ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားအင်ဂျင်စက်နှိုးမရလျှင် အရေးပေါ် ဆောင်ရွက်ရန်အချက်လက်များ

ကားအင်ဂျင်စက်နှိုးမရလျှင်
🔥🔥🔥🔥🔥

🚌ခရီးထွက်ဖို့၊ လည်ပတ်ဖို့ ကြိုတင်ပြင်ဆင်ရတဲ့အလုပ်တွေထဲမှာ အဓိကကျတာကတော့ မော်တော်ကားဘဲ။ ကားကောင်းမှ စိတ်ချမ်းချမ်း သာသာနဲ့ လျှောက်လည်လို့ရမယ်။ သင်္ကြန်မှာ ကားတွေအဖြစ်များတဲ့ပြ ဿနာကတော့ စက်နှိုးမရတဲ့ အခက် အခဲဘဲ။ ကားတွေကကျပ်၊ လမ်းတွေ ကပိတ်၊ ကားစက်ကနှိုးမရ။ ကားတွန်း ပြီးစက်နှိုးဖို့တောင်မလွယ်။ ကားတန်း ကြီးကအရှည်ကြီး။ ကားတွန်းဖို့လူ အင်အားကောင်းရင် တော်ပါသေးတယ်။

🚌ကားစက်နှိုးမရတဲ့အခက်အခဲမျိုး ကို ကားဆရာတိုင်းကြုံဖူးကြပါတယ်။ ဒီလိုမျိုး စက်နှိုးမရတဲ့ပြဿနာက မနက်စောစော ကားစက်စနှိုးနှိုးခြင်းမှာ အဖြစ်များတယ်။ မိုးရေကြီးတဲ့လမ်း မှာဖြတ်မောင်းလာလို့ စက်သေသွား တာမျိုးဖြစ်နိုင်တယ်။ သင်္ကြန်မှာ ရေ ပတ်ခံထွက်ရင်းနဲ့ စက်သေသွားပြီး၊ စက်ပြန်နှိုးမရတာမျိုးလည်းဖြစ်တတ်ပါတယ်။ ကားတစ်စီးရဲ့ ဖွဲ့စည်းပုံ၊ အလုပ် လုပ်ပုံအကြောင်းတွေကို အခြေခံကျ ကျနားလည်းထားပြီး အတွေ့အကြုံ များတဲ့ကားဆရာတွေကတော့ ဒီလို စက်နှိုးမရတဲ့ အခက်အခဲကို အလွယ်တကူဖြေရှင်းတက်ကြပါတယ်။ အခုမှ ကားမောင်းတတ်ကာစလူငယ်တွေ အတွက်တော့ ကားစက်နှိုးမရတဲ့ပြဿ နာက အတော်ခေါင်းရှုတ်စရာကောင်းပါတယ်။

♈ဓာတ်ဆီကားတစ်စီး စက်နှိုးနိုင် ဖို့၊ အဓိကအချက် ၃ ချက်ပြည့်စုံ ကောင်းမွန်ဖို့လိုပါတယ်။ အဲဒီအချက် တွေကတော့
📍 စက်နှိုးမော်တာစနစ်(Starting System)၊
📍 လောင်စာဆီ ပို့စနစ် (Fuel System) နဲ့
📍 မီးပေးစနစ် (Ignition System) တို့ဖြစ်ပါတယ်။

♌ဓာတ်ဆီအင်ဂျင်တစ်လုံး စက် စတင်နှိုးလိုက်တဲ့အချိန်မှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေ၊ ဘာလို့လှုပ် ရှားနေသလဲ။ ဒီဖြစ်စဉ်က ဘာတွေ လုပ်နေသလဲကြည့်ရအောင်။
ကားသော့အုံထဲကို ကားသော့ တံ (Key) ထည့်ပြီးလှည့်လိုက်တယ်။ သော့တံနှစ်ဆင့်လှည့်လိုက်တာနဲ့ ဘက်ထရီကပါဝါတွေ ကားတစ်စီးလုံး ကိုရောက်သွားပြီး ကားစက်နှိုးရမယ့် အဆင်သင့်အနေအထားကိုရောက်နေ ပါတယ်။ အဆင်သင့်အနေအထားဆို တာ မီးစနစ်၊ ဆီပို့စနစ် အဆင်သင့် ဖြစ်နေတာကို ဆိုလိုပါတယ်။ မီးကွိုင် တွေ မီးပလပ်တွေက မီးပွား (Spark) ပွင့်ပေးဖို့ Ready ဖြစ်နေတာကိုပြောတာပါ။

