ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဆိုင်ကယ် ရှော့ဘားလေးတွေ ကလိကြစမ်းပါ။ ပြုပြင် လေ့လာကြည့်ကြမယ်

ရှော့ဘားလေးတွေ ကလိကြစမ်းပါ။

ဆိုင်ကယ်ချစ်သူ ညီကိုတော်များ သိကြတဲ့ အတိုင်း 
ဒီရက်ထဲ ကျွန်တော် ဆိုင်ကယ်တော်တော်များများနဲ့ ခရီး တော်တော်များ ထွက်ဖြစ်နေပါတယ်။

အဲ့ ဒီမှာ တစ်ခု သတိထားမိတာက ဆိုင်ကယ်စီးသူတော်တော်များများက သူတို့ ဆိုင်ကယ်တွေရဲ့ Suspension လို့ခေါ်တဲ့ ရှော့ဘားတွေကို မတို့မထိ မကလိပဲ ဒီအတိုင်း စီးနေကြတာပါပဲ။
ရှော့ဘား
မြန်မာတွေခေါ်တာ ရှော့ဘား ပါ။ဘိုလိုကတော့ Shock absorber ပါ။

Shock =ရုတ်တရက် တုန်ခါမှုတွေကို
Absorb=စုပ်ယူ
Er =ပေးသူ
ဟုတ်ပါတယ် ဆိုင်ကယ်မှာ ဖြစ်ဖြစ် ကားမှာ ဖြစ်ဖြစ် တပ်ထားတဲ့ ရှော့ဘားတွေဟာ လမ်းတွေပေါ်က ဂျိုင့်တွေ ကျင်းတွေထဲ ကို ဘီးတွေကျသွားတဲ့ အခါ ဖြစ်လာတဲ့ တုန်ခါမှုတွေကို သက်သာအောင် ပပျောက်အောင် စုပ်ယူ ဒဏ်ခံ ပေးတာပါ။နောက်ပြီး တာယာ ကို လမ်းမျက်နှာပြင်နဲ့ အမြဲထိတွေ့နေရလေအောင် ဆောင်ရွက်ပေးပါတယ်။

ဆိုင်ကယ်တွေရဲ့ suspension စနစ်မှာ စပရိန်ကို အခြေခံထားပါတယ်။စပရိန်က ဆိုင်ကယ်ဝိတ်ကိုရော စီးသူရဲ့ ၀ိတ်ကိုရော ထမ်းပေးပါတယ်။ဒါပေမယ့် Bouncing လို့ ခေါ်တဲ့ စပရိန်ရဲ့ တုန့်ပြန်မှုကြောင့် ခုန်တာကိုတော့ Damper လို့ ခေါ်တဲ့ ကိရိယာလေးက ပြန်ထိမ်းပေးပါတယ်။


Damper ဆိုတာ မြင်သာအောင်ပြောရရင် စက်ဘီး လေထိုးတံကို ဆီဖြည့်ထားတာပါပဲ။သူက ဆိုင်ကယ် ချိုင့်ထဲကျလို့ စပရိန်ပျော့ဝင်သွားတာကိုလည်း ထိမ်းပေးတယ်။ဝင်သွားတဲ့ စပရိန် ပြန်ကန်ထွက် လာတာကိုလည်း ထိမ်းပေးတယ်။သူက သာ ထိမ်း ပေးမနေရင် ချိုင့် တစ်ခု ကျလိုက်တာနဲ့ စပရိန်က ၀င်လိုက်ထွက်လိုက် ညွှတ်ပဲ့ ညွှတ်ပဲ့ ၄ခါ ၅ ခါ လောက် ဖြစ်နေတာနဲ့ ဆိုင်ကယ်က စီးလို့ကို ရတော့မှာ မဟုတ်ဘူး။အဲ့ဒီ Damper လေးရဲ့ အ၀င်အထွက် အနှေးအမြန် ကိုတော့ အရင်တုန်းက အထဲက ဗားတွေမှာ ဆီဖြတ်သန်းစီးဆင်းတဲ့ အပေါက် အကျဉ်းအကျယ်ရယ် ထည့် သုံးတဲ့ ဆီ အထူအပါးရယ် နဲ့ ကစားကြပါတယ်။ရှေ့ဘီးကို ထိမ်းတဲ့ ရှော့ဘားတွေမှာ စပရိန် ရယ် ဗားတွေရယ် ဆီရယ်ကို ပိုက်လုံးထဲမှာ ထည့်ပြီးတပ်ထားတာမို့ Telescopic fork လို့ခေါ်ပါတယ်။(BMW ရဲ့ Monolever တွေ Duolever တွေ Vincent ရဲ့ Girdraulic fork တွေကို တော့ ခဏ ဖယ်ထားရအောင်) နောက် ရှော့ဘား ကျတော့ Damper ရဲ့ အပြင်မှာ စပရိန် ကို ထားလေ့ရှိပါတယ်။


