Cable and Breaker အကြောင်းလွယ်လွယ်ပြောရအောင်
****************************************
M&E ရပ်ဝန်း Electrical လို့ ပြောလိုက်ရင် မဖြစ်မနေတွေ့ ရမှာကတော့  Cable တွေ Circuit Breaker တွေကတော့ မဖြစ်မနေ ကြုံတွေ့ ရမှာပါ။ လျှပ်စစ်ပစ္စည်းတွေကို အသုံးမချခင်တော့  သူတို့  ရဲ့  အလုပ်လုပ်ပုံလေးတွေကို အကြမ်းဖျင်းသိထားသင့်သလို ဘယ်လိုဆိုဒ် ဘယ်လိုပုံသဏ္ဍာန် လာတတ်လည်းဆိုတာလည်း လေ့ လာထားမှ ကိုလိုချင်တဲ့  ဆိုဒ်ရနိုင်မှာပါ
ဥပမာ~~~ ပြောရရင် ကိုယ်က ဘောင်းဘီရှည်တစ်ထည်ဝယ်မယ်ဆိုပါစို့  ကိုယ့်ခါးဆိုဒ် ဘယ်လောက်လည်း မသိပဲ နဲ့  ခန့် မှန်း ပြီးဝယ်မိရင် အရည်သွေးတော့ ကောင်းပါရဲ့  ကိုယ်နဲ့  အံကိုက်မဖြစ်ဘဲ ခါးဆိုဒ်ကြီးတာ ၊ ခါးဆိုဒ်သေးနေတာ ဖြစ်နေတတ်လို့ ပါ ။ Cable & Circuit Breaker တွေကိုအသုံးချမယ်ဆိုရင်လည်း ဘယ်လိုဆိုဒ်တွေ လာတတ်တယ် ဘယ်လောက်ဆိုဒ်သုံးရင် အဆင်ပြေမယ်ဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်ဖို့ လိုပါတယ်..သူများရွေးပေးတာပဲသုံးမယ်ကွာ ဆိုရင်တော့  တစ်မျိုးပေါ့ ( ရည်စား ဘွ ကိုယ့်ကောင်မလေး ရွေးပေးတဲ့ လက်ဆောင် မကြိုက်ပေမဲ့  ကြိတ်မှိတ် သုံးရသလို တော့ မဖြစ်စေချင်ဘူးပေါ့ :P )
Engineering မှာ အရေးကြီးဆုံးထဲက တစ်ခုဖြစ်တဲ့  Specifications ( ပစ္စည်းတစ်ခု၏ အရည်အသွေးကို အသေးစိတ်ဖော်ပြထားချက် ) ဆိုတာကိုတော့ မဖြစ်မနေနားလည်ထားဖို့  လိုကို လိုအပ်ပါတယ်။
ဘယ်အင်ဂျင်နီယာ ဘယ် consultant မှ ပစ္စည်းမြင်ယုံနဲ့  တန်းပြီး ကွန်မန့် ပေးတာ မျိုး ဆုံးဖြတ်တာမျိုးလုပ်လေ့ မရှိပဲ ပစ္စည်းပေါ်မှာ ရေးသားထားသော Specification, Manual တို့ ကို သေချာဖတ်ရှုပြီးမှ သာ ဆုံးဖြတ်ချက်တို့  မှတ်ချက်တို့ ချ လေ့ ရှိတာ သတိပြုစေချင်ပါတယ် ဒါပြောတာက specification ရဲ့ အရေးကြီးပုံကို သိစေချင်တာပါ
