ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဒီဇယ်အင်ဂျင်စက်နှိုးရ ခက်ခဲသော အကြောင်းတရားများ

ဒီဇယ်အင်ဂျင်စက်နှိုးရ ခက်ခဲသော အကြောင်းတရားများ  🚜🚛🚚🚙🚒🚑🚐🚓🚔🚕


 ဒီဇယ်အင်ဂျင်သုံး မော်တော်ယာဉ်များတွင် အများဆုံး ဖြစ်တတ်သော ချွတ်ယွင်းချက်မှာ စက်နှိုးရ ခက်ခဲခြင်းနှင့် ရုတ်တရက် စက်သေ သွားသော ပြဿနာများဖြစ်သည်။ ဒီဇယ်အင်ဂျင်များ၏ သဘာဝသည် အကြမ်းခံပြီး စွမ်းအား ကြီးမားသည်။ သို့သော်လည်း ပုံမှန် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်သည်။ ဒီဇယ်ကားတစ်စီး ရုတ်တရက် စက်ထိုး ရပ်သွားခြင်းသည် ဖြစ်ခဲလှသော်လည်း ဖြစ်တတ်သော ချွတ်ယွင်းမှု လက္ခဏာဖြစ်သည်။ ဒီဇယ်ကား ဒရိုင်ဘာတစ်ဦးသည် အတွေ့အကြုံရင့်ကျက်ပါက အဘယ်ကြောင့် စက်ထိုးရပ်သွားသည်ကို နားလည်နိုင်သည်။

 ဒီဇယ်ကားစက်နှိုးရ ခက်ခဲသောပြစ်ချက်များ
 ဒီဇယ်အင်ဂျင်တွင် Ignition စနစ်မပါ၍ မီးလောင်ပေါက်ကွဲမှုဖြစ်ရန် လုံလောက်သော အပူနှင့် အင်ဂျင် Compression ကောင်းရမည်။ Fuel Injection စနစ် ကောင်းမွန်မှန်ကန်ရမည်။ ဒီဇယ်အင်ဂျင် တစ်လုံး စတင်စက်နှိုးရန် ခက်ခဲစေသော အကြောင်းများစွာ ရှိသည်။ အအေးဓါတ်လွန်ကဲသော ဆောင်းရာသီမျိုးတွင် စက်နှိုးရသည်မှာ ပို၍ ခက်ခဲတတ်သည်။ စက်နှိုးရ ခက်ခဲသောရောဂါ နှင့်အပြစ်များကို သိရှိထားလျှင် ပြဿနာများကို ဖြေရှင်းနိုင်မည်။
ဒီဇယ်အင်ဂျင် တစ်လုံး၏ အခြေခံ သဘော တရားများကို သိရှိနားလည်ထားလျှင် ချွတ်ယွင်းချက်များကို ရှာဖွေရ လွယ်ကူမည်။
 ဒီဇယ်အင်ဂျင်သည် ဓာတ်ဆီအင်ဂျင်ထက် Compression မြင့်မားသည်။ ထို့ကြောင့် စက်နှိုး မော်တာနှင့် ဘက်ထရီးများ အားကောင်း ရသည်။ ရာသီဥတုအေးနေသော အခြေအနေတွင် Glow Plug များက ကြိုတင် အပူပေး၍ ကူညီရသည်။ ဒီဇယ်ဆီပို့ စနစ်မှ ဆီလိုင်းများ ပိတ်ဆို့မနေရ။ လေခိုမနေရ။ ဆီထဲတွင် ရေများရောနှောပါ နေ၍မရ။
 Diesel Injection စနစ် သည် ဆီများ အထူး သန့်ရှင်းမှုကို ကြိုက်သည်။ အရည် အသွေး မမီသော ဒီဇယ်ဆီများတွင် ဖယောင်းနှင့် ဆာလဖာ ပါဝင်မှု များနေသောကြောင့် Injector (သို့မဟုတ်) Nozzle များတွင် ဒုက္ခပေး တတ်သည်။
  ဒီဇယ်ကားတစ်စီး မော်တာဆွဲသော်လည်း စက် နှိုးရန် ခက်ခဲနေသော အားနည်းချက်များ ရှိသည်။