အခု နောက်ပိုင်းမှာတော့ 
ဆိုင်ကယ်ပေါ်မူတည်ပြီး ရှော့ဘားတွေရဲ့
Preload
Damping
+ Compression Damping
+ Rebound Damping
ဆိုတာတွေကို တစ်ချို့ကိုသော်လည်းကောင်း အကုန်လုံး ကိုသော်လည်းကောင်း ချိန်ပေး ကစားပေးလို့ ရလာပါတယ်။
အဲ့ဒါလေးတွေကို တစ်ခုချင်းရှင်းချင်လို့ ဒီပို့စ်ကို ရေးရတာပါ။ပြန်ရှင်းပြလို့ ရအောင် တော်တော်လေး အပင်ပန်း ခံ လိုက်ဖတ်ထားရတာမို့ သေချာလေး ဖတ်စေချင်ပါတယ်။ကျွန်တော် ရေးထားတာလေးတွေကို နားလည် သဘောပေါက်လို့ ချိန်တတ် ကလိတတ်သွားရင်လည်း ခင်ဗျားတို့ ဆိုင်ကယ်လေးတွေ ပိုစီးကောင်းလာမယ် ပို အန္တရာယ် ကင်းလာမယ် ဆိုတာလည်း အာမခံပါတယ်။


Preload
ကို့အလေးချိန် ဆိုင်ကယ် အလေးချိန်နဲ့ ကိုက်အောင် စပရိန်ကို ကြိုကန်ပေးထားတာကို ခေါ်ပါတယ်။အများစု အလွယ်တကူ လုပ်တတ်ကြပါတယ်။များသောအားဖြင့် နောက်ရှော့ဘားတွေကို အလွယ်တကူ ချိန်လို့ရပါတယ်။

အဲ့ဒီတော့ ဆိုက်ကယ်ကို မတ်မတ်ထောင်ထားပြီး နောက်ဘီးရဲ့ ၀င်ရိုးပေါ်တည့်တည့် ဖင်မှီးပေါ်မှာ ခဲတံ နဲ့ လိုင်းတစ်လိုင်းဆွဲပြီး အဲ့ လိုင်းနဲ့ နောက်ဘီး ၀င်ရိုးနဲ့ အကွာအဝေးကို တိုင်းထားပါ။
ပြီးရင် စီးမယ့်လူ တက်ထိုင် ခြေထောက်တွေ ခြေတင်ပေါ်တင် ဘီးကို မတ်မတ်ဖြစ်နေအောင် လူ တစ်ယောက်က ဘေးကနေ ထိမ်းထားပြီး ခုဏ တိုင်းထားတဲ့ နောက်ဘီး ၀င်ရိုးနဲ့ ဖင်မှီးပေါ်က ခဲတံလိုင်းကို ပြန်တိုင်းပါ။လူမထိုင်ခင်က တိုင်းထားတာနဲ့ လူတက်ထိုင်ပြီးတိုင်းတာက 30mm လောက် နည်းရပါမယ်။ဆိုလိုတာက လူ ထိုင်လိုက်တာကြောင့် ဆိုင်ကယ်က 30mm လောက် နိမ့်ဆင်းရပါမယ်။အဲ့ဒီထက် ပိုနေရင် စပရိန် preload ကို တင်ပေးပါ။အဲ့ဒီလောက်မှ မနိမ့်သွားရင် စပရိန် preload ကို လျှော့ပေးလိုက်ပါ။ဒါ နောက်ရှော့ဘားအတွက် preload ချိန်နည်းပါ။