ဥပမာ~~~ Cable တစ်ခုတွေ့ လိုက်ရင်ပဲဖြစ်ဖြစ် Cover က PVC (Polyvinyl Chloride ) လား ၊uPVC (unplastic Polyvinyl Chloride)လား၊ XLPE ( Cross-linked polyethylene ) လား ,EPR ( Ethylene Propylene Rubber) လား၊ Ambient temperature က 70ံ C လား
One core လား three core လား စသဖြင့် Specification ကို သိမှ ကိုယ်ဘယ်ပစ္စည်းအမျိုးစားကိုသုံးသင့်တယ် ဘယ်ဟာပိုကောင်းနိုင်တယ်
ဘယ်လိုမှာယူအသုံးချသင့်တယ် ဆိုတာ ခွဲခြားနိုင်မှာဖြစ်ပါတယ်။
Cable Sizes ( ၀ါယာကြိုးဆိုဒ်များ )
************************************
ဘယ်လျှပ်စစ်ပစ္စည်းကိုပဲ သုံးသုံး wire ကတော့ မပါမဖြစ်တဲ့  ပစ္စည်းတစ်ခုပေါ့ ။ wire တွေကို ပုံမှန်အားဖြင့် ဈေးကွက်အတွင်းမှာ အခွေလိုက် မီတာ ၁၀၀ တစ်ခွေ ၊ Cable ဆိုဒ်ကြီးတွေကိုတော့  Drum ဆိုတဲ့ အ၀ိုင်းကြီးနဲ့  စသဖြင့် ၀ယ်ယူနိုင်ပြီး တကယ့်စီးပွားရေးအဆောက်အအုံ လုပ်ငန်းခွင်မှာအသုံးချတဲ့  Cable ကြိုးဆိုက်တွေကတော့  PVC, uPVC , XLPE, EPR cover နဲ့  သူ့  အတွင်းပိုင်း Copperပေါ်မူတည်ပြီးတော့  ဈေးနှုံးနဲ့  Quality လည်းကွာခြားနိုင်ပါတယ်။
ယနေ့ ခေတ်အခါမှာတော့  အထပ်မြင့်အဆောက်အအုံတွေမှာ ၀ါယာကြိုးဆိုက်အကြီးတွေအစား
Ampere 2500A , Ampere 5000A ခံနိုင်ရည်ရှိတဲ့  Bus duct System တွေစတင်အသုံးပြုနေပါပြီ ။ Cable ကြိုးပေါ်မှာ ကတော့  10 sqmm x 75ံC 220/400V 600V/1000V /XLPE စသဖြင့် ရိုက်နှိပ်ဖော်ပြထားမှာဖြစ်ပြီး
10 sqmm ကတော့ ကြိုးဆိုဒ်ရဲ့ အရွယ်အစား cross sectional area (Φ)
75ံC ကတော့  ကြိုးရဲ့ အပူချိန်ခံနိုင်ရည်ပါ
220/400V ဆိုတာကတော့  ဒီကြိုးဟာ 220/440V မှာအသုံးပြုဖို့  အားခံနိုင်ရည်ပါ
600V/1000V စသဖြင့်ဖော်ပြထားတာကတော့  ဒီလောက် Volt အားရှိတဲ့ လျှပ်စစ်ပစ္စည်းတွက်သုံးလို့ ရနိုင်ပါတယ် ( ဥပမာ Hotplate =1000W )
XLPE/PVC ဆိုတာကတော့  သူ့ ကြိုးကို cover လုပ်ထားတာက PVC လား XLPE လားဆိုတာကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ ကျနော်ဖော်ပြရေးသားချက်များသည် ယေဘုံယျ ဖော်ပြထားခြင်းသာဖြစ်ပြီး အသေးစိတ်ကိုတော့  သေချာ ဂရုတစ်စိုက်နဲ့ လေးလာရင် အခြေခံအချက်လက်တွေကို သိရှိလာမှာဖြစ်ပါတယ်။
