါတယ်။
Valve တွေက Cylinder ရဲ့ဘေးမှာ တည်ရှိတာကြောင့်
Combustion Chamber ကလည်း ခပ်ပြားပြားနဲ့ ရှည်
မျောမျောပုံစံရှိပါတယ်။ Combustion Chamber က ခပ်ပြားပြားပုံစံရှိတာကြောင့် Cylinder Head ကလည်း ပြားတဲ့ပုံသဏ္ဌာန်အတိုင်း တည်ဆောက်ထားရပါတယ်။ အပြင်ကကြည့်လိုက်တာနဲ့ Cooling Fins တွေနဲ့ Cylinder Head ပြားပြားကြီးကို အထင်းသာတွေ့မြင်နိုင်
တာကြောင့် Flathead အင်ဂျင်ဆိုပြီးခေါ်ဆိုကြတာပါ။
Intake Valve နဲ့ Exhaust Valve က Cylinder ရဲ့ဘေး
မှာ ပြိုင်လျှက်တည်ရှိနေတာကြောင့် Sidevalve အင်ဂျင်
လို့လည်းခော်ဆိုကြပါတယ်။ ဒီဇိုင်းပုံစံအရ  Sidevalve အင်ဂျင်နှစ်မျိုးရှိပါတယ်။ Cylinder ကအလယ်မှာတည်ရှိ
ပြီး Intake Valve နဲ့ Exhaust Valve က ဘေးတစ်ဖက်
စီမှာ တည်ရှိနေတဲ့ ဒီဇိုင်းကို T-Head Sidevalve အင်ဂျင်
လို့ ခေါ်ကြပါတယ်။ Intake Valve နဲ့ Exhaust Valve တွေ နှစ်ခုလုံး Cylinder ရဲ့ တစ်ဖက်ခြမ်းတည်းမှာတည်
ရှိနေရင်တော့ L-Head Sidevalve အင်ဂျင်ဆိုပြီး ခေါ်ကြ
ပါတယ်။ Ford က အသုံးပြုတဲ့ အင်ဂျင်ကတော့ L-Head
Sidevalve အင်ဂျင်ပဲဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်...

စာဖတ်ပရိသတ်များ မော်တော်ကားဗဟုသုတတွေနဲ့ပြည့်
စုံကြပါစေ...

Writer by

ရန်နိုင်ထွေး (Marine Engineer)

@@@#$#$#$@@@@

အမေရိကန် HEMI အင်ဂျင်နှင့် Flathead အင်ဂျင်များ အကြောင်း အပိုင်း (၂)

Sidevalve အင်ဂျင်တွေရဲ့ အားသာချက်တွေကတော့
ဒီဇိုင်းအရ အင်မတန်ရိုးရှင်းတာပါ။ Overhead Valve အင်ဂျင်တွေလို Valve တွေကိုမောင်းတဲ့ အစိတ်အပိုင်း
တွေ များများစားစား မပါဝင်တာကြောင့် အင်ဂျင်မှာ သေး
ငယ်ကျစ်လစ်ပေါ့ပါးပြီး ထုတ်လုပ်တပ်ဆင်တဲ့အခါမှာ
လည်း ကုန်ကျစရိတ်အလွန်ပဲသက်သာလှပါတယ်။ စက်
ပစ္စည်းအစိတ်အပိုင်း များစွာ မပါဝင်တာကြောင့် အသံဆူ
ညံမှုလည်းနည်းပါးပြီး ပျက်ဖို့လည်းခဲယဉ်းလာပါတယ်။
Compression Ratio လည်းနိမ့်တာကြောင့် Octane နံပါတ်နိမ့်တဲ့ ဓာတ်ဆီတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
RPM အနိမ့်တွေမှာ လည်ပတ်မှုအားကောင်းပြီး Speed အများကြီး မလိုအပ်တဲ့နေရာတွေမှာအသုံးဝင်လှပါတယ်။
အဲ့ဒါကြောင့် Sidevalve အင်ဂျင်တွေကို ယခုထိတိုင်
အင်ဂျင်တစ်လုံးတပ် ပန်ကာတစ်လုံးတပ် လေယဉ်ငယ်
လေးတွေမှာ အသုံးပြုလျှက်ရှိပါတယ်။  အင်ဂျင်ကိုယ်
ထည်ရဲ့ပေါ့ပါးမှု၊ ယုံကြည်​စိတ်ချရမှု၊ 3000 RPM  လောက်မှာပဲ အများဆုံးထားပြီး လည်ပတ်နိုင်မှုတွေ ကြောင့် ပန်ကာဒလက်တပ် လေယဉ်တွေမှာ အသုံးပြု
လျှက်ရှိပါတယ်။ (လေယဉ်ပန်ကာတွေဟာ 3000 RPM
အတွင်းပဲ လည်ပတ်ကြပါတယ်။ 3000 RPM ကျော်လာ
ရင် အသံလှိုင်း Effect တွေဝင်လာပြီး အန္တရာယ်ဖြစ်စေ
နိုင်တာကြောင့် ကန့်သက်ထားတာပါ။ အင်ဂျင် RPM (ပန်ကာဒလက် RPM ) ကို 2800 RPM လောက်မှာ အ
သေထားပြီး ပန်ကာဒလက်ရဲ့ Pitch (ဒလက်ရဲ့ စောင်း
တဲ့ ဒီဂရီ ပမာဏအနည်းအများ) ကိုပဲလှည့်ကာ လေ
တွန်းကန်မှု အနည်းအများကိုရယူပါတယ်။ ဒလက်တွေ
ကနည်းနည်းပဲစောင်းနေရင် လေတွန်းအားနည်းနည်းပဲရ
ရှိပြီး များများစောင်းနေရင်တော့ လေတွန်းအား များများ
ရရှိတဲ့ သဘောပါ။)

Sidevalve အင်ဂျင်တွေရဲ့ အားနည်းချက်တွေကတော့
RPM အများကြီးမရတာနဲ့ အပူပြန့်လွင့်မှု များတာပဲ ဖြစ်
ပါတယ်။ Combustion Chamber တွေက T-Head အင်
ဂျင်မှာ Cylinder ရဲ့ဘယ်ညာအထိ ရှည်လျားတဲ့ ပုံစံရှိပြီး L-Head အင်ဂျင်မှာတော့ Cylinder ထိပ်ကနေ တစ်ဖက်
တည်းကိုပဲ ရှည်လျားတဲ့ပုံစံတွေရှိကြပါတယ်။ ကျစ်လစ်
မှု မရှိပဲ ပြန့်ကားနေတဲ့ မီးလောင်ခန်းပုံစံကြောင့် Power
Stroke ရရှိတဲ့အခါမှာ အတွင်းကအပူတွေက Cylinder Head တစ်လျှောက်ပြန့်နှံ့ကုန်ပါတယ်။ အပူဆုံးရှုံးလေ
စွမ်းအင်ဆုံးရှုံးလေဖြစ်တာကြောင့် ရရှိတဲ့ Mechanical Efficiency လည်း နည်းပါးသွားပါတယ်။ Compression
Ratio လည်း နိမ့်တာ၊ မီးလောင်ခန်းပုံစံ ညံ့ဖျင်းတာနဲ့ Valve တွေနေရာချထားမှုပုံစံ ညံ့ဖျင်းတာကြောင့် Gas Flow တွေမကောင်းတာ၊ စသဖြင့် နောက်ဆက်တွဲတွေ
အနေနဲ့ လည်ပတ်မှုနည်းတဲ့အင်ဂျင်တစ်မျိုးဖြစ်စေပြီး ထွက်ရှိတဲ့ပါဝါတွေလည်း လျော့နည်းသွားကြပါတယ်။ Sidevalve အင်ဂျင်ကို Compression Ratio မြှင့်တင်လို့
ရနိုင်ပေမယ့် Pre-Ignition (Early Ignition) ခေါ် အချိန်
မတိုင်ခင် စောစီးစွာပေါက်ကွဲမှုတွေဖြစ်ပေါ်ပြီး အင်ဂျင်
ခေါက်သံကို ထွက်ပေါ်စေပါတယ်။ ဒါပေမယ့် ရိုးရိုးမီးပွင့် ပေးတဲ့ Spark Plug တွေကို မသုံးပဲ Laser Ignition စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ Pre-Ignition တွေ မဖြစ်တော့ပဲ အင်ဂျင်ခေါက်သံတွေလည်း မထွက်တော့ပါ
ဘူး။ ဒါပေမယ့်လည်း Overhead Valve အင်ဂျင်တွေက အစစအရာရာမှာ သာလွန်နေတာကြောင့် Sidevalve အင်ဂျင်တွေကို အထူးအာရုံစိုက်ကာတိုးတက်လာအောင် မပြုလုပ်ကြတော့ပါဘူး။ Sidevalve အင်ဂျင်တွေကို ချန်
ထားခဲ့ကြပြီး Overhead Valve အင်ဂျင်တွေကိုပဲ ဆက်
လက်တီထွင်တည်ဆောက်နေကြပါတယ်။

