ဆိုလာစံနစ်နဲ့ပတ်သက်လို့ မေးမြန်းထားကြသူတွေအတွက် အပိုင်း(၅)ပိုင်း ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
Off Grid PV Power System အပိုင်း(1)
ရေအား၊သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး စသည်တို့ မှ လျှပ်စစ်ဓာတ်အားထုတ်ယူ၍ အစိုးရ(သို့)ပုဂ္ဂလိက မှ တာဝန်ယူ ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးသော မဟာဓာတ်အားလိုင်းကွန်ယက်(National Grid) နှင့်ဝေးကွာသော ဒေသများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဆိုလာအခြေပြု
Off Grid PV Power Systemကို တပ်ဆင်အသုံးပြုကြရပါသည်။
Off Grid PV Power Systemတွင် အောက်ဖော်ပြပါ အစိတ်အပိုင်းများ ပါဝင်ပါသည်။
1.PV(photovoltic) Array ဖြစ်ပါသည်။
PV Arrayဆိုသည်မှာ ဆိုလာပြားကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ဆိုလာပြားများသည် နေရောင်ခြည်ရရှိသောအခါ DC Voltageထုတ်ပေးပါသည်။ဒီဇိုင်းအပေါ်မူတည်၍ 12Volt,24Volt,48Voltစသည်ဖြင့် ထုတ်ပေးနိုင်သည်။ဆိုလာပြားမှရရှိသော DC ကို ACသို့ ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် ဘက်ထရီတွင် ဓာတ်အားသိုလှောင်သိမ်းဆီးရပါသည်။ထိုအခါ
2.Charge Controller ကို အသုံးပြုကြရပါသည်။
Charge Controllerသည် Batteryအားပြည့်သည့်အခါတွင် အားသွင်းစံနစ် ဖြတ်တောက်ပေးခြင်း၊ဘက်ထရီအားနည်းသည့်အခါ အားပြန်သွင်းပေးခြင်း၊
ဆိုလာပြားမှ ရရှိသော ဗို့အားကို ဘက်ထရီဆီသို့ လိုသလိုထိန်းညှိပို့ဆောင်ပေးခြင်းစသည်တို့ကို ပြုလုပ်ပေးပါသည်။မှန်ကန်သည့်အားသွင်းစံနစ်ကြောင့် ဘက်ထရီသက်တမ်းကို ကြာရှည်စေပါသည်။
3.Batteryသည် ဆိုလာမှရရှိသော ဗို့အားများကို သိုလှောင်သိမ်းဆည်းရာ နေရာတစ်ခုဖြစ်ပါသည်။
12Volt အမျိုးအစားသည် အသုံးအများဆုံးဖြစ်ပါသည်။Battery၏ စွမ်းဆောင်ရည် ကို Ah(Ampere hour)ဖြင့် ဖော်ပြပါသည်။Ah တန်ဖိုးများလေလေ သိုလှောင်နိုင်စွမ်းများလေလေဖြစ်ပါသည်။Batteryတွင် သိုလှောင်ထားသော DC စွမ်းအင်ကို ACစွမ်းအင်သို့ ပြောင်းလဲပေးရန်အတွက်
4.Inverter System ကို အသုံးပြုကြရပါသည်။
Inverterသည် Batteryမှ DC စွမ်းအင်ကို ACစွမ်းအင်သို့ပြောင်းပေးပါသည်။ထိုမျှသာမက Inverterသည် နေရောင်ခြည်မလုံလောက်မှုကြောင့် ဓာတ်အားလိုအပ်ပါကBackup Generator မှ ရရှိသော ACစွမ်းအင်ဖြင့် Battery များကို အားသွင်းပေးနိုင်ပါသေးသည်။