အလုပ်ခွင်မှာတွေ့ ရမဲ့ ကြိုးဆိုဒ်တွေကတော့ 
0.75 sqmm ( ဒီကြိုးဆိုဒ်ကတော့  မီးချောင်း ချုပ်တွေမှာ သုံးတာတွေ့ နိုင် )
1.0 sqmm
1.5 sqmm ( Lighting တွက် အဓိကထားသုံးစွဲ )
2.5 sqmm ( Power Socket တွေမှာ အများဆုံးအသုံးပြု )
4.0 sqmm , 6.0 sqmm,10 sqmm
16 sqmm , 25 sqmm , 35 sqmm
50 sqmm ,70 sqmm, 95 sqmm, 120 sqmm
စသဖြင့် ..ဒီထက်ကြီးတဲ့ ကြိုးဆိုဒ်တွေလည်းကျန်ပါသေးတယ် ။
အချို့ ဆိုက်တွေနဲ့  EPC ၀န်ထမ်းတွေကတော့  3.039,7.044 စသဖြင့် ကြိုးတွေကို ခေါ်ဝေါ်သုံးစွဲတတ်ပါတယ်။ အပြန်အလှန် သိရှိမှတ်သားထားနိုင်မှ လုပ်ငန်းခွင်မှာ ပိုမိုအဆင်ပြေနိုင်မှာဖြစ်ပါကြောင်းနဲ့  ရေပိုက် အဲကွန်းကြေးပိုက်ေတွဆိုလည်း mm နဲ့ သိထားပေမဲ့  အများခေါ်ဝေါ်ကြတဲ့  မတ် တို့  မူး တို့  ပဲတို့ ဆိုတာလည်း သိမထားရင် တိုင်ပတ် တဲ့ ကိန်းကြုံရဖူးတယ်ဗျ :D :D :D
Circuit Breaker Sizes ( Load Breaker အရွယ်အစားများ )
********************************************
လျှပ်စစ်ပစ္စည်းများအသုံးပြုနေရင်း Load Side ဘက်မှာ Ampere များနေရင် ၊ အကြောင်းအ
မျိုးမျိုးကြောင့် Shock ပဲဖြစ်ဖြစ၊် Earth Fault ကြောင့်ပဲဖြစ်ဖြစ် မိမိအသုံးပြုနေသော လျှပ်စစ်ပစ္စည်းများကို ပျက်စီးမှု မဖြစ်အောင် /နည်းအောင် အလိုလျှောက် ဖြတ်တောက်ပေး နိုင်တာကတော့  Circuit breaker တွေနဲ့  Fuses တွေပါပဲ ။ Fuse နဲ့  CB ဘာကွာသလဲလို့  လေ့ လာထားမိတာကတော့  Fuse ကတော့  သူ့ ကိုသတ်မှတ်ပေးထားတဲ့  Ampere ရောက်ရင်ချက်ချင်း ဖြတ်တောက်ပေးပြီး CB ကတော့ သူ့ ကိုသတ်မှတ်ပေးထားတဲ့  Rated ampere ရောက်ခဲ့ ရင်တောင်မှ အခြေနေတစ်ခုထိစောင့်တယ်လို့ မှတ်သားဖူးပါတယ် ( လူလိုဆို ခိုင်းတာ တသဝေမတိမ်း လိုက်လုပ်တာနဲ့  စဉ်းစားပြီးလုပ်တာ ကွာသလိုပဲဖြစ်မှာပါ :P ) ..
