ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
Fuel valve testing ရဲ့ လျှို့ ဝှက်ချက်
Fuel valve testing အကြောင်းကို ပြောလိုက်ရင် ရေကြောင်းအင်ဂျင်နီယာတွေအများစုက ကိုယ်တိုင်လုပ်ဖူးတဲ့ သူတွေများတဲ့အတွက် သိပြီးသားတွေ ဖြစ်ပါလိမ့်မယ်။ သတိမထားမိကြတဲ့၊ လူသိနည်းတဲ့ လျှို့ ဝှက်ချက်ဆိုတာ ဘာလဲ?
Fuel valve တပ်ထားတဲ့ Fuel injector ဆိုတာ ဒီဇယ်အင်ဂျင်တစ်လုံးမှာ Combustion (ဆီတောက်လောင်ပေါက်ကွဲမှု) အတွက် လောင်စာဆီတွေကို Atomization (အမှုံသေးသေးလေးတွေ) ဖြစ်အောင် ဖြန်းပေးတဲ့ ပစ္စည်းပါ။ Fuel valve တွေ မကောင်းလို့  Atomization ဖြစ်အောင် မဖြန်းပေးနိုင်ဘူးဆိုရင် လောင်စာဆီတွေ ကောင်းကောင်း မလောင်ကျွမ်းနိုင်ပါဘူး။ ဒီတော့ Fuel valve တွေကို အင်ဂျင်မှာ တပ်ဆင် အသုံးမပြုမီ Atomization ကောင်း၊ မကောင်း စမ်းသပ်စစ်ဆေးဖို့  လိုပါတယ်။
သင်္ဘောပေါ်မှာတော့ ယေဘူယျအားဖြင့် Fuel valve testing machine နှစ်မျိုးနဲ့  ဒီဇယ်ဆီ သုံးပြီး စမ်းသပ်ပါတယ်။ တချို့ က ဟိုက်ဒြောလစ်ဆီကို သုံးပါတယ်။ ပထမ Machine တစ်မျိုးနဲ့ Test လုပ်မယ်ဆိုရင် Stand မှာ Fuel injector ကို ငြိမ်အောင်တပ်၊ ဒီဇယ်ဆီပန့် က ပိုက်နဲ့ ဆက်၊ ဒီဇယ်ဆီပန့် မှာရှိတဲ့ မောင်းတံ (Lever) ရှည်ကို လက်တစ်ဘက်နဲ့  ဆုပ်ကိုင်ပြီး အောက်ကို ဖိချလိုက်တဲ့အခါ Fuel injector ကို ပေးထားတဲ့ ဆီဖိအားက တက်လာပါတယ်။ သတ်မှတ်ထားတဲ့ Fuel valve ပွင့်ရမယ့် ဖိအားကို ရောက်ရင်  Fuel injector ထိပ်မှာရှိတဲ့ Fuel valve ရဲ့ Nozzle နှုတ်သီးက အပေါက်သေးသေးလေးတွေ ကနေ ဆီမှုံတွေပန်းထွက်ပြီး Atomization ဖြစ်သွားပါတယ်။ တကယ်လို့  သတ်မှတ်ထားတဲ့ ဖိအားမှာ Fuel valve မပွင့်ရင် Fuel injector မှာရှိတဲ့ ဖိအားချိန်ပေးတဲ့ ဝက်အူရစ် (Adjusting screw) ကို လိုသလို လှည့်ချိန်ပြီး စမ်းသပ်ကြည့်ရပါတယ်။
နောက် Testing machine တစ်မျိုးကတော့ ဒီဇယ်ဆီပန့် ကို လက်နဲ့  ရိုက်ရတဲ့ အမျိုးအစားမဟုတ်ပါဘူး။ Machine မှာပါတဲ့ မောင်းတံသေးသေးလေးကို လက်မလေးနဲ့  မတင်ပေးလိုက်ယုံနဲ့  ဒီဇယ်ဆီပန့် က ထမောင်းလာပြီး သတ်မှတ်ထားတဲ့ ဖိအားရောက်ရင် Fuel valve ပွင့်သွားပါတယ်။ ဆီမှုံဆီမွှားတွေပဲ ဖြန်းခနဲ ပန်းထွက်ပြီး ချက်ချင်းရပ်သွားရပါမယ်။ ဆီစက်တွေ Fuel valve ရဲ့ Nozzle ထိပ်မှာ သီး မကျန်ရပါဘူး။ ကြွက်မြီးတန်းလို ဆီတွေ ကျမလာရပါဘူး။