ရှေ့ရှော့ဘားကျ ဖောက်ရှပ်ပေါ်မှာ Cable tie (မြန်မာတွေကတော့ ဂျပန်နှီးလို့ ခေါ်ကြတာပေါ့)လေးကို မလျော့ မတင်း ချည်။
ပြီးတော့ လမ်းချော လမ်းကောင်း စုံအောင် မောင်းကြည့်။ပြန်လာရင် ဖောက်ရှပ်မှာ ချည်ထားတဲ့ cable tie လေးကိုကြည့်။ရှော့ဘား အဆုံးနဲ့ 10mm အကွာအဝေး လောက် ကျန်ရင် ရပြီ။အဲ့ထက် ပိုဝေးနေရင် စပရိန် preload ကို လျှော့ပေးပါ။အဲ့လောက်မှ မကျန်ရင် စပရိန် preload ကို တင်ပေးလိုက်ပါ။
စပရိန် ကို ချိန်တဲ့ အကြောင်း ပြောပြီးတဲ့ နောက်မှာ စပရိန်ကို ပြန်ထိမ်းတဲ့ Compression နဲ့ Rebound Damping အကြောင်း ပြောပါ့မယ်။


Compression Damping ဆိုတာ က စပရိန် ပျော့ဝင်သွားတဲ့ လှုပ်ရှားမှုကို ထိမ်းပေးတာပါ။ဂျိုင့် တစ်ခု ကျရင် ပုံမှန်ဆို စပရိန်က ပျော့ဝင်သွားမှာပဲ အဲ့လို ပျော့ဝင်တဲ့ နေရာမှာ မြန်မြန်ဝင်မလား နှေးနှေးဝင်မလားဆိုတာကို သူနဲ့ ထိမ်းပါတယ်။

Rebound Damping ဆိုတာကတော့ ခုဏ က ပျော့ဝင်သွားတဲ့ စပရိန်က သူ့နဂို အနေအထားကို ပြန်ကန်ထွက်လာတဲ့ အခြေအနေကို ခေါ်တာပါ။Rebound Damping ကို ချိန်ပေးခြင်းအားဖြင့် မြန်မြန်ပြန်ထွက်မလား နှေးနှေး ပြန်ထွက်မလား ဆိုတာကို ထိမ်းလို့ရပါတယ်။Rebound ကို ဆိုင်ကယ်ရှေ့ဖောက်တွေပေါ်မှာ TEN ဆိုတဲ့ စကားလုံး နဲ့လည်း ဖော်ပြတတ်ပါတယ်။

ပုံမှန် ရှော့ဘားတွေမှာ Rebound ကို ဖောက်ရဲ့ အပေါ်မှာ ချိန်လို့ရပြီး Compression ကို ဖောက်ရဲ့ အောက်ခြေကနေ ချိန်လို့ရပါတယ်။

ဖောက်ပြောင်းပြန် လို့ ခေါ်တဲ့ up side down ဖောက်တွေမှာတော့ Rebound ကို ဖောက်ရဲ့ အောက်ခြေကနေ ချိန်လို့ရပြီး compression ကို ဖောက်ရဲ့ အပေါ်ကနေ ချိန်လို့ရပါတယ်။တစ်ချို့ ဘီးတွေမှာတော့ စပရိန်ကို တစ်ဘက်မှာထားပြီး တစ်ဖက်မှာ ပဲ Rebound ရော Compression ရော ချိန်လို့ရအောင် လုပ်ပေးထားပါတယ်။နောက် ရှော့ဘားတွေမှာတော့ rebound တွေ compression တွေ သပ်သပ်မခွဲတော့ပဲ Hard,soft ဆိုပြီး ၀က်အူလှည့်နဲ့ ဘယ်လည် ညာလည် လှည့်လို့ရတဲ့ စကူလေးပဲ ပါတာများတယ်။


