ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားဘီး အလိုင်းမင်းအကြောင်း.. အသေးစိတ်သိချင်လား ဖတ်ကြည့်ပေါ့

“ ကားဘီးအလိုင်းမင့် “

ကားဘီးအလိုင်းမင့်ဆိုတာ ဘာလဲ။ ကားတစ်စီးမှာ စတီယာရင်းချိုး ကွေ့ရတာကောင်းဖို့၊ တာယာပွန်းစားမှုတွေ သက်သာဖို့၊ တာယာဘီးတွေ တည်တည်ငြိမ်ငြိမ်ရှိဖို့၊ ကားဘီးအလိုင်းမင့်မှန်ဖို့လိုပါတယ်။ အလိုင်းမင့်အောက်နေတဲ့ ကားတစ်စီး ဟာ စတီယာရင်းတစ်ဘက်ကိုဆွဲနေတတ်ပါတယ်။ စတီယာရင်းချိုးကွေ့ရတာ မကောင်းပါဘူး။ တာယာပန်းသားတွေ ပွန်းစား တာမြန်ပါတယ်။ တာယာဘီးတွေရဲ့ရပ်တည်မှုနဲ့ ကားဘော်ဒီ ကိုယ်ထည်ချက်ဆီတို့ကြားမှာရှိနေတဲ့ ဂျီသြမေတြီဆက်သွယ်မှု အမျိုးအစားနဲ့ ဒီဂရီအတိုင်းအတာတွေကိုစုပေါင်းပြီး ကားဘီးအလိုင်းမင့်လို့ခေါ်ပါတယ်။ တာယာတပ်ဆင်တည်ရှိမှု ဒီဂရီအချိုး အစားတွေပြောင်းလဲဖြစ်ပေါ်တာကို အလိုင်းမင့်အောက်တယ်လို့ခေါ်ပါတယ်။ ကားဘီးအလိုင်းမင့်ထောင့်ဒီဂရီသုံးမျိုးရှိပါတယ်။ အဲဒါတွေကတော့ -

(1) Toe-in, Toe-out

ကားဘီးအလိုင်းမင့်ထောင့် (alignment) တွေထဲမှာ  Toe-in/Toe-out အလိုင်းမင့်ကအရေးကြီးဆုံးပါပဲ။ တိုးအလိုင်းမင့် (Toe Alignment) တာယာမမှန်ရင်တာယာပွန်းစားတာများမယ်။ ကားတစ်စီးမှာ ရှေ့ဘီးတာယာတွေကဘယ်၊ ညာချိုးကွေ့ ရတာကြောင့် စတီယာရင်းနဲ့တိုက်ရော့ဒ်ဆက်သွယ်မှု၊ တိုက်ရော့ဒ်အဖျားပိုင်းနဲ့ စတီယာရင်းနတ်ကယ် (knuckle Arm) ဆက် သွယ်မှုတွေရှိပါတယ်။

ကားရှေ့ဘီးတာယာနှစ်လုံးကို အပေါ်စီးမြင်ကွင်းမှကြည့်ပါ။ တာယာရှေ့ပိုင်းအကွာအဝေးနဲ့ တာယာနောက်ပိုင်းအကွာ အဝေးတူညီပြီး တာယာဘီးနှစ်လုံးဟာ မျဉ်းပြိုင်ဖြစ်နေရပါတယ်။ ဒီလိုမျဉ်းပြိုင်ဖြစ်နေတာမျိုးကို သီအိုရီသဘောအရ “ZeroToe” လို့ခေါ်ပါတယ်။ တကယ့် လက်တွေ့မှာ ကားတာယာနှစ်ဘီးမျဉ်းပြိုင်ကျနေအောင် ZeroToe အနေထားချိန် ညှိထားလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ကားအောက်ပိုင်းအဆက်တွေ တိုင်းရော့ဒ်တန်း ဂေါ်လီခေါင်းနဲ့ စတီယာရင်အဆက်တွေဟာ အလွတ် ကစားမှု အနည်းငယ်တော့ရှိတယ်။ ကားအောက်ပိုင်းထိန်းချုပ်တန်းတွေ နဲ့ ရာဘာဘွတ်တွေကလည်းစားပြီး ချောင်နိုင်တယ်။ အလွတ်ကစားတာကြောင့် အကွာအဝေးအလျော့အတင်းဖြစ်နိုင်တယ်။