ဒီမှာ တစ်ခု သတိထားရမှာက Nozzle ထဲမှာ Slide valve လေးပါတဲ့ Fuel valve (B&W diesel engine) တွေကို အပေါ်က machine တွေနဲ့  စမ်းလို့ မရပါဘူး။ Slide တွေ ညှပ်ကြပ်သွားပြီး Fuel valve တွေ အလုပ် မလုပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို Fuel valve အမျိုးအစားတွေအတွက် စမ်းလို့ ရတဲ့ Testing machine တွေ သပ်သပ်ရှိပါတယ်။ စက်ကို သေချာစစ်ဆေးပြီးမှ စမ်းသပ်စေလိုပါတယ်။ 
ခုရေးပြီးတဲ့ အကြောင်းအရာတွေက လုပ်နေကျဆိုတော့ အားလုံးသိကြပါတယ်။
ကြုံဆုံခဲ့တဲ့ အင်ဂျင်နီယာကျောင်းသားတွေကို မေးဖြစ်တာက Fuel valve ကို Testing machine နဲ့ စမ်းသပ်တဲ့အခါ ဆီဖိအားရဖို့  ဒီဇယ်ဆီပန့် က မောင်းတံကို ဘယ်လို လက်နဲ့ ကိုင်ပြီး အပေါ်ကနေ အောက်ကို ဖိချကြသလဲ? ဒါမှမဟုတ် မောင်းတံကို လက်မလေးနဲ့  ဘယ်လို မ တင်သလဲ။ တစ်နည်းပြောရရင် Fuel valve ပွင့်ဖို့  ဘယ်လိုပုံစံနဲ့ ဖိအားပေးသလဲပေါ့။
အများစုက သတ်မှတ်ထားတဲ့ Fuel valve ပွင့်ရမယ့် ဖိအားရောက်ခါနီးအထိ မောင်းတံကို ကိုင်ပြီး တစ်ချက်ချင်း အောက်ဖိရိုက်ချသွားပါတယ်။ ဥပမာအားဖြင့် Fuel valve ပွင့်ရမှာက ဖိအား 230 Kg/cm2 ဆိုပါစို့ ။ 227 Kg/cm2 လောက် ရောက်တဲ့အထိ ရိုက်သွားမှာပေါ့။ အဲဒီအချိန်ကျမှ မောင်းတံကို ပေါ်ဆုံးအထိမပြီး ဆတ်ခနဲ ဆွဲဖိရိုက်ချလိုက်တယ်လို့ ဖြေကြပါတယ်။ သင်တို့ ကော ဘယ်လို စမ်းသပ်ကြပါသလဲ။ ဒီအဖြေကို ကိုယ့်ဘာသာဖြေပြီးမှ စာဆက်ဖတ်စေလိုပါတယ်။
ဟုတ်ကဲ့ အထက်က ဖြေထားကြတဲ့နည်းကိုသုံးခဲ့လို့  ၁၉၈၈ ခုနှစ်မှာ ကျွန်တော် တတိယအင်ဂျင်နီယာ (3/E) နဲ့  ရာထူးတိုးပြီး တက်ရတဲ့ သင်္ဘောပေါ်မှာ အကြီးအကျယ်ဒုက္ခရောက်ခဲ့ပါတယ်။
ဒီသင်္ဘောပေါ်မတက်ခင်မှာ သိလိုက်ရတာက ရှေ့ က ဖိလစ်ပိုင်လူမျိုး 3/E သင်္ဘောပေါ်ရောက်ပြီး ၅ လအကြာမှာ အလုပ်ပြုတ်ပြီး အိမ်ပြန်ရပါတယ်။ သင်္ဘောပေါ်မှာရှိနေတဲ့ ဟောင်ကောင်လူမျိုး 3/E က ၆ လ ကြာပြီးနောက် အသွားအပြန်လေယာဉ်ခ နှစ်ကြောင်းစာကို အလျော်ပေးပြီး ကိုယ့်စာရိတ်နဲ့ ကိုယ် အိမ်ပြန်သွားပါတယ်။ အဲဒီကာလက သင်္ဘောကန်ထရိုက်သက်တမ်းစာချုပ်က တစ်နှစ်ပါ။