ရှေ့ ရှော့ဘားတွေမှာလည်း အဲ့လိုပဲ ၀က်အူလှည့်နဲ့ လှည့်စရာ စကူလေးတွေ ပါပါတယ်။တစ်ချို့က လှည့်ရင် ကလစ် ကလစ် ဆိုတဲ့ အသံလေး ကြားရမယ်။တစ်ချို့ကတော့ မကြားရဘူး။အသံကြားရရင် ကြားတဲ့ အသံကို အချက်ရေ မှတ်ပြီး လှည့်ပါ။အသံ မကြားရရင်တော့ အပတ်ရေ မှတ်ပြီး လှည့်ပါ။နာရီလက်တံ လည်တဲ့ အတိုင်း လှည့်ရင် ရှော့ဘား မာလာမှာ ဖြစ်ပြီး နာရီလက်တံ လည်တာရဲ့ ပြောင်းပြန် လှည့်ရင် ရှော့ဘားပျော့မှာပါ။
တစ်ချို့ ဘီးတွေမှာ ဖောက် တစ်ချောင်းစီမှာ rebound ရော compression ရော ချိန်စရာ ပါပါတယ်။အဲ့ဒါဆို ဖောက် ဘယ်ညာ ၂ ဘက်လုံး မှာ ရှိတဲ့ rebound ကို လှည့်ပြီး ချိန်ထားတဲ့ အပတ်ရေ၊compressio ကို လှည့်ပြီး ချိန်ထားတဲ့ အပတ်ရေ တစ်ဖက်နဲ့ တစ်ဘက် တူဖို့လိုပါတယ်။ဒါမှ ဖောက် ၂ ချောင်းရဲ့ တုံ့ပြန်မှုကလည်း တူမှာပါ။ဘယ်ဟာ ဘယ်လောက်လှည့်ထားလဲ သိချင်ရင် အဆုံးအထိ နာရီလက်တံ လည်သလို ကြပ်ကြည့်လိုက်ပါ။အဆုံး ရောက်ဖို့ ဘယ်နှစ်ပတ် လှည့်ရသလဲ(သို့)ကလစ် ကလစ် အသံ ဘယ်နှစ်ချက် ကြားရသလဲ မှတ်ထားပါ။ပြီးတော့ အရင်အတိုင်း စီးလွိုကောင်းရင် အရင်အတိုင်း ပြန်ထားပါ။ မကောင်းရင် လိုသလို အတိုးအလျှော့ လုပ်ပါ။တစ်ခါ လှည့်ရင် အပတ်တစ်ဝက်လောက်ပဲ လှည့်ပြီး အနှေး အမြန် အကြမ်း အချော စီးကြည့်ပါ။စိတ်တိုင်းမကျမှ နောက် တစ်ဝက်လောက် ထပ်လှည့်ပါ။ဆိုလိုချင်တာက တစ်ခါထဲ ၂ ပတ် ၃ ပတ် လှည့် မပစ်လိုက်ဖို့ပါ။

KTM တို့ Kawasaki တို့မှာ စပရိန်က တစ်ဘက် ရှော့ဘားက တစ်ဘက်ပါ။စပရိန်ရှိတဲ့ ဘက်မှာ preload ချိန်လို့ရပြီး ရှော့ဘားရှိတဲ့ ဘက်မှာ rebound ရော compression ရော ချိန်ညှိ စရာ စကူ ၂ လုံးပါပါတယ်။

အရေးကြီးတာက သေးသေးလေးတွေမို့ တအား မလှည့်မိဖို့ လိုပါတယ်။လှည့်ရင်း လှည့်ရင်း ကြပ်သွားရင် ဆုံးပါပြီ တအားထပ်မလှည့်ပါနဲ့ ပျက်သွားမယ်။

နောက် ရှော့ဘားကတော့ အများအားဖြင့် rebound ,compression ခွဲ မထားပဲ hard ,soft ဆိုပြီးပဲ ချိန်စရာ စကူ တစ်လုံးပေးထားပါတယ်။

အဲ့ဒီတော့ ကို့ ဘီး စီးမကောင်းဘူး သက်တောင့်သက်သာ မရှိဘူး ထင်ရင် အဲ့ဒါလေးတွေကို နည်းနည်းချင်း စိတ်ရှည် လက်ရှည် ကလိကြည့်ကြပါ။တစ်ချို့ ဘီးတွေမှာတော့ ချိန်လို့ မရပါဘူး။ကြီးတာ သေးတာနဲ့ မဆိုင်ပဲ ကုမ္ပဏီ နဲ့ ဈေးနှုန်းပေါ်မူတည်ပြီး ချိန်စရာ ပါတာ မပါတာ ကွာပါတယ်။