ကားဘရိတ်ဖမ်းတဲ့အချိန် လမ်းအချိုးကို အရှိန်နဲ့ ရုတ်ရက်ချိုး ကွေ့လိုက်တဲ့အချိန်မှာ ကားရှေ့ဘီးနှစ်ဘီးဟာ မျဉ်းပြိုင် အနေအထား Zero Toe မှာမရှိနိုင်ပါဘူး။ ဒီလိုမျိုးအလွတ်ကစားမှုတွေကြောင့် ဖရီးဖြစ်နေတာတွေကိုကာမိစေဖို့ ရှေ့တာယာဘီး ကို  Toe-in ဒါမှမဟုတ် Toe-out အနေအထားမှာချိန်ညှိပေးထားရပါတယ်။

Toe-in ဆိုတာ ကားရှေ့ဘီးနှစ်ဘီးကို အပေါ်စီးကနေကြည့်ရင် ရှေ့ပိုင်းမှာ အနည်းငယ်စုဝင်နေတဲ့အနေအထားကို ပြောတာပါ။ ရှေ့ပိုင်းအကွာအဝေးက နောက်ပိုင်းအကွာအဝေးထက်ပိုငယ်တယ်လို့ဆိုလိုတာပါ။ Toe-out ဆိုတာကတော့ ရှေ့တာယာဘီးကိုအပေါ်စီးကကြည့်ရင် တာယာရှေ့ပိုင်းမှာအနည်းငယ်ကားထွက်နေတဲ့အနေအထားကိုပြောတာပါ။ နောက်ပိုင်း အကွာအဝေးထက်ပိုပြီးကြီးနေတတ်ပါတယ်။ နောက်ဘီး မောင်း(Rearwheel drive) ကားငယ်များ၊ Mi Van ကားများမှာ light track မှာ ရှေ့ဘီးတာယာကို Toe-in အနေအထားမှာ ချိန်ထားရပါတယ်။ ကားအမျိုးအစားအလိုက်ရှိသင့်တဲ့ Alignment Specification သက်ဆိုင်ရာ work shop manual လက်စွဲစာအုပ်မှာဖော်ပြထားပါတယ်။ လူစီးကားငယ်များအတွက် ရှိသင့်တဲ့ Toe-in ပမာဏမှာ 1/16 ထားရပါတယ်။

တိုက်ရော့ဒ်အဖျားပိုင်း ဂေါ်လီသီးများချောင်နေခြင်း၊ ချုပ်တန်းဘွတ် များစားပြီး ချောင်နေခြင်း၊ စတီယာရင်းအဆက်တွေ ချောင်နေတာမျိုးဖြစ်နေရင် ကားရှေ့ဘီးတာယာတွေက အပြင်သို့ကားထွက်ပြီး Toe-out ဖြစ်နေမယ်။ Toe-out များရင် တာယာ များပွန်းစားပြီး ကားမောင်းလို့မကောင်းပါ။

(2) Camber

ကားကိုရှေ့တည့်တည့်အနေအထားမှကြည့်ပါ။ ကားတာယာဘီးအပေါ်ထိပ်ဖျားပိုင်းက ချိန်သီးကြိုးနဲ့ ချိန်ကြည့်ရင်အပြင် ကားထွက်နေတာမျိုး (သို့မဟုတ်) အတွင်းကိုဝင်နေတာမျိုး မြင်တွေ့နိုင်ပါတယ်။ ရှေ့တည့်တည့် ချိန်သီးမျဉ်းကြိုးကနေ သွေဖီနေတဲ့ထောင့်ဒီဂရီတန်ဖိုးကို camber  လို့ ခေါ်ပါတယ်။ ကားဘီးအပေါ်ထိပ်ပိုင်းကအပြင်ကို ကားထွက်နေရင် positive camber လို့ခေါ်ပါတယ်။ အတွင်းကိုစုဝင်နေရင်တော့ negative camber လို့ခေါ်ပါတယ်။ positive camber ရှိတဲ့ကားမှာ စတီယာရင်း knuckle အပေါ်သက်ရောက်နေတဲ့အားတွေက Spindle Base  ပိုပြီး နီးကပ်သွားတာကြောင့် knuckle ထမ်းရတဲ့ ဝန်အားကိုလျော့ကျစေပါတယ်။ positive camber ဒီဇိုင်းက ကားဘီးကိုအတွင်းဘက်ကို တွန်းထားသလိုဖြစ်နေတာကြောင့် ဘီးပြုတ်ထွက်ခြင်းမှ ကာကွယ်ပေးထားပါတယ်။ negative camber ကတော့ ကားကွေ့တဲ့အချိန်မှာ ကားတစ်စီးလုံး တိမ်းစောင်းသွားတာကို ကာကွယ်ပေးထားသလိုဖြစ်တာကြောင့် ရှေ့ဘီးယက်ကားတွေမှာ တပ်ဆင်လေ့ရှိပါတယ်။