🅰စတာဒါမော်တာ (Starter Motor) စဆွဲဖို့ ကားသော့ကို “start” အနေအထားရောက်အောင်လှည့် လိုက်တာနဲ့ မော်တာစရုန်းပါတယ်။ ဘက်ထရီလည်း အားအပြည့်အဝရှိ မယ်။ မော်တာလည်းကောင်းမယ်ဆိုရင် စက်နိုးမော်တာရုန်းတာ အား‌ကောင်းပါတယ်။ ဘက်ထရီအားမ ပြည့်ရင်တော့ မော်တာအိပ် နေပါ လိမ့်မယ်။ ဘက်ထရီအားအပြည့်ရှိပြီး မော်တာမှာ အားနည်းချက်တစ်ခုခုရှိ ထားရင်လည်း မော်တာရုန်းတာအား မကောင်းနိုင်ပါဘူး။

♍ကားသော့လှည့်လိုက်တာနဲ့ ဘက်ထရီက လျှပ်စီးကြောင်းမှာ Battery Relay ကိုရောက်မယ်။ ပြီး တော့ မော်တာဆိုလိုနွိုက် (Solenoid) လှုပ်ရှားလာပြီး point ၂ ခုထိ ကပ်သွားတာနဲ့ အားအလွန်ကောင်း တဲ့ ဘက်ထရီကေဘယ်လ်ကြိုးက လျှပ်စီးကြောင်းဟာ မော်တာထဲပြေး သွားပြီး မော်တာကိုအားပြည့်နဲ့ လှည့် ပေးပါတယ်။ မော်တာက  Drive Pinionက အင်ဂျင်ဖလိုင်းဝှီး Ring Gear ကိုချိတ်မိပြီး အင်ဂျင် ကိုအား ကောင်းကောင်းနဲ့လည်ပတ်စေပါတယ်။ စက်နှိုးတဲ့အချိန်မှာ အန္တရာယ်ကင်း အောင် Neutral Safety Switch တပ်ဆင်ထားပါတယ်။ တကယ်လို့ စက်နှိုးမဲ့အချိန်မှာ ဂီယာဝင်နေရင် ကားစက်နိုးသွားတာနဲ့ ကားကရှေ့ကို ဆောင့်ပြီးထွက်သွားနိုင်ပါတယ်။ ဒီလို မျိုးမဖြစ်နိုင်အောင် Safety Switch က ကာကွယ်ပေးပါတယ်။

♎ကားသော့လှည့်တယ်။ မော်တာ ဆွဲကြည့်တယ်။ မော်တာလုံးဝမလည် ဘူး။ ဒီလိုအခြေအနေမျိုးဖြစ်ရတဲ့အ ကြောင်းရင်းတွေကတော့
📌 ဘက်ထရီအားမရှိတာလား။ (ဘက်ထရီမကောင်းတာလား၊ ချာဂျင် အားလုံးဝမဝင်တာလား)
📌 ဘက်ထရီကေဘယ်လ်ကြိုး နဲ့ ဘက်ထရီခေါင်းအဆက်ချောင်နေ လား။
📌 Starter Relay ဝါယာလွတ် နေတာလား။
📌 ကားသော့အုံ (Ignition Switch) ကိုကမကောင်းတာလား။ (ကားသစ်တွေတောင် သော့အုံမ ကောင်းလို့ Recall ပြန်လုပ်နေရတယ်။ ဆိုတာ နမူနာရှိပါတယ်။)
📌 Neutral Safety Switch မ‌ကောင်းတာလား။
📌 Starter Motor မှာ ကာဗွန် စားပြီတိုနေသလား။ အာမေချာကြေး စိတ်ခေါင်းတွေစားပြီး ချိုင့်ဝင်နေသ လား။ (ကာဗွန်နဲ့ကြေးစိတ်ခေါင်းမထိ ရင် လျှပ်စစ်မစီးနိုင်တာကြောင့် ဆာ ဗစ်စင်မလုပ်တာကြာနေပြီလား။
မော်တာဆားဗစ်စင်မလုပ်တာ ကြာနေပြီလား။
📌 တိုင်ပင် Belt ကြိုးပြတ်ပြီး အင်ဂျင်ဂျမ်းဖြစ်သွားရင်လည်း မော်တာလုံးဝလှည့်လို့မရတော့ဘူး။

