ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လောင်စာချွေတာနိုင်မည့် မောင်းနှင်မှုအလေ့အထ

ယာဉ်မောင်းများ လောင်စာချွေတာနိုင်မည့် မောင်းနှင်မှုအလေ့အထ
=====================================
@

ရန်ကုန်မြို့မှာ ကားပိတ်ရတဲ့ အကြောင်းရင်းတွေကို ပြန်လည်စိစစ်ကြည့်မယ်ဆိုရင် ကားအစီးရေ များလာခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို မလိုက်နာခြင်း၊ လမ်းဘေးဈေးသည်များမှ ကားလမ်းကို နေရာယူအပိုင်စီးခြင်းနဲ့ လမ်း မများ ပျက်စီးနေခြင်းဆိုတဲ့ အကြောင်းအရာတွေကို တွေ့ရပါလိမ့်မယ်။

ဒီအကြောင်းအရာတွေထဲမှာ ယာဉ်မောင်းသူအများ စု ထိန်းနိုင်တာက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတစ်ခုလောက်ပဲ ရှိပြီး ကျန်တဲ့အချက်တွေကိုတော့ သက်ဆိုင်ရာဌာန တွေကနေ ဖြေရှင်းပေးမှပဲ ရပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ ဒီပြဿ      နာ  ရှင်းဖို့ ကြိုးစားနေဆဲဖြစ်တာကြောင့် ကားပိုင်ရှင်လောင်းတွေ (သို့) ကားလဲလှယ်စီးနင်းလိုသူတွေအနေနဲ့ ကားဝယ်တဲ့အခါ ပိတ်ကြပ်လွန်းတဲ့ လမ်းတွေကြောင့် ဆီစားနှုန်းကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလာတယ်။ နောက်ပိုင်းထွက်ကားတွေက ဆီစားနှုန်းနည်းပြီး စွမ်းဆောင်ရည်မဆိုး ဘူးဆိုပေမယ့် ကျွန်တော်တို့ရဲ့ မောင်းနှင်တဲ့ အလေ့အထကနေလည်း ဆီစားသက်သာအောင် ထပ်မံချွေတာလို့ ရပါသေး တယ်။ ဒါကြောင့် ဆီစားချွေတာနိုင်စေမယ့် နည်းလမ်းတွေကို ထပ်ဆင့် ပြန်လည်ဝေ မျှပေးလိုက်ရပါတယ်။   လောင်စာဆီအတွက် ငွေကုန်ကြေးကျသက်သာစေပြီး ခရီးဝေးဝေးနှင်နိုင်စေမယ့် နည်းလမ်းတွေကို လေ့လာကြည့်လိုက်ရအောင်…

တာယာလေပေါင်
**************
်မြို့ထဲ ဟိုဟိုဒီဒီလျှောက်သွားတာပဲဖြစ်ဖြစ်၊ ဟိုင်းဝေးခရီးရှည်သွားတာပဲဖြစ်ဖြစ် ကားတာယာ အတွင်းမှာရှိတဲ့ လေ ပေါင်ကို သင့်လျော်မှုရှိအောင် ချိန်ညှိပေးထားဖို့ လိုပါတယ်၊ လေပေါင်ချိန်ဖို့အတွက် လေထိုးဆိုင်တွေက ကူညီပေးနိုင်ပြီး လိုအပ်ရင် လေပေါင်ပြန်ဖြည့်တာမျိုးတွေ လုပ်ပေးပါလိမ့်မယ်။ လေပေါင်မှန်ကန်တဲ့ကားက မြို့တွင်းလမ်းတွေမှာ စွမ်း ဆောင်ရည်ပိုကောင်း (ထိန်းသိမ်းမောင်းနှင်ရပိုကောင်း) သလို လောင်စာဆီအသုံးပြုမှုကိုလည်း 3% အထိ ချွေတာပေးနိုင် တယ်။ တာယာလေပေါင်ကို ချိန်ဆရာမှာ ကုယ်စီးနေတဲ့ကားအမျိုးအစားအလိုက် ထုတ်လုပ်သူရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာနိုင်ရင် အကောင်းဆုံးပါပဲ။

တာယာတွေနဲ့ပတ်သတ်ပြီး နောက်ထပ်ပြောစရာအချက်တစ်ခုက မူရင်းအော်ရီဂျင်နယ်တာယာတွေ ပန်းပါးပြီး သုံးစားမရဖြစ်တဲ့အခါ (လိမ့်အားခုခံမှုကို လျှော့ချပေးနိုင်တဲ့) Low rolling resistance တာယာတွေနဲ့ လဲလှယ်တပ်ဆင်ပေး ပါ – သိသာထူးခြားတဲ့ အပြောင်းအလဲကို တွေ့ရမှာ မဟုတ်ပေမယ့် ရေရှည်အတွက် ပိုကောင်းပါတယ်။