(3) ကက်စတာ (Caster)

စတီယာရင်းဝင်ရိုးတန်းမျဉ်း (axis)ကို ဘေးတိုက်အနေထားကြည့်ရင် ချိန်သီးမတ်မျဉ်းကြိုးကနေ ဒီဂရီနည်းနည်းစောင်း နေတာကိုတွေ့နိုင်ပါတယ်။ အဲဒီစောင်းနေတဲ့ဒီဂရီကို caster လို့ခေါ်ပါတယ်။ ရှေ့ဘက်ကို စောင်းနေရင်တော့ neagtive caster လို့ ခေါ်ပါတယ်။ Positive Caster ရှိနေတဲ့ကားမှာ စတီယာရင်းထိန်းချုပ်ကစားရတာ ပေါ့ပါးသွက်လတ်ပါတယ်။ Positive Caster ရဲ့သက်ရောက်မှုက ကားဘီးတာယာတွေကို ရှေ့တည့်တည့်မှာ အမြဲတမ်းရှိနေအောင် ထောက်ပံ့ပေးပါတယ်။ ဒါကြောင့်မို့ Positive Caster ကို သုံးတာများပါတယ်။ Positive Caster ဒီဂရီမှန်နေရင် စတီယာရင်းထိန်းချုပ်ရတာ တည်ငြိမ်မှုရစေပါတယ်။ ဒါပေမဲ့ သတ်မှတ် ဒီဂရီတန်ဖိုးထက်များသွားရင်တော့မကောင်းဘူး။ စတီယာရင်းတစ်ဘက်ကိုဆွဲသွား တာမျိုးတွေဖြစ်တယ်။ ကားဘီး ဘယ်နဲ့ ညာ caster ဒီဂရီခြား နားမှုမရှိသင့်ဘူး။ အများဆုံးမှာ တစ်ဒီဂရီရဲ့ ထက်ဝက် လောက်သာရှိသင့်တယ်။ ကားတစ်စီးမှာ ကားဘီးအလိုင်းမင့်စစ်ဆေးတာ၊ ကားအောက်ပိုင်းစနစ်တွေပြုပြင်ပေးတာ၊ တိုက်ရော့ဒ် ဘောလ်ဂျွိုင်းတွေလဲတာ ရာဘာဘွတ်တွေစစ်ဆေးလဲလှယ်ပေးတာတွေကို ပုံမှန်ဆောင်ရွက်ပေးရပါတယ်။ ကားဘီးအလိုင်းမင့် တွေမှန်ကန်နေဖို့ ကားအောက်ပိုင်းဆပ်စပန်ရှင်းအစိတ်အပိုင်းတွေကောင်းဖို့လိုပါတယ်။ ကားဘီးအလိုင်းမင့်စနစ်နဲ့ အောက်ပိုင်း ဆပ်စပန်ရှင်းစနစ်တို့ တစ်ခုနဲ့တစ်ခုဆက်စပ်နေပါတယ်။ အလိုင်းမင့်အောက်နေတဲ့ ကားတစ်စီးဟာစတီယာရင်းထိန်းချုပ်ရတာ မကောင်းသလို ကားမောင်းလို့လည်း မကောင်းပါဘူး။ အောက်ပိုင်းက အသံမျိုးစုံထွက်နေတဲ့အပြင် တာယာပန်းသားတွေလည်း စားသွားနိုင်ပါတယ်။ ကားဘီးအလိုင်းမင့်အောက်ပိုင်းမကောင်းတာကြောင့် ဘောလ်ဂျွိုင်းကျွတ်ထွက်ပြီး ယာဉ်တိုက်မှုဖြစ်နိုင် ပါတယ်။ ကားမောင်းတဲ့အရှိန်ပြင်းရင် ကားမှောက်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ကားအောက်ပိုင်းကောင်းမှ ကားဘီးအလိုင်းမင့် မှန်နိုင်ပါတယ်။ အလိုင်းမင့်မှန်နေတာကို ထိန်းသိမ်းပေးခြင်းဟာ တာယာသုံးစွဲမှုသက်တမ်းကိုရှည်စေပါတယ်။ ကားအောက်ပိုင်း အသံမြည်ခြင်း၊ ရှေ့တာယာဘီးတုန်ခါခြင်း၊ စတီယာရင်းကွင်းတုန်ခါခြင်း၊ ကားစတီယာရင်းတစ်ဘက်သို့ ဆွဲနေခြင်း၊ ကားကွေ့ လျှင် တာယာပွတ်တိုက်သံမြည်ခြင်း စတဲ့အားနည်းချက်လက္ခဏာတွေကတော့ ကားဘီးအလိုင်းမင့်အောက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကားဘီး အလိုင်းမင့်စစ်ဆေးပါ။ ကားအောက်ပိုင်း အစိတ်အပိုင်းများကိုစစ်ဆေးပါ။ စစ်ဆေးတွေ့ရှိချက်များအရ လိုအပ်ချက်များကိုပြုပြင်ပါ။ ထို့နောက် ကားဘီးအလိုင်းမင့်မှန်အောင် ပြန်ချိန်ပါ။ ခေတ်မီပစ္စည်းကိရိယာစုံလင်တဲ့ အလိုင်းမင့် ဝပ်ရှော့မှာချိန်ပါ။ ကွန်ပျုတာစနစ်သုံးလေဆာအလိုင်းမင့် ချိန်စက်တွေပေါ်နေပါပြီ။ ခေတ်ဟောင်း ချိန်စက်တွေထက်ပိုပြီး တိကျ သေချာတဲ့အဖြေကိုပေးနိုင်ပါလိမ့်မယ်။ ကားအမျိုးအစားလိုက် alignment specification တွေကွဲပြားပါတယ်။ alignment reference manual ကို ကိုးကားပြီး alignment ကိုစနစ်တကျချိန်ပါ။ ကားဘီးအလိုင်းမင့်မချိန်မီ ကားဘီးတာယာပန်းသားများ အစုံလိုက်ညီညာဖို့လိုပါတယ်။ လိမ်နေတဲ့ တာယာဘီး၊ ပန်းသားကုန်နေသောတာယာဘီးများသုံး၍ အလိုင်းမင့်မချိန်ရပါ။ ကားဘီး hub ball များတင်းကျပ်နေဖို့လိုသလို ကားဘီးအလိုင်းမင့်ကို ပုံမှန်ချိန်ပေးဖို့လိုပါတယ်။ နယ်ခရီးဝေး highway မထွက်မီ ကား တာယာများနှင့် ကားအောက်ပိုင်းများကိုစစ်ဆေးပါ။ အလိုင်းမင့်ပြန်ချိန်ပါ။ ကားတာယာဘီးများကိုစစ်ဆေးထိန်းသိမ်းခြင်း၊ ကားအောက်ပိုင်းပုံမှန်ပြုပြင်ခြင်း၊ ကားဘီးအလိုင်းမင့်ပုံမှန်ချိန်ပေးခြင်းများက သင့်ကားအား အမြဲအစဉ်အသင့်ဖြစ်နေစေဖို့နဲ့ အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ဖို့အတွက်ထိန်းသိမ်းစောင့်ရှောက်နေခြင်းဖြစ်ပါတယ်။

Credit
ခရူဇာ (Auto-Trade)
@AutoCar Buyers'Guide Journal (Every Thursday)
https://www.facebook.com/officialautocarjournal

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html