Sidevalve အင်ဂျင်တွေကို ယခုထိတိုင် လေယဉ်တွေမှာ
အသုံးပြုနေတာကတော့ Cooling ကောင်းမွန်စွာ ရရှိစေ
တဲ့အချက်လည်းပါဝင်ပါတယ်။ Sidevalve အင်ဂျင်ဟာ
အပူပြန့်လွင့်မှု အပူထုတ်လွှတ်မှု အလွန်များပေမယ့် လေ
ယဉ်ဖြစ်တာကြောင့် ပန်ကာဒလက်ရဲ့ Air Cooling ကို
အမြဲတမ်းရရှိနေပြီး ပျံသန်းနေတဲ့အခါမှာလည်း ပြင်ပလေ
ရဲ့ Air Cooling ကို လုံလောက်စွာရရှိနေတာကြောင့်
အင်ဂျင်အပူလွန်ကဲမှာကို လုံးဝမပူရပါဘူး။ လေယဉ်တွေ
မှာ အသုံးပြုနေတဲ့ Sidevalve အင်ဂျင်အမျိုးအစားက
တော့ Flat 4 အင်ဂျင်တွေပဲဖြစ်ပါတယ်။ Cylinder ၄လုံး
ကို ရေပြင်ညီအတိုင်း မျက်နှာချင်းဆိုင်ပြီး တည်ဆောက်
ထားတာပါ။ Crankshaft က အလယ်မှာဖြစ်ပြီး Cylinder
၂လုံးက ဘယ်ဖက်နဲ့ နောက်ထပ် Cylinder ၂လုံးက ညာ
ဖက်မှာ ရှိနေတဲ့ပုံစံပေါ့။ Sidevalve Flat 4 အင်ဂျင်လို့
ခေါ်ဆိုရင်တော့ ပိုပြီးသင့်တော်ပါတယ်။ Ford ကုမ္ပဏီ
က Sidevalve Flat 2 အင်ဂျင်ကို ပထမဦးဆုံးစတင်ပြီး
အမြောက်အများရောင်းချခဲ့တဲ့ ၁၉၀၃ ခုနှစ် Ford Model A မှာ အသုံးပြုခဲ့တာပါ။ ၁၉၀၈ ခုနှစ်မှာတော့ Ford Model T ကို ထုတ်လုပ်ခဲ့ပြီး 2.9L Inline 4 Sidevalve
အင်ဂျင်ကိုတပ်ဆင်ထားတာတွေ့ခဲ့ရပါတယ်။ Ford Model T ဟာ ၁၉၀၈ ခုနှစ်မှ ၁၉၂၇ ခုနှစ်အထိထုတ်လုပ်
ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး အစင်းရေ ၁၅ သန်း ပြည့်အောင်
ရောင်းချခဲ့ရတဲ့ အိမ်စီးကားလေးပဲဖြစ်ပါတယ်။ ၂၀ ရာစု
ရဲ့ နာမည်အကြီးဆုံး မော်တော်ကားတစ်စင်းလည်း ဖြစ်ခဲ့
ပါတယ်။ ၁၉၃၂ ခုနှစ်မှာတော့ Flathead V8 အင်ဂျင်ကို
တီထွင်နိုင်ခဲ့ပြီး Ford Model B (Model 18) မှာတပ်ဆင်
ခဲ့ကြပါတယ်။ 3.6L, L-Head, Sidevalve, V8 အင်ဂျင်ပဲ
ဖြစ်ပါတယ်။ Ford ကုမ္ပဏီဟာ Sidevalve အင်ဂျင်တွေ
ကို ၁၉၀၃ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ နှစ်ပေါင်း ၄၈ နှစ် တိုင်အောင် အသုံးပြုခဲ့ပြီး ၁၉၅၂ ခုနှစ်မှာတော့ ပထမဦး
ဆုံး Overhead Valve အင်ဂျင်ကို တီထွင်နိုင်ခဲ့ပါတယ်။
3.5L, Inline 6, Overhead Valve အင်ဂျင်ဖြစ်ပြီး 1952 Ford မိုဒယ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ Ford ကုမ္ပဏီ
ဟာ ၁၉၅၂ ခုနှစ်ကစပြီး Flathead/Sidevalve အင်ဂျင်
တွေကို အဆုံးသတ်ခဲ့ပြီး Overhead Valve အင်ဂျင်တွေ
နဲ့ အစားထိုးခဲ့ပါတယ်။ ဒါကတော့ Flathead/Sidevalve
အင်ဂျင်တွေရဲ့ သမိုင်းကြောင်းပဲဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်...

စာဖတ်ပရိသတ်များ မော်တော်ကားဗဟုသုတတွေနဲ့ပြည့်
စုံကြပါစေ...

