ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကား ဟိုက်ဒရောလစ်ဘရိတ်စနစ်

ဟိုက်ဒရောလစ်ဘရိတ်စနစ်
*****************************************
ကားတစ်စီးမှာ အရေးအကြီးဆုံးအစိတ်အပိုင်းကတော့ ဘရိတ်စနစ်ပါပဲ။ ရွေ့လျားသွားလာနေတဲ့ ကားတစ်စီးမှာ ဘေးကင်းလုံခြုံမှု (Safety) ရှိဖို့ ဘရိတ်စနစ်နဲ့ ထိန်းကျောင်းပေးရပါတယ်။ သွားနေတဲ့ အရှိန်ပြင်းကို လျှော့ချဖို့ ရုတ်တရက်ကားတစ်စီးလုံး ရပ်တန့်သွားဖို့ မညီညာတဲ့ မျက်နှာပြင်၊ ကုန်းလျှော၊ ကုန်းဆင်းမှာ ယာဉ်ရပ်နားထားဖို့ ယာဉ်မောင်းသူက ဘရိတ်စနစ်ကို အသုံးပြုရပါတယ်။ ဘရိတ်စနစ်ဟာ မော်တော်ကားချက်စီ (Chassis) အပိုင်းမှာ အကျုံးဝင်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
ဘရိတ်စနစ်မှာ ဆားဗစ်ဘရိတ်၊ ပါကင်ရပ်နားဘရိတ်၊ အကူဘရိတ်ဆိုပြီး ပါဝင်ပါတယ်။ ဆားဗစ် ဘရိတ်ဆိုတာ ယာဉ်မောင်းသူက လိုအပ်သလို ညာဘက်ခြေထောက်ဖြင့် ထိန်းကျောင်းပေးရတဲ့စနစ်ပါ။ ဆားဗစ်ဘရိတ်မှာ ဟိုက်ဒရောလစ်ဆီ တွန်းအားနဲ့ အလုပ်လုပ်စေတဲ့ ဟိုက်ဒရောလစ်ဘရိတ်နဲ့ လေဖိအားနဲ့ အလုပ်လုပ်စေတဲ့ Air Brake (ခေါ်) Pneumatic Brake ဆိုပြီး ရှိပါတယ်။ နည်းပညာမြင့် နောက်ဆုံးပေါ် ကားတွေမှာတော့ ဒရိုင်ဘာကတောင် လုပ်စရာမလိုတဲ့ Automatic Emergency Brake တွေ တောင် တပ်ဆင်အသုံးပြုနေကြပါပြီ။
ဒီတစ်ပတ်မှာတော့ ဟိုက်ဒရောလစ်အခြေခံကိုတင်ပြလိုပါတယ်။ လူစီးကားတွေမှာ အများဆုံး အသုံးပြုနေတာ ဘရိတ်ဆီသုံးတဲ့ ဟိုက်ဒရောလစ်ဘရိတ်စနစ် ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကားတွေမှာတော့ ပိုကောင်းတဲ့ ABS (Anti-lock Brake System) ဘရိတ်စနစ်ကိုတောင် သုံးနေကြပါပြီ။
ဟိုက်ဒရောလစ်ဘရိတ်စနစ်မှာ အဓိကပါဝင်နေတဲ့ အစိတ်အပိုင်းကတော့ -
- Brake Master Cylinder
- Brake Booster (ဆာဗိုယူနစ်)
- Propotioning Valve (P - ဗားလို့လည်း ခေါ်ပါတယ်)