 ကြိုတင်အပူပေးသော Glow Plug (Heat Plug) များကောင်းရမည်။ လုံလောက်သော အပူမရပါက စက်စတင် နှိုးရန်ခက်ခဲသည်။ Glow မီး ပေးရာတွင် Timer Relay က အချိန်ဖြတ် ပေးသည်။ Glow ပလပ်တစ်လုံးကို အချိန် ကြာကြာ လျှပ်စစ်ပါဝါ ပေးလိုက်လျှင် အပူလွန်ပြီး Glow Plug များ လောင်ကျွမ်း သွားတတ်သည်။ ကားသော့ ဖွင့်လိုက်လျှင် Glow မီး အပူပေး နေသည်ကို ကွိုင်ပုံသင်္ကေတဖြင့် ပြသည်။ အင်ဂျင်တစ်လုံးတွင် Glow Plug (၆)လုံးရှိပါက (၆)လုံး စလုံး ကောင်းရမည်။ အပူပေးနိုင် ရမည်။ Glow Plug (၂)လုံးခန့် ညာနေလျှင် စက်နှိုးရ ခက်ခဲစေသည်။
 အင်ဂျင် Compression ကောင်းရမည်။ Compression ကောင်း/မကောင်း Tester နှင့် တိုင်းတာစစ်ဆေး နိုင်သည်။ အင်ဂျင် Compression ကျဆင်းနေပါက အင်ဂျင် စတင်နိုးရန် လုံလောက်သော အပူပမာဏ မဖြစ်တော့ပါ။ Valve များ အထိုင်လုံရမည်။ Piston Ring များလုံရမည်။ ဂတ်စ်ကတ် လုံရမည်။ ထိုအချက်များ မပြည့်စုံပါက အင်ဂျင် Compression ကျဆင်းနေမည်။ Compression ကျနေသော ဒီဇယ်အင်ဂျင်သည် စက်နှိုးထိုင်းမည်။
 Starter Motor နှင့် ဘက်ထရီများ အားကောင်း မှ ဒီဇယ်အင်ဂျင်တစ်လုံး စတင်စက်နှိုးချိန်တွင် လှည့်အား ကောင်းမည်။ Motor လှည့်အား ကောင်းမှ အင်ဂျင်ခပ် သွက်သွက် လည်မည်။ ဘက်ထရီနှင့် စက်နှိုးမော်တာ စနစ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော အစိတ် အပိုင်းများ ဖြစ်သည်။
 Fuel Injection လိုင်းတွင် ပန့်၊ နော်ဇယ်များ ကောင်းမွန်ပြီး ဆီပို့စနစ်မှန်ပါက အလွယ်တကူ ကားစက် နှိုးနိုင်မည်။ ခေတ်ဟောင်း ဒီဇယ်စနစ်တွင် ပန့်နှင့်နော် ဇယ်များ အရည်အသွေး ကောင်းမှ စက်နှိုးရလွယ်မည်။ ဆီစစ်ဘူးတွင် ဆီချေးများ၊ အနယ်အနှစ်များ ပိတ်နေပါက စက်နှိုးရ ခက်ခဲနေမည်။
ဒီဇယ်အင်ဂျင်တစ်လုံး၏ Fuel Injection System တွင် လေခိုသွားခြင်း၊ ဆီထဲတွင် ရေများ ရောပါနေခြင်း၊ ဆီမသန့်ခြင်း၊ ဒီဇယ်စစ်ဘူး ပိတ်ဆို့နေခြင်း စသော အားနည်းချက်များသည် ရုတ်တရက် စက်ထိုးရပ်သွားစေသော အကြောင်းများ ဖြစ်သည်။
 အခြားဖြစ်နိုင်သော အချက်များမှာ Timing Belt ကြိုးပြတ်ခြင်း နှင့် Pump Stop Valve ကို ပါဝါ Supply လုပ်ပေးသော ၀ါယာကြိုး အဆက်ပြတ်ခြင်း တို့ကြောင့်လည်း စက်ရပ်သွား နိုင်သည်။
 ဆီတိုင်ကီတွင် ဆီလက်ကျန် နည်းပါးနေသော အချိန်တွင် လမ်းမျက်နှာပြင် တိမ်းစောင်းမှု အခြေအနေများကြောင့် ဆီလိုင်းတွင် လေခို သွားနိုင်သည်။ ဒီဇယ်ဆီပိုက်လိုင်းတွင် လေခိုသွားပါက ပန့်နှင့်နော်ဇယ်များမှ ဆီ ဖြန့်ပေးသော ပမာဏ မမှန်တော့ဘဲ ဆီပြတ်ပြီး စက်သေ သွားတတ်သည်။ ဒီဇယ်ဆီဖြည့်စဉ်က မိုးရေများ ရောနှောပါသွားပါက ထိုရေများသည် ဆီပိုက်လိုင်း မှတစ်ဆင့် ပန့်၊ နော်ဇယ်များသို့ ရောက်သွားပြီး စက်သေစေနိုင် သည်။
