ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Nitrogen vs. Air: သင့်ကားရဲ့တာယာ နိုက်ထရိုဂျင်ထိုးမှာလား ရိုးရိုးလေထိုးမှာလား

Nitrogen vs. Air: သင့်ကားရဲ့တာယာ နိုက်ထရိုဂျင်ထိုးမှာလား ရိုးရိုးလေထိုးမှာလား

မိတ်ဆွေတို့ရဲ့ ကိုယ်ပိုင်ကားတာယာတွေ တချိန်က သာမန်လေကိုဖြည့်ကြရာကနေ။ အခု nitrogen ပြောင်းလဲ ဖြည့်တင်းလာကြပါပြီ။ တချို့လဲ technical ကျကျ nitrogen ရဲ့ အကျိုးကျေးဇူး နားလည်ကြတယ် သုံးကြတယ်။ တချို့လဲ လွဲမှားစွာနဲ့ highway ကားမောင်းယင် ရိုးရိုးလေက ပိုကောင်းတယ် ဆိုပြီး မှတ်သားကျသူများ လဲရှိသေး။ တချို့လဲ အများကကောင်းတယ်ဆိုလို့သာ သုံးနေတာ ဘာကောင်းတာ ဘာဆိုးတာ မသိကြပါဘူး။ ကျွန်တော် ကိုယ်တိုင်လဲ အများကြီး မသိပါဘူး။ အခုတော့ အချိန်ရနေတုန်း ရှာဖွေဖတ်ရှုမှတ်သားယင်းနဲ့ ကျွန်တော် နားလည်ထားတာလေးတွေ ပြန်လည်မျှဝေပါမယ်။

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်လေထုထဲမှာ အကြမ်းဖျင်းအားဖြင့် Nitrogen 78%, Oxygen 21%, အခြားရေငွေ့နဲ့ hydrogen တွေ တခြားဓါတ်ငွေ့တွေပါဝင်တဲ့ inert gas 1% ရှိပါတယ်။ ကျွန်တော်တို့ အသက်ရှုနေတာ၊ Engine တွေက suction လုပ်မီးလောင်နေတာ၊ compressor တွေ က compress လုပ်ပြီး ရေစက်အနေနဲ့ မှုတ်ထုတ်နေတာ၊ ကားလေထိုးနေတာ စသည်ဖြင့် သုံးနေကြရတဲ့ ပတ်ဝန်းကျင်လေတွေက ဒါတွေပါပဲ။

ဒါဆိုယင် မေးစရာ ရှိလာပြန်ပါရော။ 78% ရှိပြီးသား Nitrogen ကိုအလိုလိုရနေပြီးသား ဘာဖြစ်လို့ ပိုက်ဆံပိုပေးပြီး Nitrogen ဆိုတာထိုးမှာလဲ။

ဟုတ်ကဲ့….. အလွယ်ဆုံးတွေးယင် အကျိုးမှ မထူးယင်တော့ ဘယ်သူမှ အလကားပိုက်ဆံပိုပေးပြီး nitrogen မထိုးပါဘူးခင်ဗျာ။

အကျိုးကျေးဇူးတွေကတော့

1. Longer Tire and Rim Life (တာယာနှင့် ခွေသက်တမ်း ရှည်စေပါတယ်)

Nitrogen ထိုးတယ်လို့ မမြင်ပါနဲ့။ Oxygen, Hydrogen စတဲ့ gas တွေဖယ်ထုတ်တယ်လို့ မြင်ပါ ။ တာယာထဲက Oxygen 21 % ကို အားလုံးနီးပါးဖယ်ထုတ်တယ်လို့ မြင်ပါ။ အကျိုးကျေးဇူးက တာယာထဲမှာ Oxygen သိပ်နည်းသွားလို့ ရေငွေ့ ကျန်တာ၊ အေးယင်ငွေ့ရည်ဖွဲ့ ဂွေရဲ့ သံသား သတ္တုသားတွေ မှာ Oxygen နဲ့ ဓာတ်ပြုတာ Oxidation ဖြစ်တာ၊ ခွေ အတွင်းသားတွေ သံချေးတွေ အညှိတွေ ချိုးတက်တာတွေ အင်မတန်နည်းသွားပါတယ်။ ထို့အတူ Oxygen နဲ့တာယာ အတွင်းသားတွေ ဓာတ်ပြုဖို့လဲ အင်မတန်နည်းသွားပါတယ်။ တကယ်လို့သာ ရိုးရိုးလေသုံးယင် Oxygen နဲ့ ဓာတ်ပြုပြီး တာယာ အတွင်းသား ရာဘာတွေ မာလာပါမယ်၊ အဲဒီအကျိုးဆက်အနေနဲ့ တယာရဲ့ ကြုံ့ကြွ ဆန့်နိုင်မှုဆိုတဲ့ tensile strength ကျပါမယ်။ အယင်လို ပျော့ပျော့ပြောင်း သိပ်မရှိတဲ့အခါ။ shock ဆိုတဲ့ တစုံတခုနဲ့ ခပ်ပြင်းပြင်းထိခိုက်မိယင် တာယာ ကွဲဖို့ပိုလွယ်ပါတယ်။ Nitrogen သာသုံးယင် အဲဒါတွေ အလွယ်တကူ မဖြစ်ပါ။ တာယာသက်တမ်းရှည်ပါတယ်။
သိပ်အေးတဲ့ဒေသတွေမှာ ရိုးရိုးလေထိုးယင် တာယာထဲမှာ ရေငွေ့တွေ ရေခဲ တတ်ပါတယ်။ အဲဒီအတိုင်းမောင်းယင် ရေခဲတွေ တာယာအတွင်းပိုင်းကို ပွတ်ပြီး ကြာယင်တာယာ ပျက်စီးစေနိုင်တယ်။