Fuse ကတော့  ပြတ်သွားပြီဆိုရင် အသစ်ပြန်လဲလှယ်ရတာပေါ့ ..တန်ဖိုးကြီး /အရေးကြီး လျှပ်စစ်ပစ္စည်းတွေမှာတော့  Fuse ကိုမဖြစ်မနေ ကြားခံထားရပါတယ်။ Fuse ပြတ်သွားပြီဆိုရင် အလောတကြီး ချက်ချင်း အသစ်လဲလှယ်တပ်ဆင်တာမျိုးကိုတော့  တတ်နို်င်သမျှ ဆိုင်းငံ့ ထားစေချင်ပါတယ် ဘာကြောင့် Fuse ပြတ်တယ်ဆိုတာကို သေချာ Troubleshoot လုပ်သင့်ပါတယ် သေချာပြီဆိုမှ Fuse အသစ်လဲလှယ်တာပိုပြီးတော့  ကောင်းပါမယ်…
CB ကတော့ ရှင်းပါတယ် Load ဆိုဒ်ဘက်မှာ shock ဖြစ်နေရင် ဖုံး/အုံး /ဖောက် ဆိုတဲ့ အသံနဲ့  CB ပြန်ချ သွားမှာပါပဲ အချို့  MCCB တွေဆိုရင်တော့  တန်းပြီးပြုတ်ကျမသွားဘဲ Trip ဖြစ်သွားတာလည်း ကြုံတွေ့ ရမှာပါ။ Load ဆိုဒ်ဘယ်မှာ ပြဿနာ ဖြေရှင်းလို့ မပြီးမချင်း CB ပြန်တင်လို့ မရနိုင်ပါဘူး .. ( ELCB and RCCB အကြောင်းတော့  ကြုံကြိုက်ရင် နည်းနည်းပြန်ပြီး ဆွေးနွေးကြတာပေါ့ဗျာ )
Breaker ခဏ ခဏ ကျတတ်တာကတော့  Load Side ( လျှပ်စစ်အသုံးပြုမှု ) မှာ အသုံးပြုတာ တည်ငြိမ်မှု မရှိရင် Breaker မကြာမကြာ ကျတတ်ပါတယ်။ Breaker ရဲ့  ခံနိုင်ရည် Ampere ဟာ Load Side ဘက်မှာရှိတဲ့  Ampere ထက်ခံနိုင်ရည်နည်းနေရင်လည်း Breaker မကြာမကြာကျနေတတ်ပါတယ် ။..ဥပမာ ~~~ Welding လုပ်ငန်းတွေ လုပ်ကိုင်ရင် အများဆုံးကြုံရနိုင်တာ သိနိုင်မှာပါ။ တစ်ခါက ဆေးရုံတစ်ရုံမှာ ကျနော်အလုပ်လုပ်ပါတယ်။ အစည်းအဝေးတစ်ခုမှာ Admin က အကြီးတစ်ယောက်က ဘာထပြောလဲဆို M&E ဌာနမှာ အသုံးပြုတဲ့  Breaker တွေမကြာခဏ ကျကျနေလို့ တဲ့  Complain လုပ်ပါတယ် ။ အဲ့မှာ အင်ယာက ဘာသေချာပြန်ရှင်းပြရသလဲဆို Breaker ဆိုတာ Ampere များလာလို့ မနိုင်ဝန်ထမ်းရရင် ပြုတ်ကျအောင်လုပ်ထားတာလို့  ပြုတ်မကျပဲနေရင် ကြိုးတွေပူပြီး မီးလောင်မှာပေါ့လို့  အစည်းအဝေးမှာ ရှင်းပြလိုက်ရတာ အမှတ်ရနေပါသေးတယ် :P
လုပ်ငန်းခွင်မှာတွေ့ ရမဲ့  Circuit Breaker Ampere Rating တွေကတော့ 
6 A ,10 A,16 A, 20 A,25 A ,32 A, 40 A
50 A,60 /63 A,80 A,100 A, 125 A, 160 A, 250 A
400 A ect ., တွေ့ ရမှာပါ ။
တိုက်ခန်းတွေနဲ့  အိမ်အများစုမှာတော့  15A တို့  30A ဘရိတ်ကာ အနက်လေးတွေလည်း အများစု တပ်ဆင်သုံးစွဲထားကြပါတယ်။ တကယ့် standard ကျကျဆိုရင်တော့  အဲ့ လို ဘရိတ်ကာကို သုံးစွဲတာမတွေ့ ရပါဘူး။
Circuit Breaker Class ( ဘရိတ်ကာတွေကိုအမျိုးအစား/အတန်းစားခွဲခြားခြင်း )
********************************************************
လူလူချင်း လူတန်းစားခွဲခြားတတ်ကြသလို....စမတ်ဖုန်းကိုင်တဲ့ သူအချင်းချင်းလည်း သူက အိုင်ဖုန်း ဟိုတစ်ယောက်က ဆမ်ဆောင်း နောက်တစ်ယောက်က ဟွာဝေး စသဖြင့် အဆင့်အတန်းခွဲခြားတတ်ကြသလို