- Drum Brake (အများစုနောက်ဘီးတွင်သုံး)
- Disc Brake (ရှေ့ဘီးတွင်သုံး)
ဟိုက်ဒရောလစ်ဘရိတ်စနစ်ရဲ့ အခြေခံသဘောတရားနဲ့ အလုပ်လုပ်ပုံကတော့ ရိုးရှင်းပါတယ်။ ယာဉ်မောင်းသူက လိုအပ်ချိန်မှာ ခြေဖျားနဲ့ ဘရိတ်ခြေနင်းတံကို နင်းလိုက်တဲ့အချိန်မှာ ဆာဗိုယူနစ် (Brake Booster) က ခြေနင်းအားကို ပါစကယ်နိယာမသဘောအရ တိုးပွားစေပါတယ်။ ဆာဗိုဘရိတ်တွေမပေါ်သေးတဲ့ ရှေ့ခေတ်ကားတွေမှာ ဒရိုင်ဘာခြေဖျား က စိုက်ထုတ်ပေးရတဲ့ ဘရိတ်နင်းအားပမာဏများများလိုအပ်ပါတယ်။ ဆာဗိုယူနစ်ဆိုတာ ကမ္ဘာ့လေဖိအားကိုအသုံးချပြီး ခြေနင်းစိုက်အားကို တိုးပွားလာစေသောစနစ်ဖြစ်ပါတယ်။ ဒရိုင်ဘာက ခြေဖျားလေးတင်ပေး ရုံပဲရှိသေးတယ်။ မာစတာဆလင်ဒါကို တွန်းပေးတဲ့အားတွေအများကြီး သက်ရောက်စေပါတယ်။
ဆာဗိုအိုးဆိုတာ လေဟာနယ် (Vacuum) နဲ့ အလုပ်လုပ်ပေးတဲ့စနစ် တစ်ခုပါ။ ဓာတ်ဆီအင်ဂျင်သုံး ကားတွေမှာတော့ လေဟာနယ်ဖြစ်ဖို့ လေစုပ်အားကို အင်ဂျင် intake မန်နီဖို့ကနေ ပိုက်နဲ့သွယ်ယူပါတယ်။ ဒီဇယ်အင်ဂျင်သုံးကားတွေမှာတော့ Vacuum Pump က လေစုပ်ပြီး လေဟာနယ်ဖြစ်စေပါတယ်။ Vacuum Pump ကို ဒိုင်နမိုနဲ့ တွဲထားလေ့ရှိပါတယ်။
ဆာဗိုယူနစ်အိုးကို ဖွင့်ကြည့်လျှင် Diaphragm ခေါ် ရာဘာအပြားကြီး (ထမင်းစားပန်းကန် တစ်ချပ်မျှရှိသည်) တစ်ချပ်ပါဝင်နေပါလိမ့်မယ်။ ပြင်ပလေဖိအား (ကမ္ဘာ့လေဖိအား) နဲ့ Intake မန်နီမို့အတွင်းရှိ လေဟာနယ်ဖိအား ခြားနားကွာခြားမှုကြောင့် Diaphragm (ဒိုင်ရာဖရမ်)ပေါ်ကို သက်ရောက်တဲ့ဖိအားက ပါစကယ်နိယာမသဘောအရ ဆပွားပြီး ကြီးပွားလာခြင်းပါပဲ။ ဆာဗိုအိုးကြောင့် ဘရိတ်ခြေနင်းက နင်းလိုက်တဲ့စိုက်အားကို တိုးပွားစေပြီး မာစတာအုံကို အားကောင်းကောင်းနဲ့ ထိုးတံကတွန်းနိုင်ပါတယ်။