 ထို့ပြင်သန့်ရှင်းမှုမရှိသော ဆီများကြောင့် ဆီစစ်ဘူးတွင် ပိတ်ဆို့ပြီး ပန့်သို့ ဒီဇယ်ဆီများ မရောက် ပါက အင်ဂျင်ချောဆီ ငတ်ပြီး စက်သေ နိုင်သည်။ လူစီးကားလေးများမှ ဒီဇယ်ပန့် ပီနီယံကို Timing Belt ကြိုးနှင့်ချိတ်ဆွဲပြီး Cam Shaft တိုင်မင်အတိုင်း လည်ပတ်စေသည်။ ရာဘာ Belt ကြိုးသည် သက်တမ်း ပြည့်ပါက ပြတ်တတ်သည့် အမျိုးဖြစ်သည်။ တစ်ခါတစ်ရံ Timing Belt ကြိုးရာဘာအသားများကို စက်ဆီ၊ ချောဆီ၊ ဒီဇယ်ဆီများ ပေကျံပါက သက်တမ်း မပြည့်မီ ပျက်စီးသွားတတ်သည်။ အင်ဂျင်တစ်လုံး တိုင်မင်ကျ လည်ပတ်နိုင်ရန် Timing Belt ကြိုးသည် Cam Shaft နှင့် ဒီဇယ်ပန့်ကို လှည့်ပေး ရသည်။ ကြိုးပြတ်သွားပါက Timing Out သွားပြီး စက်ရပ်သွားမည်။ စက်ထိုးရပ်ရုံတင်မက Cam Shaft နှင့် Valve များထောက်မိပြီး အင်ဂျင်ပါ ပျက်စီးသွားနိုင်သည်။
 ဒီဇယ်အင်ဂျင် စက်သတ်ရန် ဆိုလိုနွိုက် Stop Valve ကိုကစား ပေးရသည်။ ယာဉ်မောင်းကားသော့ ပိတ်လိုက်ခြင်းသည် Stop Valve ကို လျှပ်စစ်ဖြတ် တောက်လိုက်ခြင်း ဖြစ်သည်။ ဆိုလိုနွိုက်ကွိုင်သို့ သွယ်တန်း ထားသော ကားသော့အုံမှ လာသော ၀ါယာကြိုး သည် အကြောင်း တစ်ခုခုကြောင့် ၀ါယာ အဆက်အသွယ် ပြတ်သွားပါက ကားသော့ ပိတ်လိုက်သကဲ့သို့ ဖြစ်သွား၍ Stop Valve ကိုပိတ်သွား စေသည်။
 ဤကဲ့သို့ ၀ါယာ ဆက်သွယ်မှု ချွတ်ယွင်းချက် ဖြစ်ပါက ရုတ်တရက် အင်ဂျင်စက်သေ သွားတတ်သည်။ ဒီဇယ်ကားတစ်စီး စက်ထိုး ရပ်သွားပါက မော်တာဆွဲ၍ စက်ပြန် နှိုးကြည့်ပါ။ မော်တာတစ်ချက် ဆွဲရုံဖြင့် စက်ပြန် မနှိုးနိုင်ပါက ဘာကြောင့်ဖြစ်ရသည်ကို အပြစ်ရှာဖွေ စုံစမ်း ရမည်။ စစ်ဆေးရမည်။ လမ်းပေါ်တွင် ကားလိမ့် နေပါက အန္တရာယ် ကင်းသော လမ်းဘေး နေရာလွတ် တစ်ခုရှာပြီး ကားရပ်နားရမည်။ ကားစက်ပျက်၍ ရပ်ထားကြောင်း လမ်းပေါ်မှ အခြား ကားဆရာများ မြင်သာအောင် အချက်ပြထား ရမည်။
   ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ ဦးစားပေး အလုပ်ဖြစ်သည်။
အချို့သော ယာဉ်မောင်းများသည် စက်ပျက်၍ ရပ်ထားသော နေရာသည် အန္တရာယ်မလွတ် ကင်းသော နေရာဖြစ်သည်ကို ဂရုမပြုမိကြဘဲ လမ်းဘေးတွင် ဖြစ်သလို ရပ်လိုက်ကြသည်။ နောက်ကား ၀င်တိုက်၍ မလိုလားအပ်သော Accident ဖြစ်ရသည်။ ညအချိန် မြင်ကွင်း မကောင်းသော အခြေအနေနှင့် ရာသီဥတု မကောင်းသော အခြေအနေများတွင် လမ်းဘေး ကားရပ်ထား ရသည်မှာ ပို၍ အန္တရာယ် များသည်။ အဝေးပြေး လမ်းမကြီးများတွင် လမ်းဘေး မလွတ်ကင်းသော နေရာ၌ ကားရပ်မိ၍ နောက်ကား ၀င်တိုက်မိသော အဖြစ်ဆိုးများ မကြာခဏ ဖြစ်ပေါ်နေသည်။