ရန်နိုင်ထွေး (Marine Engineer)

😁😁😁😁😁😁

အမေရိကန် HEMI အင်ဂျင်နှင့် Flathead အင်ဂျင်များ အကြောင်း အပိုင်း (၃)

Hemispherical Combustion Chamber ခေါ် စက်လုံး
ခြမ်းပုံ မီးလောင်ခန်းရှိတဲ့အင်ဂျင်တွေရဲ့ ရာဇဝင်ကို သေ
ချာပြန်လေ့လာကြည့်မယ်ဆိုရင် ၁၉၀၅ ခုနှစ်ကတည်းက
ဘယ်ဂျီယံကားထုတ်လုပ်သူဖြစ်တဲ့ Pipe ကုမ္ပဏီက ပထ
မဦးဆုံးအဖြစ် အိမ်သုံးကားတွေမှာ တပ်ဆင်အသုံးပြုခဲ့
ကြောင်း သိရပါတယ်။ Valve တွေဟာ Cylinder ရဲ့ အ
ပေါ်မှာတည်ရှိတာကြောင့် Overhead Valve (OHV) အင်ဂျင်လို့လည်း ခေါ်ဆိုကြပါတယ်။ ၁၉၀၀ ခုနှစ် နှစ်ဦး
ပိုင်းတွေမှာ OHV Hemi အင်ဂျင်တွေကို အိမ်သုံးကား
တွေမှာ အနည်းအကျဉ်းသာအသုံးပြုနိုင်ပါတယ်။ နည်း
ပညာမြင့်မားတာကြောင့် ထုတ်လုပ်စရိတ်ကုန်ကျမှု များ
ပြားတာလည်း ပါပါတယ်။ ပြိုင်ပွဲတွေမှာတော့ စတင် အ
သုံးပြုနေကြပြီး ဖြစ်ပါတယ်။ ကုန်ကျစရိတ်များလွန်းပေ
မယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲဖြစ်တာကြောင့် သူထက်ငါသာ
လွန်အောင် တီထွင်ထုတ်လုပ်ကြတာမဆန်းပါဘူး။၁၉၀၇
ခုနှစ်မှာ အီတလီကားကုမ္ပဏီ Fiat ရဲ့ 130 HP Grand Prix ပြိုင်ကား၊ ၁၉၁၂ ခုနှစ်မှာ ပြင်သစ်ကားကုမ္ပဏီ Peugeot ရဲ့ Grand Prix ပြိုင်ကား၊ ၁၉၁၄ ခုနှစ်မှာ အီ
တလီကားကုမ္ပဏီ Alfa Romeo ရဲ့ Grand Prix ပြိုင်
ကား၊ အစရှိတဲ့ Grand Prix အဆင့် ပြိုင်ကားတွေမှာ OHV Hemi အင်ဂျင်တွေကို အသုံးပြုနေကြပြီး ဖြစ်ပါ
တယ်။ Peugeot နဲ့ Alfa Romeo က နည်းပညာပိုင်းမှာ
ပိုမိုအဆင့်မြင့်ကြပြီး Overhead Camshaft နှစ်ချောင်းနဲ့
Cylinder တစ်လုံးမှာ Valve လေးလုံး အထိ တပ်ဆင်နိုင်
ခဲ့ပါတယ်။ ယခုခေတ် DOHC, 4 Valve per Cylinder အင်ဂျင်တွေရဲ့အစလို့ ပြောနိုင်ပါတယ်။

အဲ့ဒီအချိန်မှာ အမေရိကန်ပြည်ထောင်စုက အင်ဂျင်ပိုင်း
ဆိုင်ရာမှာ ဥရောပတိုင်းပြည်တွေလောက် မတိုးတတ်
သေးဘူးလို့ ပြောနိုင်ပါတယ်။ Flathead/Sidevalve အင်
ဂျင်ကို မော်တော်ကားတွေမှာ အသုံးပြုနေကြပြီး Radial အင်ဂျင်ကိုတော့ လေယဉ်နဲ့ တင့်ကားတွေမှာ အသုံးပြု
နေကြဆဲဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ်မှာတော့ အမေရိကန်
အခြေစိုက် Chrysler ကုမ္ပဏီက OHV Hemi အင်ဂျင်ကို
စတင် ထုတ်လုပ်ခဲ့ပါတယ်။ စတင်သုသေသနပြုလုပ်ခဲ့
တာတော့ ၁၉၄၀ ဝန်းကျင် ဒုတိယကမ္ဘာစစ်ကတည်းက ဖြစ်ပြီး ၁၉၅၁ ခုနှစ်မှာ ရောင်းတန်းဝင် အိမ်သုံးကားတွေ
မှာ စတင်တပ်ဆင်ခဲ့တာပါ။ Fire Power လို့ အမည်ပေး
ထားတဲ့ 5.4L, V8, OHV, Hemi ဓာတ်ဆီ အင်ဂျင်ဖြစ်ပြီး 180 HP အထိ ထုတ်ပေးနိုင်ပါတယ်။ (Ford ကတော့ တစ်နှစ်နောက်ကျပြီး ၁၉၅၂ ခုနှစ်မှာ Inline 6, OHV, Hemi အင်ဂျင်ကိုထုတ်လုပ်ခဲ့ပါတယ်။) Fire Power အင်ဂျင်ဟာ အမေရိကားရဲ့ ပထမဦးဆုံးရောင်းတန်းဝင် V8 အင်ဂျင်လို့လည်း သက်မှတ်နိုင်ပါတယ်။ ထူးခြားချက် အဖြစ် Chrysler ရဲ့ Hemi အင်ဂျင်တွေကို Cubic Inches နဲ့ ဖော်ပြတာလည်း တွေ့ရပါတယ်။ 5.4L ကို လက်မနဲ့တွက်ရင် ၃၃၁ ထုထည်လက်မ ရှိတာကြောင့် 331 လို့လည်းအတိုခေါက် ခေါ်ဆိုကြပါတယ်။ Fire Power အင်ဂျင်ကို ၁၉၅၁ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ပထ
မမျိုးဆက် Hemi အင်ဂျင်အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ Displacement ၁၂ မျိုးလောက်အထိရှိကြပြီး Chrysler ရဲ့ ကားတွေအပြင် Imperial ၊ DeSoto နဲ့ Dodge Ram
ကုမ္ပဏီတွေကလည်း ယူသုံးတာကိုတွေ့ခဲ့ရပါတယ်။