ဒီတော့ ဒါလေးတွေက ဘယ်လောက်အရေးပါ သလဲ ဆိုတာကို အောက်မှာ ပုံလေးတစ်ပုံ ထည့်ပေးထားပါတယ် ။အရောင်လေးတွေနဲ့ ခွဲပေးထားတာကိုလည်း ရှင်းပြပါ့မယ်။ကွေ့ တစ်ခုကို ၀င်တော့မယ်ဆိုရင် အရင်ဆုံး အရှိန်လျှော့ဖို့ ဘရိတ်ဖမ်းရပါတယ်။ရှေ့ဘရိတ်ကို အများစု သုံးပါတယ်။အဲ့ ဒီ အချိန်မှာ အနီရောင် ဇုန်လေးထဲကို ရောက်နေပြီး ရှေ့ဘရိတ် ဖမ်းတာကြောင့် ဆိုင်ကယ်ခေါင်းက ရှေ့ကို ငိုက်ဆင်းလာပြီး ရှေ့ ရှော့ဘားတွေရဲ့ Compression damping က အလုပ် လုပ် နေပါတယ်။


အဲ့ဒီကနေမှ အဝါရောင်ဇုန် ထဲ ရောက်လာတော့ ရှေ့ဘရိတ်ကို လွှတ်ပြီး လီဘာ ကို အသာလေး ကိုင်ထားပါတယ်။အဲ့ အချိန်မှာ Rebound damping က အလုပ်လုပ် ပါပြီ။ရှော့ဘားက စပရိန်ရဲ့ ကန်အားရယ် rebound damping ရဲ့ ထိမ်းချုပ်မှုရယ်နဲ့ မူလနေရာကို အသာလေး ပြန်ထွက်လာပါတယ်။

ပြီးတော့ အစိမ်းရောင်ထဲလဲ ရောက်ရော လီဘာကို ဆွဲထည့်လိုက်တဲ့ အချိန်မှာ နောက်ရှော့ဘားလေးက အင်ဂျင်ရုန်းအားကြောင့် ပျော့ကျသွားပြီး ဆိုင်ကယ်ကလည်း ဖင်လေးထိုင်ခါ ပြေးထွက်သွားပါတယ်။

ဒါ ကွေ့တစ်ခုကို ပြိုင်ဆိုင်ကယ်တစ်စီး ၀င်တာ ထွက်တာကို အနုစိတ် သုံးသပ်ပြထားတာပါ။အဲ့ဒီမှာ Compression Damping ,Rebound Damping,Preload တွေရဲ့ ပါဝင်ပတ်သက်မှုတွေကို တွေ့ရမှာပါ။

တစ်ချို့တွေ ကွေ့တဲ့ အချိန်မှာ လဲသွား တာတို့ သူများလိုင်းထဲ ရောက်သွားတာတို့ ဖင်လည်ထွက်ကုန်တာတို့ဟာ ရှော့ဘားတွေရဲ့ တုံ့ပြန်မှုတွေ မမှန်လို့ပါ။

Compression ပျော့ရင် ဘယ်လိုဖြစ်တတ်တယ်။မာရင် ဘယ်လို ဖြစ်တတ်တယ်။

Rebound ပျော့ရင် ဘယ်လို ဖြစ်တတ်တယ် မာရင်ဘယ်လို ဖြစ်တတ်တယ် ဆိုတာတွေ ရှင်းပြနေရင် ပိုရှုပ်ကုန်မှာမို့ ဒီလောက်ပဲ ပြောပြပါရစေ။


ကို့ဆိုင်ကယ်နဲ့ ကို့ဝိတ်နဲ့ လိုက်အောင် ချိန်စရာလေးလည်း ပါလာတယ်ဆို ချိန်ကြည့်ကြ ကလိကြည့်ုကြပါ။ပို စီးကောင်းလာပါလိမ့်မယ်။

အားလုံး ဆိုင်ကယ်ဗဟုသုတနဲ့ ပြည့်စုံကြပါစေ။

ဩော် ဘားအံမှာ ကိစ္စလေးရှိလို့ လုပ်ရင်းနဲ့ ဘုန်းကြီးကျောင်းမှာတည်း ဘုန်းကြီး ကျွေးတာ စားရင်း ရေးရတာမို့" ကျောက်ရောင်း ကားစပ်"

"ကျောင်းရောက် ကပ်စား "လို့ ပြောတာနော် အထင်တွေ ကြီးမနေနဲ့ဦး။

Credit..













Good luck guys

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html