ကျွန်တော့် ကိုယ်တွေ့အရ အလုပ်ထဲမှာရှိတဲ့ ကားကြီး ကားလတ် ကားသေး 35 tons truck ကားကနေ ကားပေါက်စ Hilux 4WD Double Cab, Prado, Isuzu Trooper, Isuzu 4WD Double Cab တွေအထိ အားလုံး သာမန်လေထိုးသုံးပါတယ်။ ကားလုံးနီးပါး Tubeless Tire တွေပါပဲ။ နှစ်ပေါင်းများစွာ ကြာပေါ့ အခုလဲ သာမန်လေသာထိုးနေဆဲပါ။ Nitrogen ကောင်းမှန်းသိပေမယ့် နယ်မှာ Nitrogen ထိုးစရာတာယာဆိုင် အခုအထိသိပ်မရှိသေးပါ။

သတိထားမိတာက Disc Wheel ခွေအတွင်းပိုင်းတွေ နှုတ်ခမ်းတွေ သံခွေ ဆိုယင် သံချေး အလွယ်တကူတက်။ နောက်ပိုင်းတာယာ ဖြုတ်တပ်လုပ်ယင် ခွေနှုတ်ခမ်းကို ကော် compound သုတ်ပြီးမှ တာယာတပ် လေထိုးလုပ်လို့ရပါတယ်။ မဟုတ်ယင် လေစိမ့်ပါတယ်။ အဲဒါ Nitrogen မထိုးပဲ ရိုးရိုးလေကိုထိုးတဲ့ အပစ်တွေထဲက မြင်သာထင်ရှားတဲ့ အပြစ်တခုပါ။

2. Stability Tire Pressure, Contact Patch on the Road & Increased Fuel Efficiency (တာယာ Pressure တည်ငြိမ်ခြင်း၊ လမ်းနှင့်တာယာ အထိမှန်ခြင်း၊ ဆီစားသက်သာခြင်း)

ရိုးရိုးလေ ထိုးထားတဲ့တာယာတွေမှာ ရေငွေ့ရှိပါတယ်။ ရာသီဥတု ကားမောင်းတဲ့ အခါ ဖြစ်လာတဲ့ အရှိန်စတာတွေကြောင့် တာယာပူလာယင်။ အဲဒီအခါမှာ ရေငွေ့ကြောင့်တာယာ pressure ပိုများလာသလို။ အေးတဲ့အခါမှာလဲ နည်းသွားစေတဲ့ tire pressure fluctuation အတက်အကျ ဖြစ်လွယ်ပါတယ်။ Nitrogen ထိုးထားယင်တော့ အဲဒီလို tire pressure fluctuation ဆိုတဲ့ တက်ကျ တော်တော်လေးနည်းသွားပါမယ်။ ဆိုတော့ Nitrogen ထိုးထားယင် tire pressure သိပ်အများကြီး မပြောင်းဘူးပေါ့။

Tire ကိုလေထိုးထားတာကြာယင် ဘာ အပေါက်မှမရှိပေမယ့် Tire Pressure ကျပါတယ်။ အဲဒါ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တခုပါပဲ။ Tire ရဲ့ ရာဘာနံရံတွေက လေ တို့ Nitrogen တို့ စသည်ဖြင့် အငွေ့တွေကို 100% မလုံပါဘူး။ Nitrogen က Oxygen ထက် molecule size ကြီးပါတယ်။ Nitrogen ထိုးထားယင် သာမန်လေထိုးတာထက် လေလျော့သက်သာပါတယ်။ Research လုပ်ထားတဲ့ စစ်တမ်းများအရ သာမန်လေထိုးတားလို့ Tire Pressure 1.5 psi လျော့ဖို့ အချိန်တလသာ ကြာချိန်မှာ Nitrogen ထိုးထားယင် 1.5 psi လျော့ဖို့ အချိန် ခြောက်လ ၀န်းကျင် ကြာပါတယ်။ ဆိုတော့ Nitrogen ထိုးထားယင် သာမန်လေထိုးတာထက် လေလျှော့သက်သာတယ်။