 ဒီဇယ်ကား စက်ထိုးရပ်သွားစေနိုင်သော နောက် တစ်ချက်မှာ အင်ဂျင်အပူလွန်ကဲခြင်း ဖြစ်သည်။ ရေတိုင်ကီပေါက်၍ ရေယိုကျ နေသည်ကို မသိရှိလိုက်ဘဲ အင်ဂျင်အပူချိန် ရုတ်တရက် မြင့်တက်လာပါက အင်ဂျင် ဂျမ်းဖြစ်ပြီး စက်ထိုး ရပ်သွား တတ်သည်။ အင်ဂျင်အပူလွန်ကဲလျှင် အင်ဂျင်အတွင်းမှ သတ္တုပစ္စတင်များ ပွတက် လာပြီး အင်ဂျင် မရုန်း နိုင်တော့ဘဲ အင်ဂျင်ကျပ် သွားတတ် သည်။ အင်ဂျင် Overheat ဖြစ်၍ စက်ထိုးရပ်ခြင်း ဖြစ် သည်။
  အင်ဂျင်စက်ထိုး ရပ်သွားသည် အထိ ဖြစ်စေသော အကြောင်းတရားများကို ရှာဖွေစစ်ဆေး ရမည်။ စက်ဖုံးဖွင့်၍ မျက်မြင် စစ်ဆေးပါ။ အင်ဂျင်အပူချိန်၊ အင်ဂျင်အနံ့၊ အင်ဂျင်အခြေအနေကို ကြည့်ပါ။ အင်ဂျင် မပူပါက Hand Pump ပြန်ရိုက်ကြည့်ပါ။ ဒီဇယ်ဆီလိုင်းတွင် ဆီပြတ်လတ်နေပါက Hand Pump ရိုက်ကြည့်လျှင် ပျော့နေမည်။ ဆီလိုင်းတွင် လေခို/ လေအောင်းနေ ခြင်းရှိ/မရှိ ပန့်လေချူခေါင်းကို လျှော့ပါ။ Hand Pump ရိုက်ပါ။ လေခိုနေပါက လေနှင့်ဆီများ ရောနှော၍ အန်ထွက်လာမည်။ လေကုန်သွားလျှင် လေချူခေါင်းကို ပြန်လည် တင်းကျပ်လိုက်ပါ။ ဆီစစ်ဘူး အောက်ခြေမှ ရေဖောက်ချ၍ ရသော ပလပ်ပေါက်ကို ဖွင့်ကြည့်ပါ။ ဆီစစ် ဘူးထဲတွင် အနယ်ကျ နေသော ရေနှင့် အညစ်အကြေးများ ထွက်ကျ လာမည်။ ပလပ်ပေါက်ပြန်ပိတ်၍ Hand Pump ပြန်ရိုက်ပါ။

 စက်နှိုးမော်တာ ဆွဲကြည့်၍ အင်ဂျင် လည်လျှင် Timing Belt ကြိုး မပြတ်ပါ။ ကြိုးပြတ်လျှင် အင်ဂျင် လုံးဝ လှည့်မရပါ။ အချို့သော ဒီဇယ်အင်ဂျင်များ၊ ချိန်းကြိုးနှင့် Cam Shaft ကိုလှည်စေလျှင် ဒီဇယ်ပန့်ကို ရာဘာ Belt ကြိုးနှင့်သာ လည် စေသည်။ Belt ကြိုးပြတ် / မပြတ် သိရှိ နိုင်ရန် ကာဘာ ဖွင့်ကြည့်၍ စစ်ဆေး ရမည်။
 ဒီဇယ်ပန့် Stop Valve အလုပ် လုပ်/မလုပ် စစ်ဆေးရန် မှာ ကားသော့ အဖွင့်အပိတ် လုပ်၍ ဆိုလိုနွိုက် Valve ကစားသော အသံကို နားထောင်ကြည့်ရန် ဖြစ်သည်။ တစ်ခါတစ်ရံ ဆိုလိုနွိုက်ကွိုင် လောင်သွား၍ Valve အဖွင့်/ အပိတ် လုပ်၍ မရခြင်းလည်း ဖြစ်တတ်သည်။ ပန့် Stop Valve အလုပ်မလုပ်လျှင် စက်နှိုး၍ မရပါ။
 ဆီလိုင်း၊ ဆီစစ်ဘူး၊ ရေတိုင်ကီအပူချိန်၊ Timing Belt ကြိုး၊ Stop Valve များ၊ Glow Plug မီးများ အားလုံး Ok ပြီး ဘက်ထရီနှင့် မော်တာ အားကောင်းပါက ကားစက် ပြန်နှိုး ကြည့်လျှင် ဒီဇယ်အင်ဂျင်စက်နိုး လာရမည်။


🏞🏝🏜🏖🏕🗻🏕🌏🌍🌎
Credit》》
ဆရာမာစတာ(စက်မှု)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html