📌 နောက်ပြဿနာတစ်မျိုးက Air Cleaner အပေါက်က ရေတွေဝင် သွားပြီး အင်ဂျင်ထဲကိုပါ ရေရောက် သွားရင် Hydrolock ကျသွားပါတယ်။ ဂတ်စ်ကတ်ပေါက်ပြီး ရေတွေ ဆလင် ဒါထဲဝင်နေရင်လည်း Hydrolock ကျ နေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ရင် အင်ဂျင်ကျပ်နေပြီး မော်တာလုံးဝမလည် နိင်တော့ပါဘူး။

♈ဘက်ထရီနဲ့မော်တာမှာ ဘာပြ ဿနာမှမရှိဘဲ မော်တာလည်တယ်။ အင်ဂျင်ပါလိုက်လည်တယ်။ ဒါပေမဲ့ မော်တာဆွဲတာဘယ်လောက်ကြာ ကြာ စက်နှိုးမလာဘူး။ ဆီကြောင့် လား။ မီးပျောက်နေတာလား။

✒ဆီကြောင့်ဖြစ်နိုင်တဲ့အားနည်းချက်တွေ၊ စက်နှိုးမရတဲ့အကြောင်းအ ရင်းတွေကတော့
📍 ဆီပန့် (Fuel Pump)  မလည် တာလား။ Relay တွေမ ကောင်းလို့ ဆီပန့်အလုပ်မလုပ်တာ လား။
📍 ဆီတိုင်ကီမှာ ဆီလက်ကျန် နည်းနေတာလား။ ဆီထဲမှာ ရေနဲ့ အညစ်အကြေးအမှိုက်တွေရှိသလား။
📍 ဆီစစ်ဘူး၊ ဆီလိုင်းတွေပိတ် နေသလား။
📍 ဆီဖိအားထိန်း Regulator မကောင်းတာလား။
📍 Fuel Injector ကို မီးမရောက် လို့ Injector အလုပ်မလုပ်တာလား။
📍 Injector မှာ ဆီပိတ်နေသ လား။
📍 ဆင်ဆာတွေမကောင်းတာ လား။ (Crankshaft Position Sensor မကောင်းရင် Injector အလုပ်မ လုပ်ပါ)
📍 အင်ဂျင်လေအဝင်လိုင်းမှာ Vaccum Leak ဖြစ်နေသလား။
📍 EFI စနစ်သုံးတဲ့ကားတွေမှာ Anti-theft System နဲ့ အင်နားရှား Fuel Shut-Of Safety Switch စနစ်တွေနဲ့ ကာကွယ်ထားပါတယ်။ ကားသူခိုးမှန်က Anti-theft စနစ်က သိတာနဲ့ ကားစက်နှိုးမရအောင်လုပ် ထားတာပါ။ နောက်တစ်မျိုးက ယာဉ်တိုက်မှုပြင်းထန်ခဲ့ရင် ဆီပန့်ကို အလို အလျောက်ပိတ်ပစ်တဲ့စနစ်က ကားမီး လောင်မှုမဖြစ်အောင် ကာကွယ်ပေး ထားပါတယ်။

♋မော်တာလည်းကောင်းတယ်။ ဆီလည်းရောက်တယ်။ ဆီလည်းမှန် တယ်။ ဒါပေမဲ့ ကားစက်မနိုးဘူး။ မီး ပျောက်တာဘဲဖြစ်ရမယ်။ ဓာတ်ဆီ အင်ဂျင်မှာ ဆီလည်းမှန်ရမယ်။ မီးလဲ မှန်ရမယ်။
 