မာစတာဆလင်ဒါမှ ပစ်စတင် (၂) ဆင့်ပါဝင်ပြီး ရာဘာဝါရှာကွင်း တွေတပ်ဆင်ထားပါတယ်။ ဘရိတ်နင်းလိုက်လျှင် ထိုးတံက ဆာဗိုယူနစ်ကို တွန်းပြီးပွားလာတဲ့အားတွေနဲ့ မာစတာအုံထဲက ပစ်စတင်ကို တွန်းပါတယ်။ ဝါရှာတပ်ထားတဲ့ ပစ်စတင် ၂ လုံးက ဘရိတ်ဆီတွေကို ဘရိတ်ပိုက်လိုင်းတွေကတစ်ဆင့် ''P''ဗားအုံကိုရောက်လာပါတယ်။ ''P''ဗားအုံ က ဘရိတ်ဆီတွေကို ကားရှေ့ဘီး ဘယ်/ညာဒစ်ဘရိတ် (၂)လုံးနဲ့ နောက်ဘီးဒရမ်ဘရိတ် ၂ လုံးကို ဆက်ပို့ပေးပါတယ်။ ဆီပိုက်လိုင်းတစ်လျှောက် ရောက်လာတဲ့ ဘရိတ်ဆီ ဖိအားက ဒစ်ဘရိတ်နဲ့ ဒရမ်ဘရိတ်အုံတွေကို အလုပ်လုပ်စေပါတယ်။
ဘရိတ်ဖိအားကြောင့် Disc ဘရိတ်မှာ Brake Pad အပြား ၂ ချပ်က ညှပ်ဖမ်းတာကြောင့် ပွတ်မှုအား (Friction) ဖြစ်စေပြီး ရှေ့ဘီးလည်ပတ်ကို အရှိန်လျှော့ရန် (သို့မဟုတ်) လုံးဝရပ်တန့်သွားရန် ဘရိတ်ဖမ်းပေးပါ တယ်။ ဒရမ်ဘရိတ်မှာတော့ ဘရိတ်ရှုးခြမ်း ၂ ခြမ်းကို Wheel Cylinder မှာရှိတဲ့ ပစ်စတင် ၂ လုံးက တွန်းကန်တာကြောင့် ဘေးကိုကားသွားပြီး ဒရမ်မျက်နှာပြင်နဲ့ ဘရိတ်ရှုးလိုင်နာပွတ်တိုက်ပြီး ဘရိတ်ဖမ်းပေးခြင်း ဖြစ်ပါတယ်။
Disc ဘရိတ်မှာရှိတဲ့ Brake Pad ပြားမှာ မီးခံဖိုင်ဘာပြားကပ်ထားပြီး Disc ပြားကို ညှပ်ဖမ်းခြင်းဖြင့် ဘရိတ်ဖမ်းပေးပါတယ်။ ဘရိတ်ဖမ်းတယ်ဆိုတာ ပွတ်မှုအားကောင်းတဲ့ဘရိတ်လိုင်နာနဲ့ လည်ပတ်နေတဲ့ ဘီးအစိတ်အပိုင်း (ဒစ်ပြား-ဒရမ်) မျက်နှာပြင်တို့ ပွတ်တိုက်ခြင်းဖြစ်ပါတယ်။ ဘရိတ်ဖမ်းလျှင် ဘရိတ်ဒရမ်တွေ ဒစ်ပြားအုံတွေပူလာပါတယ်။ ဘရိတ်ဖမ်းတယ်ဆိုတာ ရွေ့လျားမှုစွမ်းအင်ကို အပူစွမ်းအင်အဖြစ် ပြောင်းလဲစေပါ တယ်။ ဒါကြောင့်မို့ ဘရိတ်ငြိနေတဲ့ကားမှာ အပူချိန်တက်လာပြီး ညှော်နံ့တွေ ထွက်လာတတ်ပါတယ်။
Dise ဘရိတ်က Drum ဘရိတ်ထက် ပိုပြီးကောင်းပါတယ်။ ပင်ပလေအေးနဲ့ထိတွေ့မှု ပိုများတာကြောင့် Disc ဘရိတ်က အအေးခံစနစ် ပိုကောင်းပါတယ်။ ခေတ်မီကားကောင်းတွေမှာ နောက်ဘီးကို ဒရမ်ဘရိတ် မသုံးတော့ဘဲ Disc ဘရိတ်ကို သုံးပါတယ်။ ဒစ်ဘရိတ်က ပျက်စီးချွတ်ယွင်းမှုနည်းလို့ ပြုပြင်ထိန်းသိမ်းတဲ့ ကုန်ကျစရိတ်သက်သာပါတယ်။