သင်္ဘောပေါ်ရောက်သွားတော့ ဟောင်ကောင်လူမျိုး 3/E က Hand over အလုပ်လွှဲတဲ့အခါ စက်တွေ အလုပ်တွေကို လိုက်ပြပါတယ်။ ပြန်ပြုပြင် Recondition လုပ်ထားတဲ့ Main engine’s fuel injector ရဲ့  spare ၁၂ လုံးကို တစ်လုံးပြီး တစ်လုံး Testing machine မှာတပ်၊  မောင်းတံကို လက်နဲ့ အမြန်ဆုံးဆောင့်ချပြီး တစ်ဖြောင်းဖြောင်းနဲ့ စမ်းသပ်ပြပါတယ်။ အားလုံးကောင်းတယ်ပေါ့။ ကျွန်တော်ကလည်း အတွေ့ အကြုံနုနယ်သေးသူမို့  ကောင်းတယ်လို့ ပဲ ယူဆပါတယ်။ Testing machine က ဒီဇယ်ဆီပန့် ရဲ့  မောင်းတံကို လက်နဲ့ မပြီး ဆွဲချရတဲ့ စက်အမျိုးအစားပါ။ Main engine ကတော့ UEC engine ပါ။
သင်္ဘောပြန်ထွက်ပါပြီ။ ဒီလိုနဲ့  နောက် ၁၅ ရက်လောက်ကြာတဲ့ တစ်နေ့ ည ၁၀နာရီလောက်မှာ Main engine က Scavenge space high temperature alarm နဲ့  Slow down ဆွဲချသွားသလို တစ်ဆက်တည်း Scavenge space fire alarm လာပါတော့တယ်။ စက်ခန်းက အဖွဲ့ သားတွေအားလုံး စက်ခန်းထဲကို အပြေအလွှားဆင်းလာကြပါပြီ။ Scavenge space door တစ်ခုက Sight glass မှန်ဝိုင်းကနေ ချောင်းကြည့်တော့ နံပါတ် ၄ ယူနစ်ရဲ့  Under piston space မှာ တစ်ပေလောက်မြင့်တဲ့ ဆီမီးတောက်ကို တွေ့ ရပါတယ်။ အဲဒီယူနစ်က Fuel injection pump ကို Fuel cut-out လုပ်ပြီး ဆီဖြတ်လိုက်ပါတယ်။  ဒီသင်္ဘောက Scavenge space မှာ မီးသတ်ဖို့  Steam pipe တပ်ထားတာပဲ ရှိပါတယ်။ CO2 system တပ်ဆင်ထားတာမရှိပါဘူး။ Main engine က လုံးဝရပ်သွားတဲ့အခါကျမှ Steam valve ကို ဖွင့်ပေမယ့် ရေနွေးငွေ့  Steam တွေ ထွက်မလာပါဘူး။ Scavenge door ကို အနည်းငယ် အသာဟကြည့်ပါတယ်။ မီးက Under piston space တစ်နေရာမှာပဲ လောင်နေဆဲပါ။ မီးသတ်ဆေးဘူးနဲ့  လှမ်းဖြန်းပြီး မီးသတ်လိုက်ပါတယ်။ ပြီးတာနဲ့  Engine’s turning gear ကို လှည့်ပေးပါတယ်။ မီးသတ်လိုက်ရတဲ့ Under piston space မှာတော့ အပေါ်မှာရှိတဲ့ Fuel injector က ယိုကျတဲ့ဆီတွေက Piston နဲ့  Liner ကြားကနေတစ်ဆင့် စီးကျလာရာက အောက်မှာ အများအပြားအိုင်ထွန်းနေတာတွေ့ လိုက်ရပါတယ်။