5.Backup Generator ကို ရာသီဥတုကြောင့် နေရောင်ရရှိမှုနည်းခြင်း၊တခါတရံတွင်စွမ်းအင်ပိုမိုသုံးလိုခြင်းစသည်တို့ကြောင့် ဆိုလာစွမ်းအင် မလုံလောက်သည့်အခါမျိုးတွင် ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် ထည့်သွင်းတပ်ဆင်အသုံးပြုကြပါသည်။
အပိုင်း(2)တွင် အထက်ဖော်ပြပါ ပါဝင်အစိတ်အပိုင်း ၅မျိုးကို မှန်ကန်စွာ ရွေးချယ်တပ်ဆင်နိုင်စေမည့်
နည်းလမ်းများကို ဆက်လက်ဖော်ပြပေးပါ့မယ်ခင်ဗျာ။
Off Grid PV Power System အပိုင်း(2)
Off Grid PV Power Systemရဲ့ အပိုင်းအဆစ်(5)ခုဖြစ်တဲ့ PV Array,Charge Controller,Battery, Inverter Systemနဲ့Backup Generatorတို့အကြောင်းကို အပိုင်း(1)မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဆိုလာအခြေပြု System ဒီဇိုင်းတစ်ခုဆွဲတော့မယ်ဆိုရင် အချက်လေးချက်ကို ခေါင်းထဲထည့်ထားသင့်ပါတယ်။
1.အသုံးပြုလိုတဲ့ Load(ဓာတ်အားအသုံးပြုမှု) ပမာဏဟာ တစ်နေ့တာအတွင်းမှာ ပုံသေအနေနဲ့ရှိမနေနိင်ပါဘူး။အတိုးအလျော့ရှိပါလိမ့်မယ်။
2.နေ့အလိုက် Load သုံးစွဲမှုနှုန်းဟာ တစ်နှစ်ပတ်လုံးမှာ အပြောင်းအလဲရှိနေပါမယ်။တစ်နေ့နဲ့တစ်နေ့ သုံးတဲ့ပမာဏချင်း မတူနိုင်ပါဘူး။အတိုးအလျော့ရှိပါမယ်။
3.ဆိုလာပြားက ရတဲ့ စွမ်းအင် ပမာဏဟာလည်း တစ်ရက်ထဲမှာကို အချိန်နဲ့အမျှ ရရှိနှုန်းချင်း မတူနိုင်ပါဘူး၊အနည်းအများကွာဟပြောင်းလဲမှုရှိနေပါမယ်။
4.တစ်နှစ်ပတ်လုံးမှာလည်း ဆိုလာပြားက ရရှိတဲ့ စွမ်းအင်ပမာဏဟာ တစ်ရက်နဲ့တစ်ရက် မတူညီနိုင်ပါဘူး။ကွာဟချက်ရှိနေပါမယ်။
ဒီအချက် (4)ချက်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် အကောင်းမွန်ဆုံး ဒီဇိုင်းကို တွက်ထုတ်နိုင်ဖို့ အထောက်အကူ ရပါလိမ့်မယ်။
Off Grid PV Power Systemကို အကောင်းဆုံး Design ထုတ်နိုင်ဖို့အတွက်
1.သုံးစွဲမည့် စွမ်းအင်ပမာဏ
2.လိုအပ်မည့် Battery ပမာဏ
3.PV Array သို့မဟုတ် Charger,Generator
စသည့် အခြားSourceတစ်ခုခုမှရရှိရန်
လိုအပ်မည့် စွမ်းအင်ပမာဏ
4.တခြားဆက်စပ်ပစ္စည်းများရွေးချယ်ခြင်း စသည်
တို့ကို Determination လုပ်ဖို့လိုအပ်ပါတယ်။
ပထမဆုံးအနေနဲ့ နံပါတ်(1)ဖြစ်တဲ့ သုံးစွဲမည့်စွမ်းအင်ပမာဏ မှန်ကန်စွာရရှိနိုင်ရေးအတွက် လုပ်ဆောင်ရမယ့် အချက်တွေကို တင်ပြပေးမှာဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင်သုံးစွဲမှုပမာဏကို watt hours(Wh)
သို့မဟုတ် kilowatt hour(kWh)နဲ့ဖော်ပြပါတယ်။
အသုံးပြုမယ့် လျှပ်စစ်ပစ္စည်း တွေရဲ့ နေ့စဉ်သုံး စွမ်းအင်ပမာဏ ကို တွက်ချက်ရန်အတွက် သုံးစွဲမယ့် ပစ္စည်းရဲ့ Watt(W)တန်ဖိုးကို သုံးစွဲ့မယ့်ကြာချိန်hour(h)နဲ့ မြှောက်ပေးရပါတယ်။အဲဒီအခါ Wh ရလာပါလိမ့်မယ်။