ကားတစ်စီးမှာ ဘရိတ်ဖမ်းတဲ့အခါမှာ ရှေ့ဘီး ၂ လုံးကိုဖမ်းတဲ့အားနဲ့ နောက်ဘီး ၂ လုံးကို ဖမ်းတဲ့အား မတူညီပါ။ ရှေ့ဘီးက အလေးချိန် ပိုထမ်းရတဲ့အတွက် ဘရိတ်ဖမ်းအား ပိုကောင်းရပါတယ်။ ဘရိတ်ဆီ တွန်းအားပိုပြီး လိုပါတယ်။ ဒါပေမဲ့ မာစတာဘရိတ်အုံက တွန်းထုတ်လိုက်တဲ့ ဘရိတ်ဆီဖိအားကတော့ အားလုံးသာတူညီမျှဖြစ်နေပါတယ်။ တူညီတဲ့ ဘရိတ်ဖမ်းအားနဲ့ ဘရိတ်ဖမ်းခဲ့လျှင် နောက်ဘီးများ၊ အသေ Lockု ကျနေသည့်တိုင်အောင် ရှေ့ဘီးများလည်ပတ်နေလျက်ပါပဲ။ နောက်ဘီးတွေအသေ Lock ကျတာ မကောင်းပါဘူး။ ကားကိုယ်ထည်နောက်ပိုင်းက ဘေးတစ်ဘက်ကို ခါရမ်းသွားပြီး ဘေးမှာကပ်ပါလာတဲ့ကားကို တိုက်မိနိုင်ပါတယ်။ ဒီပြဿနာကိုပြေလည်အောင် ''P'' Valve က ဆောင်ရွက်ပေးပါတယ်။ နောက်ဘီးနှစ်ဘက်ကို ပို့ပေးတဲ့ဟိုက်ဒရောလစ်ဆီဖိအားကို ''P'' ဗားက အလိုအလျောက် လျှော့ချပေးပါတယ်။
ဟိုက်ဒရောလစ်ဘရိတ်စနစ်မှာ အဓိကဖြစ်တဲ့ပြဿနာကတော့ ဘရိတ်ပေါက်ပြီး ဘရိတ်မမိတော့တဲ့ ချွတ်ယွင်းအားနည်းချက်ပါပဲ။ ဘရိတ်ဝါရှာ (ရာဘာဝါရှာကွင်း) ပေါက်၍ ဆီမတွန်းနိုင်ခြင်း၊ ဘရိတ်ဆီပိုက်လိုင်း အဆက်များမှ ဆီယိုခြင်း၊ ဘရိတ်ချောခြင်း၊ ဘရိတ်မမိခြင်း၊ ဘရိတ် ပိုက်လိုင်းလေခိုနေခြင်း၊ ဘရိတ်ငြိနေခြင်း၊ ဘရိတ်နင်းလိုက်လျှင် ရူးခြမ်းအသံမြည်ခြင်း၊ ဘရိတ်မာလွန်းနေခြင်း၊ ဆာဗိုယူနစ် အလုပ်မလုပ်၍ ဘရိတ်ကောင်းကောင်းမမိခြင်း၊ ဘရိတ်နင်းလိုက်လျှင် ကားတစ်ဘက်သို့ ဆွဲသွားခြင်း၊ ဘရိတ်ဒရမ်တစ်ခြမ်း စားနေခြင်း၊ Disc ဘရိတ်ပြားမျက်နှာပြင်တွင် အစင်းကြောင်းများ လှိုင်းများထနေခြင်း၊ ဘရိတ်ပိုက်ပျော့ ပေါက်ခြင်း၊ ပိုက်ပျော့မှာ ဆီယိုစိမ့်ထွက်ခြင်း စတဲ့အချက်တွေက အဖြစ်များတဲ့ ဘရိတ်ချွတ်ယွင်းချက် ရောဂါတွေပါပဲ။