ပင်လယ်ထဲမှာ သင်္ဘောက မျောနေတုန်းမှာ စက်အဖွဲ့ သားတွေက အလုပ်များကြရပါတော့တယ်။ ဆီတွေအိုင်နေတဲ့ နံပါတ်၎ ယူနစ်က Under piston space ကို သန့် ရှင်းရေးလုပ်ကြရပါတယ်။ Heavy fuel oil တွေနဲ့  ပေကျံနေလို့  Piston rings တွေ အလုပ်မလုပ်တော့တဲ့ Piston ကို ဆွဲထုတ်ပြီး Spare piston နဲ့  လဲလိုက်ပါတယ်။ Piston rings နဲ့  Stuffing box ကို Spare တွေနဲ့ လဲပေးပါတယ်။ Stuffing box အဟောင်းရဲ့ Springs ကြိုးတွေက မီးအပူကြောင့် ပြတ်ထွက်နေကြပါတယ်။ Exhaust valve နဲ့  Fuel injectors တွေလည်း Spare နဲ့ လဲလိုက်ပါတယ်။
သင်္ဘောထွက်ပြီးနောက်ပိုင်း CEO က Fuel valve တစ်လုံးယူပြီး Recondition လုပ်ပါတယ်။ လုပ်လို့  မရတာ သိသွားတဲ့အခါ ဟောင်ကောင်မှာရှိတဲ့ သင်္ဘောရုံးက Superintendent engineer ကို အခြေအနေရှင်းပြပြီး Fuel valve အသစ် ၆လုံးမှာတာ ၃လုံးပဲ ပေးမယ်လို့ Telex နဲ့ အကြောင်းပြန်ပါတယ်။ ဆိပ်ကမ်းကပ်တော့ CEO နဲ့  Captain က ဆိပ်ကမ်းက အေးဂျင့်ရုံးကို အတူသွားပြီး Super ထံ တယ်လီဖုန်းဆက်ပါတယ်။ အဲဒီအချိန်က သင်္ဘောပေါ်မှာ Email တွေ၊ Satellite phone တွေ မရှိပါဘူး။ Mobile Phone လည်း မပေါ်သေးပါဘူး။ နောက်ကြားရတာက CEO က တယ်လီဖုန်းနဲ့  Super ကို မအေနှမတွေနဲ့ ကိုင်တုတ်လိုက်မှ Fuel valves ၆ လုံးကို အမြန်ဆုံးပို့ ပေးလိုက်ပါတယ်။ သင်္ဘောကုမ္ပဏီက တော်တော်ဆင်းရဲတယ် ထင်ပါတယ်။
Fuel valve အသစ်တွေရောက်လာတော့ Fuel injector မှာ တပ်ပြီး Test machine နဲ့  Pressure test လုပ်ပါတယ်။ Fuel valve အသစ်နဲ့  ပထမဆုံး စမ်းဖူးတာပါ။  ဒီဇယ်ဆီပန့် က မောင်းတံကို လုပ်နေကျအတိုင်း မြန်မြန်ဆောင့်ဆောင့်ချတဲ့အခါ Fuel valve ထိပ်က နှစ်ချက်လောက် အသံမာမာနဲ့  ဖြောင်းဖြောင်း အသံထွက်ပြီး ဆီတွေ ပန်းထွက်ပါတယ်။ ဒါပေမယ့် ဆီပန်းထွက်တဲ့ Injection pressure ဖိအား အတိအကျကို သိချင်တော့ ဒီဆယ်ဆီပန့် က မောင်းတံကို ဖြည်းဖြည်းချင်းရိုက်ပြီး ဖိအားကို တင်သွားပါတယ်။ ဆီပန်းထွက်ခါနီးဖိအားကိုရောက်တော့ မောင်းတံကိုအပေါ်ဆုံးထိမပြီး အောက်ကို ဖြည်းနိုင်သမျှ ဖြည်းဖြည်းချင်း ဖိချတဲ့အခါ ဆီပန်းထွက်ရမယ့်ဖိအားကို ရောက်တာနဲ့ ဖြောင်းဆိုပြီး တစ်ချက်ပဲအသံမြည်လို့ ဆီပန်းထွက်သွားပါတယ်။ ပထမဆုံးတွေ့ ရတဲ့ အလှပဆုံး Atomization ဖြစ်သွားပုံ မြင်ကွင်းပါ။ ဒီအတွေ့ အကြုံတစ်ချက်က ကောင်းတဲ့ fuel valve ရဲ့ ဆီပန်းတဲ့ Injection လုပ်ချိန်မှာ ရှိနေရမယ့် အနေအထားကို သေချာသိလိုက်ရတာပါပဲ။