331 (5.4L V8), 354 (5.8L V8), 392 (6.4L V8),
276 (4.5L V8), 291 (4.8L V8), 330 (5.4L V8),
341 (5.6L V8), 345 (5.6L V8), 241 (4.0L V8),
270 (4.4L V8), 315 (5.2L V8), 325 (5.3L V8) စတဲ့
Displacement ၁၂ မျိုးအထိ Fire Power အင်ဂျင်တွေ
ကို ထုတ်လုပ်ခဲ့ပါတယ်။ များသောအားဖြင့် Bore အချင်း
က Stroke Length ထက်ပိုကြီးတဲ့ Oversquare အင်ဂျင်
တွေဖြစ်ကြပြီး DeSoto အတွက်ထုတ်လုပ်တဲ့ အင်ဂျင် အနည်းငယ်မှာသာ Stroke Length အနည်းငယ်ပိုရှည်
တဲ့ Undersquare အင်ဂျင်တွေအဖြစ် တွေ့ခဲ့ရပါတယ်။
ဒုတိယမျိုးဆက်ကိုတော့ ၁၉၆၄ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ
ထုတ်လုပ်ခဲ့ပြီး 426 (7.0L) V8 အင်ဂျင်ပဲဖြစ်ပါတယ်။ Displacement များလွန်းပြီး 425 HP အထိ ထုတ်ပေးနိုင်
တာကြောင့် Elephant အင်ဂျင်လို့လည်းခေါ်ကြပါတယ်။
NASCAR ပြိုင်ပွဲအတွက် ထုတ်လုပ်ခဲ့တယ်ဆိုပေမယ့်
Production ကားတွေမှာတပ်ဆင်မှု မရှိခဲ့တာကြောင့်
ပြိုင်ပွဲစည်းကမ်းအရ ၁၉၆၅ ခုနှစ်အထိ ဝင်ပြိုင်ခွင့်မရခဲ့ပါ
ဘူး။ Dodge နဲ့ Plymouth ကားတွေမှာ တပ်ဆင်ပြီး ရောင်းချခဲ့ပြီးမှ NASCAR ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။ 426
အင်ဂျင်ရဲ့အဖုံးပေါ်မှာ HEMI ဆိုတဲ့ စာသားအမှတ် တံ
ဆိပ်ကိုလည်း ၁၉၆၆ ခုနှစ်မိုဒယ်မှာ စတင်သုံးပြုခဲ့ပါ
တယ်။ Dodge နဲ့ Plymouth တို့ရဲ့ Muscle ကားနဲ့ ဆီ ဒင်ကားတွေမှာ 426 Hemi အင်ဂျင်ကို တပ်ဆင်ခဲ့ကြပါ တယ်။ ထိုအချိန်က အမေရိကားရဲ့ NASCAR ပြိုင်ပွဲနဲ့ Drag Racing ပြိုင်ပွဲတွေမှာ 426 Hemi အင်ဂျင်က အလွန်ပဲနာမည်ကြီးခဲ့ပါတယ်။ ယခုထိတိုင်လည်း 426 Hemi Elephant အင်ဂျင်တပ်ဆင်ထားတဲ့ Dodge နဲ့ Plymouth ကားတွေကို ကားဝါသနာအိုးတွေက ဈေးကြီး ပေးလေလံဆွဲပြီး ဝယ်ယူစုဆောင်းလျှက်ရှိပါတယ်။ Chrysler က HEMI အမည်ကို ၁၉၆၆ ခုနှစ်မှာ စတင်သုံး စွဲခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ တရားဝင်မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ တရားဝင် Trademark အဖြစ် ပိုင်ဆိုင်ခဲ့ပြီး Chrysler တစ်ဦးတည်း ကသာ အသုံးပြုခွင့်ရရှိခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်...