သုံးစွဲမယ့်လျှပ်စစ်ပစ္စည်းဟာ ACအမျိုးအစားလည်းဖြစ်ရင်ဖြစ်မယ် DCလည်း ဖြစ်ရင်ဖြစ်ပါမယ်။စာရင်းပြုစုတဲ့အခါ ACအတွက်သပ်သပ် DCအတွက်သပ်သပ်
ခွဲခြားပြုစုပါ။ဥပမာကို Table(1)နဲ့(2)မှာ ပေးထားပါတယ်။
စွမ်းအင်ပမာဏ ဘယ်လောက်သုံးမယ် ဘာတွေသုံးမယ်ဆိုတာကို သုံးမယ့်သူကို တိတိကျကျ မေးပြီး တွက်ချက်ပေးရပါမယ်။ဆိုလာစံနစ်တပ်ဆင်တဲ့အခါ
တပ်ဆင်ပေးသူနဲ့ သုံးစွဲသူကြား အဆက်မပြေမှုများစွာဖြစ်တတ်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းအများစုဟာ တပ်ဆင်သူဘက်ကမှားယွင်းတပ်ဆင်ပေးမှုကြောင့် မဟုတ်ဘဲ သုံးစွဲသူက သူ့ဆိုလာစံနစ်ကနေ အမှန်တကယ်ထုတ်ပေးနိုင်တဲ့ ပမာဏထက် ပိုပြီး ဒီထက်မက စွမ်းအင်ရနိုင်တယ်လို့ထင်တဲ့ ပြဿ နာပဲ ဖြစ်ပါတယ်။ဘာလို့ အဲလိုထင်သလဲဆိုတော့သုံးစွဲသူဟာ Systemရဲ့Power/Energy Limitation တွေကို သတိမမူမိလို့ပါပဲ။
သုံးစွဲသူဟာ Load Assignment Formကို အချိန်ပေးမဖြည့်ချင်ကြပါဘူး။( တီဗွီ တစ်လုံးနဲ့ မီးချောင်း၎ချောင်းသုံးမယ်၊ထမင်းအိုးတည်မယ်၊ဆိုလာဘယ်လောက်နဲ့ဆိုရမှာလဲ......အဲသလိုပဲ လိုတိုရှင်း မေးတတ်ကြပါတယ်။)တပ်ဆင်သူဘက်က ကျတော့ တီဗွီသုံးမယ်ဆိုရုံနဲ့ မပြီးပါဘူး Wattဘယ်လောက်လဲ သိမှရပါမယ်၊မီးချောင်းဆိုရုံနဲ့မပြီးပါဘူး Wattဘယ်လောက်လဲ သိရပါမယ်၊ ဒါမှ မှန်မှန်ကန်ကန် တွက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအချက်ကို သုံးစွဲသူကို သေချာရှင်းပြရပါမယ်။ဆိုလာစံနစ်အကြောင်းEnergy Efficiency အကြောင်းနဲ့တကွ မှန်ကန်စွာတွက်ထုတ်နိုင်ဖို့ တိကျတဲ့အချက်လိုတယ်ဆိုတာတွေကို သုံးစွဲသူသဘောပေါက်အောင် သေချာရှင်းပြပေးဖို့ လိုပါတယ်။Load Assignment Formလေး သေချာဖြည့်ပေးဖို့ သုံးစွဲသူကို အသိပညာပေးရမှာဖြစ်ပါတယ်။
အပိုင်း(3)မှာ Inverter Efficiency ထည့်သွင်းစဉ်းစားခြင်းနဲ့ Battery ရွေးချယ်ခြင်းအကြောင်းတွေကို ဆက်လက်တင်ပြပေးမှာ ဖြစ်ပါတယ်။
Off Grid PV Power System အပိုင်း(3)
အပိုင်း(2)မှာ ဆိုလာစံနစ်နဲ့ အသုံးပြုမယ့် ပစ္စည်းတွေရဲ့ Wh(watt hours)ကို Load Assignment Formနဲ့ စံနစ်တကျ တွက်ချက်ဖို့ တင်ပြခဲ့ရာမှာ
ရှင်းလင်းစရာ(2)ချက်ရှိပါတယ်။အပိုင်း(2)မှာ ဖော်ပြထားတဲ့ Table(2)မှာ Surge Factorဆိုတာပါပါတယ်။
Surge Factor
Surge Factorအကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။လျှပ်စစ်ပစ္စည်းတွေကို စတင်သုံးစွဲချိန်(Starting) အခြေအနေမှာ ပုံမှန်လည်ပတ်သုံးစွဲချိန်ထက် Currentပိုစီးပါတယ်။အဲဒါကြောင့် UPS နဲ့ Inverterတွေအတွက် Start-upမှာ အများဆုံး ထုတ်သုံးပေးရမယ့် Powerကို Surge Factorနဲ့ ထည့်သွင်းစဉ်းစားတွက်ချက်ရတာပဲ ဖြစ်ပါတယ်။