ဒီအသိကို ရလိုက်တဲ့နောက် အရင်က Recondition လုပ်ထားခဲ့တဲ့ Fuel injectors တွေကို Test machine မှာ တပ်ပြီး မောင်းတံကို ဖြည်းဖြည်းဆွဲချတဲ့နည်းနဲ့ စမ်းကြည့်တဲ့အခါ Fuel injectors အားလုံးက Atomization ပုံစံနဲ့ ဆီပန်းမထွက်ဘဲ ကြွက်မြီးတန်းသလို ယိုကျလာပါတယ်။ ဆီစက်ဆီပေါက်တွေနဲ့  ပန်းထွက်တာလည်း တွေ့ လိုက်ရပါတယ်။ Fuel valve မျက်နှာပြင်ပေါ်မှာ အချိုမ့်တွေရှိနေမှတော့ ဘယ်ကောင်းတော့မှာလည်းနော့။ ဒါပေမယ် ပယ်ပယ်နယ်နယ် ထုထောင်းပွတ်တိုက် သွေးပြီး Recondition လုပ်ထားတော့ မောင်းတံကို အမြန်အားနဲ့ ဆောင့်ချတဲ့အခါမှာတော့ ဖြောင်းခနဲတစ်ချက်မြည်ပြီး ဆီပန်းထွက်ပါတယ်။ ဒါကို ကောင်းတဲ့ Fuel valve လို့  ခေါ်မှာလား။ ယာယီသာကောင်းပြီး Maker က သတ်မှတ်ထားတဲ့ Running hour မရောက်မီ Fuel valves တွေက ယိုပြီး ဒုက္ခပေးပါလိမ့်မယ်။
ယခုခေတ် 3/E တွေက အင်မတန်ကံကောင်းပါတယ်။ Fuel injector မှာ တပ်ဆင်ထားရတဲ့ Fuel valve တွေက မကောင်းတော့ဘူးဆိုရင် ကုန်းပေါ်မှအလုပ်ရုံတွေဆီပို့ ပြီး Recondition လုပ်ကြပါတယ်။ သင်္ဘောပေါ်မှာ လုပ်စရာမလိုတော့လို့ အတော်လေး သက်သာသွားကြပါတယ်။
3/E တွေ တာဝန်ယူရတဲ့ မီးစက် (Generator engine) မှာ တခါတရံ တချို့ ယူနစ်က အိတ်ဇော့အပူချိန်တွေ တက်ပြီး ခေါင်းတိုင်က မီးခိုးရောင်(အမဲနုရောင်) သို့ မဟုတ် အမဲရောင်မီးခိုးထွက်တတ်ပါတယ်။ ယူနစ်အားလုံးက Complete combustion ဖြစ်နေရင် ခေါင်းတိုင်ကနေ ဘာမီးခိုးအမဲမှ မထွက်ရပါဘူး။
ပုံမှန်အားဖြင့် Planning maintenance system (PMS) အရ Engine ကို Running hour အရ General overhaul, Top overhaul တို့ လို  ပစ္စည်းလဲတန်လဲ၊ ဖြုတ်ဆေးတန်ဆေး၊ Clearances တိုင်းတန်တိုင်း၊ ဆီလဲတန်လဲ၊ စစ်ဆေးသင့်တာတွေ စစ်ဆေးနေရင် ပြဿနာသိပ်မရှိပါဘူး။ ဒါပေမယ့် ဒီလိုလုပ်နေတဲ့ကြားက ယူနစ်တစ်ခုက ဖေါက်ဖေါက်ပြီး အိတ်ဇော့အပူချိန်တွေ တက်လာတတ်ပါတယ်။ အများအားဖြင့် ယူနစ်တစ်ခုရဲ့  အပူချိန်က တခြားယူနစ်နဲ့ အိတ်ဇော့အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် ခြားနားသွားမှ စစ်ဆေး ပြုပြင်ကြပါတယ်။ အမှန်က ၂၀၊ ၃၀ ဒီဂရီစင်တီဂရိတ်လောက်ခြားနားလာပြီဆိုရင် သတိထားရတော့မှာပါ။ အဲဒီလို အိတ်ဇော့အပူချိန် စတက်လာပြီဆိုရင် 3/E ကို Fuel injector ဖြုတ်ပြီး pressure test လုပ်ခိုင်းလေ့ရှိပါတယ်။ ဒီအချိန်မျိုးမှာ 3/E တွေ ထံက မကြာမကြာ ကြားရတာက Fuel injector ကို လဲထားတာ မကြာသေးဘူး။ Maker က Fuel injector ကို Pressure test လုပ်ဖို့  သို့ မဟုတ် ဖြုတ်လဲဖို့ သတ်မှတ်ထားတဲ့ Running hour မရောက်သေးဘူး၊ ရောက်ဖို့  အဝေးကြီးလိုသေးတယ် စသဖြင့် ပြန်ပြောတာ ကြားကြားနေရပါတယ်။ Fuel injector ကို Pressure test လုပ်ကြည့်ပါအုံးလို့  ခိုင်းလိုက်လို့  မကျေမနပ်နဲ့  ဖြုတ်စမ်းတဲ့အခါ မကြာခဏ Fuel injector မှာ တပ်ထားတဲ့ fuel valve က ဆီပန်းမထွက်တော့ပဲ ဆီစက်ကျနေတာ၊ ဆီယိုနေတာတွေ့ ရပါတယ်။ ဒီတော့မှ ရှင်းပြရပါတယ်။
သင်္ဘောပေါ်မှာရှိတဲ့ Fuel valves အတော်များများက ကုန်းပေါ်မှအလုပ်ရုံကို ပို့ ပြီး ပြန်ပြုပြင် (Recondition) ထားတဲ့ ပစ္စည်းတွေပါ။  Fuel valve အသစ်ရှိရင်လည်း တကယ်လိုအပ်မှ သုံးဖို့  သိမ်းထားတတ်ပါတယ်။ မကောင်းတော့တဲ့ Fuel valves အဟောင်းတွေကို ကုန်းပေါ်က အလုပ်ရုံပို့ ပြီး Recondition လုပ်တာ ဘယ်နှကြိမ်ရှိပြီလဲ မေးရင် ဘယ်သူမှ မဖြေနိုင်ကြပါဘူး။ တချို့ စနစ်ကောင်းတဲ့ သင်္ဘောတွေမှာတော့ မှတ်တမ်းလုပ်ထားတာရှိပေမယ့် အတော်များများမှာတော့ မှတ်တမ်းမထားကြပါဘူး။ ကုန်းပေါ်မှအလုပ်ရုံတွေကလည်း သုံးလို့ ရသလောက်ပြုပြင်ပေးပါတယ်။ ဒီ Fuel valve တွေကို Injector မှာ တပ်ပြီး Test machine မှာ စမ်းကြည့်ရင် Atomization ဖြစ်ပြီး ဆီပန်းတာတွေ့ ရပါလိမ့်မယ်။ ဒါပေမယ့် Recondition လုပ်ထားတဲ့ Fuel valve တွေက အသစ်စက်စက်တွေလို Maker က သတ်မှတ်ထားတဲ့ Running hour အထိ ကောင်းကောင်းအလုပ် မလုပ်နိုင်တော့ဘူး။ ပထမဆုံးအကြိမ် ကုန်းပေါ်က အလုပ်ရုံကိုပို့  Recondition လုပ်ထားတဲ့ Fuel valve ကတော့ ခံနိုင်ရင် ခံနိုင်ပါလိမ့်မယ်။ အများစုက Running hour အပြည့် မခံနိုင်တော့ပါဘူး။