စာဖတ်ပရိသတ်များ မော်တော်ကားဗဟုသုတတွေနဲ့ပြည့်
စုံကြပါစေ...

ရန်နိုင်ထွေး (Marine Engineer)

😁😁😁😁😁

အမေရိကန် HEMI အင်ဂျင်နှင့် Flathead အင်ဂျင်များ အကြောင်း အပိုင်း (၄)

တတိယမျိုးဆက် HEMI အင်ဂျင်တွေကိုတော့ ၂၀၀၃ ခု
နှစ်မှ ယခုထိတိုင် ထုတ်လုပ်လျှက်ရှိပါတယ်။ ယခု တတိ
ယ မျိုးဆက် HEMI အင်ဂျင်တွေရဲ့ မီးလောင်ခန်းပုံစံက
လုံးလုံးလျားလျားကြီး စက်လုံးခြမ်းပုံစံမျိုးမဟုတ်တော့ပါ
ဘူး။ အနည်းငယ်ပြားတဲ့ပုံစံဖက်ကို ရောက်သွားပါပြီး။
မျက်စိထဲမြင်အောင်ပြောရရင်တော့ ဒယ်အိုးမှောက်ထား
တဲ့ပုံစံမျိုးပေါ့။Valve ကတော့ Intake တစ်လုံး၊ Exhaust
တစ်လုံးနဲ့ စုစုပေါင်း နှစ်လုံးပဲ ပါပါတယ်။ Spark Plug က
တော့ Cylinder တစ်လုံးမှာ နှစ်ခုအထိ တပ်ဆင်ထား
တာတွေ့ရပါတယ်။ အဲ့ဒါကြောင့် ပြီးပြည့်​စုံတဲ့မီးလောင်
ပေါက်ကွဲမှုကို ရရှိစေပြီး Exhaust Gas အညစ်အကြေး
ထုတ်လွှတ်မှုတွေလည်း နည်းပါးသွားပါတယ်။ တတိယ
မျိုးဆက် HEMI V8 တွေမှာ HEMI ဆိုတဲ့ တံဆိပ်စာသား
ပါဝင်လာပြီ ဖြစ်ပါတယ်။ Displacement တွေ အနေနဲ့ 5.7L, 6.1L, 6.2L နဲ့ 6.4L အထိ ထုတ်လုပ်ထားတာတွေ့
ရပါတယ်။ VCT ခေါ် Variable Camshaft Timing နဲ့
MDS ခေါ် Multi-Displacement System နည်းပညာ
များကို အသုံးပြုထားပါတယ်။ VCT က ဂျပန်ကားတွေ
မှာပါဝင်တဲ့ VVT ခေါ် Variable Valve Timing စနစ်နဲ့
အတူတူပါပဲ။ Chrysler က VCT ဆိုပြီး ခွဲခြား အမည်ပေး
ထားတာပါ။ MDS နည်းပညာကတော့ Displacement ပြောင်းလဲနိုင်သော နည်းပညာလို့ ခေါ်ဆိုနိုင်ပါတယ်။
MDS စနစ်က Cylinder ၈ လုံးမှာ ၄ လုံးကို Off ထားပြီး
ကျန်တဲ့ ၄ လုံးနဲ့ပဲ လည်ပတ်နေတဲ့ စနစ်ဖြစ်ပါတယ်။ V8
အင်ဂျင်ဖြစ်တာကြောင့် တစ်ဖက်မှာ Cylinder ၄ လုံးစီရှိ
ကြပါတယ်။ အဲ့ဒီ ၄ လုံးမှာ ၂လုံးကို Ignition ဖြတ် Fuel
ဖြတ်ပြီး ပိတ်လိုက်တာပါ။ကျန်တစ်ဖက်ခြမ်းက Cylinder ၄ လုံးမှာလည်း ၂ လုံးကို အဲ့ဒီအတိုင်းပဲ ပိတ်လိုက်ပါ
တယ်။ အဲ့ဒီတော့ V8 အင်ဂျင်ပေမယ့် Cylinder ၄ လုံး
က အလုပ်မလုပ်တော့ V4 အင်ဂျင်လို ဖြစ်သွားတာပေါ့။
ဒါက Low Load Condition ခေါ် ဝန်တွေကုန်တွေ မတင်
ထားတဲ့ အချိန်၊ ဒါမှမဟုတ် လီဗာကိုအသာအယာနင်းပြီး
မောင်းနေတဲ့ အချိန်၊ ပါဝါအများကြီး မလိုအပ်တဲ့အချိန်
တွေမှာ MDS ကအလုပ်လုပ်တာပါ။ တကယ်လို့များ Load အများကြီး ရုန်းရပြီဆိုရင်တော့ Off နေတဲ့ Cylinder ၄ လုံးက ပြန်လည် အလုပ်လုပ်လာပြီး V8 ၈ လုံး အကုန်လုံး အလုပ်လုပ်မှာပါ။