Efficiency of Inverter
Wh တန်ဖိုးကို AC နဲ့ DC နှစ်မျိုးခွဲခြားပြုစုပြီးတဲ့အခါ
DCအတွက် Wh တန်ဖိုးကိုတော့ တိုက်ရိုက်ယူပြီး
ACအတွက် Wh တန်ဖိုးကိုတော့ Inverterရဲ့ စွမ်းဆောင်ရည်(Efficiency) ကိုပါထည့်သွင်းတွက်ချက်ရပါတယ်။အများအားဖြင့်တော့ Inverterတွေရဲ့ Efficiencyဟာ 80%နဲ့ 90%ကြားမှာရှိတတ်ကြပါတယ်။
2.Battery ရွေးချယ်ခြင်း
ဘက်ထရီရွေးချယ်တဲ့အခါမှာ 12V,24V,48Vစသည်ဖြင့် 12V Batteryကို သုံးစွဲကြတာများပါတယ်။
Battery Voltageရွေးချယ်တဲ့အခါ
(i) 1kWh အထိ 12V သုံးပါ။
(ii) 1kWhနှင့် 4kWhအကြားတွင် 24Vသုံးပါ။
(iii)4kWhအထက် ဆိုရင် 48V သုံးသင့်ပါတယ်။
Battery ရဲ့ Maximum Continuous Currentဟာ150Aထက် မပိုရဘူးဆိုတဲ့ ကန့်သတ်ချက် ကိုလည်း မှတ်သားသိရှိထားသင့်ပါတယ်။
Batteryအရွယ်အစားရွေးချယ်ခြင်း
မိမိတို့တွက်ထုတ်ရရှိထားတဲ့ Wh တန်ဖိုးနဲ့
ကိုက်ညီမယ့် ဘက်ထရီ Ah(Ampere Hours)ရွေးချယ်နိုင်ရန်အတွက် ရရှိထားတဲ့ Wh တန်ဖိုးကို Batteryရဲ့ System Voltageနဲ့ စားပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။
Ah=Wh÷System Voltageဖြစ်ပါတယ်။
Depth Of Discharge(DOD)
ဘက်ထရီကို အားကုန်တဲ့အထိမသုံးရပါဘူး။
အပျက်မြန်ပါတယ်။DODဆိုတာဟာ Batteryကို 100% အားအပြည့်မှ အားဘယ်လောက်ကုန်တဲ့အထိ သုံးသင့်တယ်ဆိုတဲ့ %ဖြစ်ပါတယ်။
အများအားဖြင့် 50%ပဲရပါတယ်၊တချို့ဆိုလာ ဘက်ထရီတွေကတော့ 80%အထိ သုံးလို့ရတာတွေလည်းရှိပါတယ်။သတ်မှတ်ပေးထားတာထက်ပိုသုံးရင် ဘက်ထရီ သက်တမ်းတိုပါလိမ့်မယ်။
Battery Correction Factor
Battery Temperature ကိုလည်း ဂရုစိုက်ဖို့လို့ပါတယ်။ဘက်ထရီသက်တမ်းတိုစေနိုင်ပါတယ်။Battery Correction Factor ဇယားကိုလည်း ပုံမှာဖော်ပြပေးလိုက်ပါတယ်။
ဘက်ထရီရွေးချယ်တဲ့အခါ Discharge Rate ကောင်းတဲ့အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်ပါတယ်။နောက်ပြီးတော့ ဘက်ထရီတွေ ချိတ်ဆက်သုံးစွဲတဲ့အခါအတတ်နိုင်ဆုံးSeries သာ ချိတ်သုံးပါ။ လိုအပ်လို့ Parallelသုံးရမယ်ဆိုရင်လည်း တစ်ခုချင်းစီအတွက် Fuseခံပြီးတော့သုံးစေချင်ပါတယ်။
အပိုင်း(4)မှာတော့ PV Array ရွေးချယ်ခြင်းအကြောင်းအသေးစိတ်ကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။
Off Grid PV Power System အပိုင်း(4)