Maker ရဲ့ သတ်မှတ်ထားတဲ့ Running hour အပြည့်ကောင်းကောင်းလုပ်နိုင်၊ မလုပ်နိုင် ကြိုတင်သိနိုင်ပါတယ်။ Fuel injector ကို Pressure test လုပ်တဲ့အခါမှာ Test machine ရဲ့  မောင်းတံကို Fuel valve ပွင့်ရမယ့် pressure ရောက်ခါနီးမှာ အဖြည်းနိုင်ဆုံး ဖြည်းဖြည်းလေး ဖိချပေးပါ။ Running hour ပြည့်အောင် အလုပ်လုပ်နေနိုင်မယ့် Fuel valve က ဖြောင်းခနဲဆိုပြီး လှလှပပ Atomization ဖြစ်ပြီး ဆီပန်းထွက်သွားပါလိမ့်မယ်။ ကြာကြာအလုပ်မလုပ်နိုင်တဲ့ Fuel valve က Atomization ကောင်းကောင်းမလုပ်ပဲ ဆီယိုကျလာပါလိမ့်မယ်။ ဒါပေမယ့် လူအများလုပ်နေကျအတိုင်း Test machine က မောင်းတံကို ခပ်မြန်မြန်ဆောင့်ချတဲ့နည်းကိုသုံးပြီး စမ်းလိုက်ရင် ဖြောင်းခနဲ ဆီပန်းထွက်လာပါလိမ့်မယ်။ မယုံတဲ့သူတွေ သင်္ဘောပေါ်မှ စမ်းကြည့်နိုင်ပါတယ်။
ဒီလို စမ်းသပ်ပြီး သိသွားပေမယ့် သင်္ဘောပေါ်မှာ ဈေးကြီးတဲ့ Fuel valve အသစ်တွေပဲ သုံးဖို့ က မဖြစ်နိုင်တော့ လက်ထဲရှိတဲ့ Recondition fuel valve တွေကိုပဲ အင်ဂျင်မှာ ထည့်သုံးရပါလိမ့်မယ်။ သတိထားဖို့ က Maker’s running hour အထိ မခံနိုင်ဖူးဆိုတာ ကြိုသိထားတော့ ယူနစ်တစ်ခုက အိတ်ဇော့အပူချိန်တက်လာတာနဲ့  Fuel injector ကို ဖြုတ်ပြီး pressure test လုပ်စစ်ဆေးဖို့  မတွေဝေစေချင်ပါဘူး။ Fuel injector ဖြုတ်ပြီး Pressure test လုပ်တာ တစ်နာရီထက်မကြာပါဘူး။
သင်္ဘောရဲ့  အရေးကြီးတဲ့ အဓိကစက်တွေဖြစ်တဲ့ Main engine နဲ့  Generator engine တွေက Fuel valve မကောင်းလို့  ပင်လယ်ထဲ မလိုအပ်ပဲ မောင်းနေရင်တန်းလန်းထိုးရပ်ပြီး လဲနေရတဲ့၊ Scavenge fire ဖြစ်ရတဲ့ ဒုက္ခက ကင်းဝေးနိုင်ကြပါစေ။
(မှတ်ချက်။ ။ အင်ဂျင်တစ်လုံးမှာ အိတ်ဇော့အပူချိန်တက်ရတဲ့ အခြားအကြောင်းအရာတွေအများကြီးရှိပါတယ်။ Fuel valve ကို Pressure test လုပ်တာနဲ့ ပတ်သက်လို့  Maker’s manual တွေမှာ မပါတဲ့အကြောင်းအရာလေးနဲ့  အတွေ့ အကြုံလေးကို သီးသန့် တင်ပြပေးထားတာဖြစ်ပါတယ်။)
Credit
အားလုံးကို လေးစားစွာဖြင့်
သန်းလွင် CEO
All photos are credit to original uploaders.
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html