ဒါပေမယ့် တတိယမျိုးဆက် HEMI တွေ အားလုံးမှာ VCT နဲ့ MDS စနစ်တွေ မပါဝင်ကြပါဘူး။ ပါတဲ့ Version ရှိ
သလို မပါတဲ့ Version တွေလည်း ရှိကြပါတယ်။
Displacement အလိုက် ထွက်တဲ့ပါဝါတွေကို ကြည့်မယ်
ဆိုရင်တော့ 5.7L (345 HP ကနေ 399 HP အထိ)၊ 6.1L
(425 HP) ၊ 6.2L Hellcat (707 HP) ၊ 6.2L Demon (840 HP) ၊ 6.4L Apache (470 HP ကနေ 525 HP အထိ) စသဖြင့် မြင်းကောင်ရေပါဝါတွေကို တွေ့ရပါ
တယ်။ အသုံးပြုတဲ့ကားတွေကတော့ Chrysler 300၊
Chrysler Aspen၊ Ram Pickup ၊ Dodge (Durango,
Magnum, Charger, Challenger) ၊ Jeep (Grand Cherokee, Commander) စသဖြင့် အမေရိကန် Truck
Pickup တွေနဲ့ Muscle ကားတွေမှာ တွေ့မြင်ရပါတယ်။
HEMI အင်ဂျင်ဟာ အမေရိကန်ကားလောကကို တစ်
ခေတ်ဆန်းစေခဲ့ပါတယ်။ Flathead အင်ဂျင်နဲ့ နှိုင်းယှဉ်
ရင် အားသာချက်တွေ အများအပြားရှိနေခဲ့တာကြောင့်
အကြီးအကျယ်အောင်မြင်ခဲ့ရတာပါ။ HEMI အင်ဂျင်ရဲ့
အားသာချက်တွေကတော့ ပထမဆုံးအဖြစ် မီးလောင်ခန်း
ပုံစံကနေ စပြောရမှာပါ။ Flathead အင်ဂျင်တွေမှာ မီး
လောင်ခန်းပုံစံက ကျယ်ပြန့်လွန်းတာကြောင့် Cylinder Head ကို အပူပြန့်လွင့်မှုများပြားလွန်းပါတယ်။ အပူဆုံးရှုံး
မှုများလေ ဖိအားတွေလည်းဆုံးရှုံးမှုများလေ ဖြစ်တာ
ကြောင့် Combustion Stroke ရရှိတဲ့အခါမှာလည်း ပါဝါ လျော့နည်းသွားပါတယ်။ HEMI အင်ဂျင်က မီးလောင်
ခန်းပုံစံမှာ စက်လုံးခြမ်းပုံရှိပြီး ကျစ်လစ်လွန်းတာကြောင့်
Cylinder Head ကို အပူကူးစက်နိုင်မှု လျော့နည်းလွန်းပါ
တယ်။ အပူဆုံးရှုံးမှုနည်းလေ ဖိအားဆုံးရှုံးမှုနည်းလေ ဖြစ်
ပြီး Combustion Stroke ရရှိတဲ့အခါမှာ ဖိအားကောင်း
စွာနဲ့ပေါက်ကွဲနိုင်တာကြောင့် ပါဝါပိုရရှိပါတယ်။