ကားတစ်စီးမှာ ဘရိတ်ကောင်းကောင်းမိဖို့ အရေးကြီးပါတယ်။ ဘရိတ်မိတာ ညီညာဖို့လည်း အရေးကြီးပါတယ်။ ကားမောင်းနေစဉ် တစ်လျှောက်လုံးမှာ ဘရိတ်ကို မကြာခဏ အသုံးပြုရတာများပါတယ်။ ပွန်းစားပျက်စီးမှုများပါတယ်။ ဘရိတ်စနစ်မှာ ထူးခြားတဲ့လက္ခဏာပေါ်တာ နဲ့ ချက်ချင်းစစ်ဆေးပါ။
မာစတာအုံက ဘရိတ်ဆီခွက်ထဲမှာ ဘရိတ်ဆီလျော့နည်းမှု ရှိ၊ မရှိ မကြာခဏစစ်ဆေးပါ။ ဆီလျော့နေတာတွေ့လျှင် ဆီယိုနေတဲ့နေရာကို ရှာဖွေစစ်ဆေးပါ။ ဘီးဆလင်ဒါက ဘရိတ်ဝါရှာကွင်းတွေ သုံးတာကြာလာလျှင် ဆီယိုတတ်ပါတယ်။ ဘီးဆလင်ဒါ ၄ လုံးစလုံးကို စစ်ဆေးပါ။ ဘရိတ်ရှုးခြမ်း လိုင်နာတွေကိုပါ တစ်ခါတည်းစစ်ဆေးပါ။
ဘရိတ်ဒရမ်အတွင်းပိုင်း မျက်နှာပြင်တွေမှာ ဘရိတ်ရှုးခြမ်းလိုင်နင်နဲ့ ပွတ်တိုက်ဖန်များပြီး မျက်နှာပြင် မညီမညာ ဖြစ်တတ်ပါတယ်။ ဒရမ်မျက်နှာပြင်အတွင်းပိုင်းကို တွင်ခုံပေါ်တင်ပြီး စက်စားပေးခြင်းဖြင့် ပြန် ညှိပေးရပါတယ်။ Back ပလိတ်ပြား၊ အထိုင် Nut တွေ ချောင်လာတတ်ပါတယ်။ ပြန်စစ်ဆေးပါ။
Disc ဘရိတ်မှာ ဘရိတ် Pad လိုင်နာစားပြီး သံပြားပေါ်တဲ့အထိ မသုံးသင့်ပါ။ ဘရိတ် Pad အသစ်လဲပေးပါ။ ၆ လတစ်ကြိမ် ဘရိတ်စနစ်ကို စစ်ဆေးပါ။ (လုပ်ငန်းသုံးကားများသာ)။ ကိုယ်ပိုင်စီးကားများ အသုံးနည်းပါတယ်။ တစ်နှစ်တစ်ကြိမ် စစ်ဆေးပါ။ ထူးခြားချက်ဖြစ်ပါက ချက်ချင်းပြုပြင်ပါ။
ဘရိတ်ဆီကို ရေရောစပ်ပြီး လုံးဝမသုံးပါနှင့်။ ဘရိတ်စနစ်တစ်ခုလုံး ရေကြောက်ပါတယ်။ ရေရောထားတဲ့ ဘရိတ်ဆီက အန္တရာယ်ရှိပါတယ်။ နိုင်ငံခြားဖြစ်ဘရိတ်ဆီကိုသာ သုံးပါ။ ဒစ်ဘရိတ်လည်း ဂျမ်း ဖြစ်တတ်ပါတယ်။ ဘရိတ်ဂျမ်းဖြစ်ပြီး ဘရိတ်ငြိနေတတ်ပါတယ်။ ဘရိတ်ဆားဗစ်စင်လုပ်ပေးဖို့ လိုအပ်ပါတယ်။
ကားတစ်စီးဘေးကင်းဖို့ အန္တရာယ်တွေကို ရှောင်တိမ်းနိုင်ဖို့ ဘရိတ်စနစ်က အရေးကြီးပါတယ်။ ဘရိတ်ပေါက်ပြီး ဆီယိုလျှင် ပေါက်တဲ့ဘီးကို ဆီလိုင်းပိတ်ပြီး ကားဝပ်ရှော့သို့ရောက်အောင် ထိန်းမောင်းနိုင်ပါတယ်။

Credit-ခရူဇာ (Auto_Trade)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html