အင်ဂျင်
******
ခေတ်ပေါ်ကားတွေမှာ လောင်စာဆီနည်းနည်းသုံးပြီး ရုန်းအားမျာများထုတ်ပေးနိုင်စေဖို့အတွက် အင်ဂျင်ကို Tuning လုပ်လို့ရပါတယ်။ အင်ဂျင် Tuning ကို ဆားဗစ်စင်တာတွေမှာ ပြုလုပ်နိုင်ပြီး အင်ဂျင်အတွက် အဓိကစွမ်းအင် ထောက်ပံ့ပေးတဲ့ လမ်းကြောင်းအစိတ်အပိုင်းတွေကိုလည်း အချိန်ပိုင်းအလိုက် စစ်ဆေးပေးသင့်ပါတယ်။
ဥပမာ – လေစစ် ထဲမှာ အမှုန်တွေ၊ အညစ်အကြေးတွေနဲ့ ပိတ်နေတဲ့အခါ အင်ဂျင်ဆီအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကို ကောင်း ကောင်းထောက်ပံ့ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် သုံးလတစ်ကြိမ်လောက် လေစစ်ကို စစ်ကြည့်သင့်ပြီး ကိုးလတစ်ခါ အသစ်လဲလှယ်ပေးသင့်ပါတယ်။ လေစစ်၊ ဆီစစ်ပိတ်ဆို့မှုတွေက အသေးအမွှားလို့ ထင်ရပေမယ့် အင်ဂျင်စွမ်းဆောင်ရည် ကို ဆိုးကျိုးပြုပြီး ဆီစားနှုန်းများစေတယ်ဆိုတာ သတိပြုဖို့လိုတယ်။

အင်ဂျင်နဲ့ပတ်သတ်ပြီး ဆီစားနှုန်းချွေတာနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုက Idle (ကားကို မရွေ့စေဘဲ အင် ဂျင်နှိုးထားတဲ့) အချိန်ကို နည်းပါးစေတာဖြစ်ပြီး အချိန်ကြာကြာကားပိတ်မယ်လို့ ယူဆရရင် ကားစက်သတ်ထားခြင်းနဲ့ ဆီ ချွေတာနိုင်ပါတယ်။ ခေတ်သစ်ကားတွေမှာ Idle ချိန်တွေရောက်တဲ့အခါ အင်ဂျင်ကို အလိုအလျောက်ပိတ်ပေးနိုင်တဲ့ Automatic Start-stop စနစ်တွေ ပါဝင်လာပြီး ဆီစားနှုန်းကို ပိုမိုလျော့ကျစေပါတယ်။

ဆီတိုင်ကီ
**********
ဓာတ်ဆီဖြစ်စေ၊ ဒီဇယ်ဖြစ်စေ ဆီတိုင်ကီထဲမှာ ထည့်ထားတဲ့ လောင်စာဆီဟာ မော်တော်ကားထုတ်လုပ်သူတွေ အကြံပြုပေးထားတဲ့ ကွာလတီဖြစ်နေဖို့လိုပါတယ်။ ဆီတိုင်ကီထဲက ဆီအနည်းအများဟာ ဆီဟားနှုန်းအပေါ် ထိထိရောက် ရောက် အကျိုးသက်ရောက်မှုမရှိဘူးဆိုပေမယ့် ဗဟုသုတနေနဲ့ မျှဝေရရင် တိုင်ကီထဲမှာ ဆီအပြည့်ရှိတဲ့အခါ ဆီရဲ့အလေး ချိန်ကြောင့် ဆီးစားနှုန်းအပေါ် မသိသာတဲ့ ဆိုးကျိုးသက်ရောက်နိုင်သလို ဆီအရမ်းနည်းနေတဲ့အခါ (လေးပုံတစ်ပုံထက် နည်းနေတဲ့အခါ) ဆီပန့်မှာ ဖိအားများစေပါတယ်။ အကောင်းဆုံးက တိုင်ကီအပြည့်လည်းမဟုတ်၊ တိုင်ကီရဲ့ လေးပုံတစ်ပုံ အနေအထား ဖြည့်တင်းထားသင့်တယ်လို့ ပညာရှင်တို့က ကတ်သီးကတ်ဖဲ့ အကြံပြုထားတယ်။
ဆီပေးဝေမှုစနစ် (Fuel-injection System) ကို အကောင်းဆုံးအနေအထားမှာ ရှိနေစေဖို့ အောက်ဆီဂျင် အာရုံ ခံကိရိယာ (Oxygen Sensor) (သို့) အလားတူစနစ်ကို စစ်ဆေးကြည့်သင့်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ချို့ယွင်းနေတဲ့ ဆီပေး ဝေမှုစနစ်က ဆီစာနှုန်းကို 20% လောက် ပိုများသွားစေရုံသာမက ပြန်ပြင်တဲ့အခါ ငွေကုန်ကြေးကျ များစေပါလိမ့်မယ်။