Circuit Breaker တွေမှာ class တွေခွဲခြားထားပါသေးတယ်
Breaker ကိုသေချာ ကြည့်ရင် B or C or D ဆိုပြီးသူ့ အနီးမှာ AmpereRatingလေးတွေရေးထားတတ်ပါတယ် C20, B32, D50 C100 စသဖြင့်
CB rating လေးနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။
ပြီးတော့  CE ( Conformité Européene) ကတော့  မပါမဖြစ်ပါနေပါမယ်။ နောက်တစ်ခု ဖြစ်တဲ့ 
IEC ဆိုတာက International Electrical Committee ကိုလည်းမဖြစ်မနေ ဖော်ပြထားမှာဖြစ်ပါတယ်။
MCB Breaker တွေကို
B class
C class
D class စသဖြင့်သတ်မှတ်ထားပါတယ်
ဒီသုံးစွဲမှုကတော့  ကုမ္ပဏီရဲ့  Tender Quotation နဲ့  Customer ရဲ့ တောင်းဆိုချက် consultant ရဲ့ မှတ်ချက်တွေပေါ်လည်းမူတည်နိုင်ပါတယ်။
Breaker တွေရဲ့ လျှပ်တစ်ပြက်ဖြတ်တောက်မှု/ Trip ပေါ်မူတည်ပြီးသတ်မှတ်ထားကြတာလည်းဖြစ်ပါတယ်။
B Class တွေကတော့  Current က သတ်မှတ်ချက်ထက် သုံးဆကနေ ငါးဆထိမြင့်တက်ရင်
C Class ကတော့  Current က သတ်မှတ်ချက်ထက် ငါးဆကနေ ၁၀ ဆထိမြင့်တက်ရင်
D Class ကတော့ Current က သတ်မှတ်ချက်ထက် ဆယ်ဆကနေ ကျော်ပြီး အဆ၂၀ ထိမြင့်တက်လာရင် Break လုပ်ပေး သို့ မဟုတ် Trip ဖြစ်ပေးမှာဖြစ်ပါတယ် ။
Trip ဖြစ်တယ်ဆိုတာ Breaker လုံးဝပြုတ်ကျသွားခြင်းမဟုတ်ပဲ ရှင်းအောင်ပြောရမယ်ဆိုရင် Breaker ချော်တယ်လို့ ပဲ ပြောရင်ရမယ်ထင်ရဲ့ ။ Load over ဖြစ်ရင် (သို့ ) Shock ဖြစ်ရင် (သို့ ) Earth Fault ဖြစ်ရင်ဖြစ်ဖြစ် စက္ကန့် ပိုင်းထက်ပိုနည်းတဲ့ အချိန်အတောအတွင်းမှာပဲ Current အရမ်းမြင့်ပြီးဆောင့်တက်လာပါတယ် ။ ဒီအခါမှာ Breaker တွေက Trip ဖြစ်ရင်ဖြစ်မယ် မဖြစ်ရင် Break လုပ်ပေးမယ်။ အောက်ဖော်ပြပါဇယားနဲ့ နှိုင်းယှဉ်လေ့ လာထားစေချင်ပါတယ်။
MCB TYPE TRIPPING CURRENT
TRIP CURVE CLASS B Above 3 to 5 times rated current
TRIP CURVE CLASS C Above 5 to 10 times the rated current
TRIP CURVE CLASS D Above 10 (excluding 10) to 20 times the rated current
TRIP CURVE CLASS K Above 8 to 12 times the rated current
TRIP CURVE CLASS Z Above 2 to 3 times the rated current.
Circuit Breaker အတိုကောက်စကားလုံးများ
MCB = Miniature Circuit Breaker
MCCB = Moulded case Circuit Breaker
RCCB = Residual Current Circuit Breaker
ELCB = Earth Leakage Circuit Breaker
OCB = Oil circuit breaker
ACB = Air circuit breaker.
SF6 = Sulfur hexafluoride circuit breaker.
VCB = Vacuum circuit breaker.
ကျန်တော်ဆရာမဟုက်ပါအမှားပါရင်ထောက်ပြပေးပါ
No comments:
Post a Comment