🅾 မီးပေးစနစ်အားနည်းချက် တွေကိုကြည့်ရအောင်
📌 ခေတ်ပေါ်ကားတွေရဲ့ မီးစနစ် ကို အရင်ပြောမယ်။ ဒစ်စတြီဗျူတာ သုံးတဲ့ခေတ်ကုန်သွားပြီး။ ကွန်ပျူတာ က မီးစနစ်ကိုထိန်းချုပ်တယ်။ မီးကွိုင် က အရင်တုန်းကတစ်လုံးတည်းသုံး တာ ဒီခေတ်မှာ  t-coil စနစ် ပလပ်တစ်လုံးကို Coil တစ်လုံး ဒါမှမဟုတ်ရင်  Ignitor တစ်လုံးသုံးတယ်။ မီးတိုင်ပင်စောတာ၊ နောက်ကျတာ အားလုံး ကွန်ပျူတာ (PCM) ကထိန်း ချုပ်ထားပါတယ်။
📌ဘယ် piston ကို မီးပေးရမ လဲဆိုတာ Crank Shaft Position ဆင်ဆာကသတင်းပို့တဲ့အချက်ပြကို အခြေခံပြီး  PCM ကအမိန့်ပေးတယ်။ အဲ့ဒီဆင်ဆာမကောင်းရင် မီးမထွက် ဘူး။
📌 Ignition Coil  ဒါမှမဟုတ် Ignitor မကောင်းရင် ပလပ်ကိုမီးမ ရောက်ဘူး။
📌 ပလပ်ထိပ်တွေမီးစားနေမယ်။ ညစ်ပတ်နေမယ်ဆိုရင် ပလပ်မခုတ် ဘူး။ မီးမကူးဘူး။
📌 ပလပ်ဝါယာသုံးနေသေးတဲ့ ကားတွေမှာ ပလပ်ဝါယာမကောင်းရင် မီးပျောက်နေမယ်။
📌 ဒစ်စတြီဗျူတာဟောင်းတွေ သုံးနေသေးတဲ့ ခေတ်နောက်ကျတဲ့ ကားတွေမှာ Braker-Point မကောင်း ရင် မီးမထွက်ဘူး။ Cap ဖုံးမှာ ရေစို သွားရင် ပလပ်ကြိုးတွေမကောင်းရင် မီးပျောက်ပါတယ်။ ဒစ်စတြီဗျူတာက ရေကြောက်ပါတယ်။ ရေကြီးနေတဲ့ ကားလမ်းမှာမောင်းတာနဲ့ မီးပျောက် ပါတယ်။
📌 သင်္ကြန်မှာ ဒစ်စတြီဗျူတာ သုံး အန်းတိတ်ကားတွေ သတိထား ပါ။ ရေဝင်တာနဲ့ မီးပျောက်ပြီး စက် နှိုးလို့မရတော့ပါဘူး။
📌 Ignition Switch (ကားသော့ အုံ) မကောင်းတာ ဖျူးပြတ်တာRelayဗူးမကောင်းတာတွေလည်း ဖြစ်တတ်ပါတယ်။
📌 ဒစ်စတြီဗျူတာစနစ်သုံး မီးကွိုင်တွေကပူလာရင် အလုပ်မလုပ် ပါဘူး။ ဒီကွိုင်တွေကညံ့ပါတယ်။ ကွိုင်တစ်လုံးထဲသုံးတဲ့အတွက် မီး ထွက်အားနည်းပါတယ်။
📌 တစ်ချို့ကားတွေမှာ ပွိုင့်မသုံး တော့ဘဲ IC (ကျောပိုးအိတ်) စနစ်ကို သုံးပါတယ်။  IC မကောင်းတော့ရင် လည်း မီးပျောက်နိုင်ပါတယ်။
မီးရ၊ မရ ပလပ်တစ်လုံးချင်း မီးစမ်းကြည့်လို့ရပါတယ်။ ပလပ်ကြိုး တွေ၊ ပလပ်တွေလည်း အားလုံး ကောင်းနေမှ မီးစနစ်ကောင်းပါတယ်။
မီးတွေ၊ ဆီတွေအားလုံး မှန် တယ်။ မော်တာလည်းကောင်းတယ်။ ဒါပေမဲ့ စက်နိုးရတာခက်နေသေးတယ် ဆိုရင်တော့ အင်ဂျင်ဖိသိပ်အား (Compression) ကျနေလို့ဖြစ်ပါလိမ့် မယ်။ နောက်တစ်ချက်က အိတ်ဇော စနစ်ပိတ်နေရင်လည်း Back Pressure ဖြစ်ပြီး စက်နိုးက ခက်ပါတယ်။
လျှောက်လည်မယ်ဆို ရင် သုံးမဲ့ကားကို စိတ်ချနေအောင် ကြိုတင်ပြုပြင်ထားပါ။

ဘက်ထရီဒိုင် နမို၊ မီးစနစ်၊
ပလပ်၊ ပလပ်ကြိုး၊ ကွိုင်၊
ဆီပို့စနစ်အားလုံးကို စစ်ဆေးပါ။ အင် ဂျင်ကျူးနင်းလုပ်ထားပါ။ တာယာနဲ့ ဘရိတ်တွေလည်းကောင်းဖို့လိုပါတယ်။
🚘🚘🚘🚘🚘

Credit》》
ဆရာ KMA
(သိပ္ပံနှင့်နည်းပညာ)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html