PV Array ရွေးချယ်ရေးအတွက် အထောက်အကူရမယ့် pdfဖိုင်တစ်ခု မျှဝေပေးချင်ပါတယ်။Peak Sun Hour တန်ဖိုး ရယူဖို့အတွက် အထောက်အကူပေးပါလိမ့်မယ်။
Solar Energy Potential and Application in Myanmarဆိုတဲ့ pdf ကို အောက်ပါလင့်ကနေ
ရယူနိုင်ပါတယ်။
https://files.acrobat.com/a/preview/eb2157e7-a61b-44df-bc27-7cefa17d3bf7
အပိုင်း(5)မှာ PSH(Peak Sun Hour)တန်ဖိုးကိုသုံးပြီး PV Array ရွေးချယ်တွက်ချက်နည်းကို ဆက်လက်တင်ပြပေးပါ့မယ်ခင်ဗျာ။
Off Grid PV Power System အပိုင်း(5)
PV Array(ဆိုလာပြား)မှ နေ့စဉ်စွမ်းအင်ရယူရန်အပ်မှုပမာဏအား တွက်ချက်ရန်အတွက် Peak Sun Hour(PSH)တန်ဖိုးရယူနိုင်ဖို့ အပိုင်း(4)မှာ pdfဖိုင်တစ်ခုကိုလေ့လာဖို့ မျှဝေပေးခဲ့ပါတယ်။အခုဆက်လက်တင်ပြပေးမှာက တွက်ချက်ပုံဖြစ်ပါတယ်။
24V, 72Ah ဆိုပါစို့။ ဘက်ထရီအအသစ်မို့သူ့ရဲ့Efficiencyကို 90%ယူတွက်မယ်ဆိုရင်......
72÷0.9=82.2Ah ဆိုလာပြားမှ ရယူရန်လိုအပ်ပါတယ်။
PSHကို 5လို့ထားတွက်မယ်ဆိုရင်.....
82.2÷5=16.5A Output Current ရရှိဖို့လိုအပ်ပါမယ်။
Oversize Factorပါ ထည့်ပြီး
10%လောက်ယူတွက်ရင်....
16.5×1.1=18.1A ဖြစ်ပါလိမ့်မယ်။
Derating Module Performance
PV Array တွေရဲ့ သတ်မှတ်ဖော်ပြချက်ကို
အပြည့်ယူပြီးမတွက်ပါနဲ့ ။Deratingလုပ်ပြီးမှတွက်ယူစေချင်ပါတယ်။
(1)Module Tolerance±3%ဆိုတာမျိုး ပေးထားရင် 3%လျှော့တွက်ပြီးယူပါ။
(2)Dust(ဖုံတွေအမှုန်တွေတင်လို့ နေရောင်ခြည် ရရှိမှုလျော့မှာကိုလည်း ထည့်စဉ်းစားပါ။10%အထိလျော့နိုင်တာကို သိထားပါ။
(3)အပူချိန် 25°Cကျော်ရင် Output Powerလျော့သွားတယ်ဆိုတာလည်း သိထားပါ။
ဖော်ပြပါ ပုံမှ အချက်အလက်အား
Module Tolerence 5% နှင့် Dust 5%ယူတွက်ပါက.....
4.55×0.95×0.95=4.29Aသာ
လက်တွေ့မှာ အမှန်တကယ် ရရှိမှာဖြစ်ပါတယ်။
PV Array ဘယ်နှစ်ခု လိုမလဲ ဆက်တွက်ကြည့်ရအောင်ပါ။
24V ရဖို့ ဆိုလာ(2)ပြား Seriesချိတ်ရပါမယ်။
အတွဲဘယ်လောက်လိုမလဲတွက်ကြည့်ရင်
18.1A÷4.29A=4.22ရပါတယ်။
အနီးစပ်ဆုံး (4)ယူပါမယ်။
Number of module in the array=4×2
ဆိုတော့(8)ပြား လိုပါလိမ့်မယ်။
ဝပ်အားဖြင့် 80W×8=640Wလိုအပ်မှာဖြစ်ပါတယ်။
ဒီတွက်ထုတ်ချက်အရ 24V,72Ah ဘက်ထရီ နဲ့ တွဲဖက်သုံးဖို့ 80Wဆိုလာပြား (8)ချပ် လိုအပ်မှာဖြစ်ပါတယ်။
(လေ့လာချင်သူတွေ မြင်တွေ့လေ့လာနိုင်ကြစေရန်နှင့် ပို့စ်အသစ်တင်တဲ့အခါ တွေ့မြင်ဖတ်ရှုနိုင်ရန်အတွက် Pageကို Like &Share ပြုလုပ်ပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။)
Credit..online
No comments:
Post a Comment