နောက်ထပ်အားသာချက်တစ်ခုကတော့ Valve တွေထိုင်
တဲ့ပုံစံကြောင့် Gas Flow တွေကောင်းတာပါ။ Intake နဲ့
Exhaust Valve တွေကို မီးလောင်ခန်းပေါ်မှာ ဘယ်ညာ
ထိုင်ထားတာကြောင့် Crossflow ပုံစံကိုဖြစ်ပေါ်စေပါ
တယ်။ ဥပမာ Intake Valve က ညာဖက်မှာ ထိုင်ထား
ပြီး Exhaust Valve က ဘယ်ဖက်မှာထိုင်ထားတဲ့အခါမှာ
Intake လေက ညာဖက်ကဝင် မီးလောင်ပေါက်ကွဲ၊ ပြီးရင် လောင်ပြီးသား Exhaust Gas တွေက ဘယ်ဖက်
Exhaust Valve ကနေ ထွက်သွားတာကြောင့် ညာကနေ
ဘယ်ကို ဖြတ်သန်းစီးဆင်းမှု ဖြစ်ပေါ်စေပါတယ်။ အဲ့ဒါ
ကြောင့် Crossflow ပုံစံဆိုပြီး ခေါ်ဆိုကြတာပါ။ HEMI ရဲ့ အားသာချက်ကြီးနောက်တစ်ခုကတော့ Valve တွေ
ကို အရွယ်အစားကြီးမားစွာ တပ်ဆင်နိုင်တာပါ။ Cylinder တစ်လုံးမှာ Valve နှစ်လုံးပဲ ပါဝင်ပြီး အရွယ်
အစားကြီးမားတဲ့ Valve တွေကို တပ်ဆင်နိုင်ပါတယ်။
Valve တွေက အရွယ်အစားကြီးမားတာကြောင့် Intake
လေး အများအပြားဝင်လာနိုင်ပြီး Exhaust Gas အများ
အပြားကိုလည်း လျှင်မြန်စွာစွန့်ထုတ်နိုင်ပါတယ်။ ဒါပေ
မယ့် HEMI အင်ဂျင်မှာ Valve ၄လုံးကို တပ်ဆင်ဖို့ အ
ခက်အခဲများစွာရှိပါတယ်။ မီးလောင်ခန်းက စက်လုံးခြမ်း
ပုံ ရှိတာကြောင့် Valve ၄ လုံးအတွက် နေရာခက်ခဲတာ၊
တပ်ဆင်ခဲ့ရင်လည်း Angle သီးခြားစီဖြစ်နေတဲ့ Valve တွေကို မောင်းနှင်ဖို့ အစိတ်အပိုင်းတွေတပ်ဆင်ရာမှာ
လည်း ခက်ခဲလွန်းတာကိုတွေ့ရပါတယ်။ ဒါကြောင့် HEMI အင်ဂျင်တွေကို Valve ၄လုံးနဲ့ မတွေ့ရပဲ Valve ၂ လုံးနဲ့ပဲတွေ့ရတာပါ။ အားနည်းချက်အနေနဲ့ Valve ၄လုံး
အင်ဂျင် Pent Roof Type မီးလောင်ခန်းပုံစံရှိတဲ့ အင်ဂျင်
တွေ လောက်တော့ Breathing မကောင်းပါဘူး။ Breathing မကောင်းတာကြောင့် RPM မြင့်မားစွာ လည်
ပတ်နိုင်စွမ်း မရှိကြပါဘူး။ဒါကြောင့်လည်း HEMI အင်ဂျင်
တွေကို Low to Mid Range ပါဝါတွေကိုသာ အဓိက ထားတဲ့ Truck Pickup နဲ့ Muscle ကားတွေမှာသာ တွေ့ မြင်ရတာပါ။ HEMI အင်ဂျင်တွေက Displacement များ
တဲ့အတွက် ဆီစားနှုန်းလည်းမြင့်ပါတယ်။ ယခု တတိယ
မျိုးဆက်ရဲ့ Displacement အနည်းဆုံးဖြစ်တဲ့ 5.7L V8
အင်ဂျင်ဟာ Gasoline တစ်ဂါလံကို မြို့တွင်း ၁၇ မိုင် နဲ့
ဟိုင်းဝေး ၂၅ မိုင် အထိ မောင်းနှင်နိုင်ပါတယ်။ ဒါပေမယ့်
လောင်စာဆီ တစ်ဂါလံကို ၂.၅ ဒေါ်လာကနေ ၃.၅ ဒေါ်
လာ အထိရှိပြီး လူတစ်ယောက်ရဲ့ တစ်ရက် ပျှမ်းမျှ ဝင်ငွေ
က ဒေါ်လာ ၁၅၀ ကျော်အထိရှိတဲ့ အမေရိကန်ပြည်
ထောင်စုလို နိုင်ငံတွေမှာတော့ HEMI အင်ဂျင်တွေက
အောင်မြင်လျှက်ရှိပါကြောင်း တင်ပြရင်း အမေရိကန် HEMI အင်ဂျင်နှင့် Flathead အင်ဂျင်များ အကြောင်း ဆောင်းပါးကို ဒီနေရာမှာပဲ နိဂုံးချူပ်​လိုက်ပါတယ်။

စာဖတ်ပရိသတ်များ မော်တော်ကားဗဟုသုတတွေနဲ့ပြည့်
စုံကြပါစေ...

Writer by
ရန်နိုင်ထွေး (Marine Engineer)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html