အဲဒီလို Tire Pressure အမှန်အတိုင်း ရှိနေခြင်းသည် “contact patch on the road” ဆိုတဲ့ Tire နဲ့ လမ်းမျက်နှာပြင် အထိမှန်စေပါတယ် ။ Tire အတွက် “rolling resistance” ဆိုတဲ့ တာယာ လိမ့်တာကို ခုခံတဲ့အား ကျစေပြီး ဆီစားသက်သာလာပါတယ်။ တာယာသက်တမ်းလဲ အပြည့်သုံးနိုင်တာပေါ့။

3. Safety Reason (အန္တရာယ် ကင်းကင်း)

ကားမောင်းယင်းတာယာကွဲတာကို USA မှာ Research လုပ်ထားတာကတော့ 90% သည် Tire Pressure လျော့နေတုန်း (တာယာ လေနည်းချိန်ပေါ့) မောင်းလို့ ဖြစ်တာလို့ဆိုတယ်။ လေလျော့လာယင် တာယာနဲ့ ပိုပြားလာ၊ လမ်းအထိမညီ၊ တာယာထဲ Heat တက်လာ၊ နောက်ပိုင်း တာယာ အတွင်းသား အပြင်သားတွေ ပျက်စီးတာယာကွဲတာပါပဲ။

တာယာ လေနည်းယင်တော့ လမ်းနဲ့တာယာ ပိုပွတ်ရလို့ rolling resistance တက်လာပြီး ဆီလဲပိုစားပါမယ်။ Tire Pressure 10% အောက်ကျလာယင် (10 % ဆိုတာဘာမှမရှိဘူးခင်ဗျာ။ အခု ကားပေါက်စများ 32 psi 30 psi လောက်ထိုးရတာ ဆိုတော့ 10% ကျယင် 27 psi လောက်ဖြစ်နေပြီ) ကိုအဲဒီ အတိုင်း ဆက်မောင်းနေယင် တာယာ သက်တမ်းက 25% လောက်တိုလာပြီဆိုပဲ။ ရာခိုင်နှုန်းအတိအကျ မပြောနိုင်ပေမယ့် လေလျော့တာယာ ဒီတိုင်းဆက်မောင်းယင် သက်တမ်းတိုမှာတော့ သေချာတယ်။

Nitrogen ထိုးထားယင်တော့ လေအလွယ်တကူ မလျော့လို့၊ လမ်းနဲ့ အထိညီလို့၊ တာယာ pressure အတက်အကျ သိပ်မရှိလို့ သာမန်လေထက် ပိုပြီး safe ဖြစ်ပါတယ်။ တာယာ ကွဲဖို့ သက်သာတာပေါ့။

Nitrogen ဘယ်လောက် ရာနှုန်းထိုးသင့်သလဲ။

Tire company တွေ Research သမားတွေ အဆိုကတော့ 93.4 % အနည်းဆုံး ထိုးသင့်တယ်လို့ဆိုတယ်။ Nitrogen 93 to 98% သည်သာ အကောင်းဆုံးသော Nitrogen ရဲ့ အကျိုးကျေးဇူးကိုရပါမယ်လို့ဆိုတယ်။ (ကားတာယာမှာ Nitrogen 100 % ဆိုတာကတော့ theory အရ ထိုးဖို့မရနိုင်ပါ)။

ပြည်တွင်းမှာ Nitrogen ထိုးယင် တာယာထဲမှာ ဘယ်လောက် ရာနှုန်းကျန်တယ်ဆိုတာတော့ မသိပါ။

ဆိုတော့ Nitrogen ထိုးခြင်းသည် သာမန်လေထက် အကျိုးကျေးဇူးများတာကတော့ အမှန်ပါ။ Tire Pressure ကို တလတခါလောက် အမြဲချိန်ပါ။ ခရီးဝေး မထွက်ခင်လဲ ချိန်ဖြစ်အောင်ချိန်ကြပါ။

ဒီလောက်ဆို Nitrogen ရဲ့ ကောင်းကျိုးလေးတွေ သိလောက်ပါပြီ။

ရေးထားတာကောင်းယင် ကျွန်တော့် သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများရဲ့ကျေးဇူး။ အမှားပါယင်၊ လိုအပ်နေယင်၊ မရှင်းယင် ကျွန်တော် ညံ့လို့ပါ။

မိတ်ဆွေများဆင်ခြင်နိုင်ပါစေ။ ကားမောင်းယင်း ဘေးကင်းကြပါစေ။

ကျမ်းကိုး…….. သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများရဲ့ သင်ပြပေးမှု နှင့် Some more internet websites

မိဘနှစ်ပါးနှင့်၊ သင်၊ မြင်၊ ကြား ဆရာများဦးထိပ်ထားလျှက်
Writer
Aye Min Toe 14/Apr/17 (E-Drill 2)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html