ဘရိတ်
******
စာဖတ်သူစီးနေတဲ့ကားဟာ ဟိုက်ဘရစ် (သို့) ပလပ်ထိုးအားသွင်းရတဲ့ လျှပ်စစ်ကားဆိုရင် မလိုအပ်ဘဲ ဘရိတ် ခဏခဏမအုပ်တာ ပိုကောင်းပါတယ်။ အကြောင်းက ဒီကားတွေမှာ Regenerative Braking Technology ဆိုတဲ့ နည်းပ ညာပါဝင်ပြီး ဒီနည်းပညာက လီဗာကနေ ခြေထောက်ကို ခွာလိုက်တဲ့အခါ ဘီးတွေမှာ လက်ရှိရှိနေတဲ့ အဟုန်ကို လျှပ်စစ် အားအဖြစ် ဖန်တီးပြီး ဘက်ထရီတွေဆီ ပြန်ပို့ပေးပါတယ်။ တစ်ခုရှိတာက Regenerative Braking စနစ်ရဲ့ အကျိုးပြုမှုကို ရစေဖို့ ဘရိတ်မအုပ်တာမျိုး မလုပ်သင့်ဘဲ လိုအပ်ရင် ဘရိတ်ကို သုံးရမှာပါ။

မောင်းနှင်သင့်တဲ့ အမြန်နှုန်းနဲ့ ပတ်သတ်ပြီး ပြောရရင် အမြင့်ဆုံးဂီယာမှာ အနိမ့်ဆုံးရနိုင်တဲ့ အမြန်နှုန်းမျိုးနဲ့ မောင်းနှင်ပါ – အင်ဂျင်ရဲ့ လည်ပတ်နှုန်း (RPM) ကို သိသိသာသာ လျှော့ချနိုင်တာကြောင့် ယာဉ်ကို ဆီစားပိုသက်သာစေ ပါတယ်။ အမြန်နှုန်းအတွက် မိုင်ကုန်တင်မောင်းတဲ့အခါ ကျွန်တော်တို့သိထားပြီးတဲ့အတိုင်း အင်ဂျင်ကို ဝန်ပိုစေတာကြောင့် ဆီစားနှုန်း ပိုများသွားပါလိမ့်မယ်။

နောက်ထပ် သတိပြုရမယ့် အချက်တစ်ခုက ယာဉ်ကြောပိတ်ပြီး ခပ်နှေးနှေးသွားနေရတဲ့အခါ ဖြစ်နိုင်ရင် ရှေ့ကား အတိုင်း ထပ်ကြပ်မကွာ လိုက်မမောင်းသင့်ပါဘူး၊ ဒီလို နောက်ကကပ်မောင်းတာကို Tail gating လို့ခေါ်ပြီး Tail gating လုပ်တာကြောင့်လည်း အင်ဂျင်ကို ဝန်ပိုစေတတ်ပါတယ်။ ကျွန်တော်တို့ သိပြီးတဲ့အတိုင်း သုံးစက္ကန့်စာအကွာအဝေးကနေ ခွာလိုက်ပါ – အန္တရာယ်ကင်းရှင်းရေးအတွက် အထောက်အကူဖြစ်စေသလို ဆီစားနှုန်းကိုလည်း ချွေတာနိုင်ပါလိမ့်မယ်။

အခြားမှတ်သားဖွယ်များ
********************
နောက်ထပ်မှတ်သားစရာက အင်ဂျင်ဝိုင်လဲတဲ့ အခါမျိုးမှာ အင်ဂျင်တွင်း အညစ်အကြေးတွေကို သန့်ရှင်းပေးနိုင်ပြီး အင်ဂျင်ဝိုင်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေတဲ့ Synthetic Oil Additive တွေ ထပ်ထည့်ပေးနိုင်ပါတယ်။ ဒီအရာ တွေက အင်ဂျင်ရဲ့သက်တမ်းကို ပိုမိုကြာရှည်စေတဲ့အပြင် လောင်စာဆီအသုံးပြုမှုကို 15% အထိ ချွေတာနိုင်စေတယ်။ မြို့ ထဲမှာ ခဏတစ်ဖြုတ်သာ သွားရတဲ့ ခရီးတိုမျိုးတွေအတွက် အဲယားကွန်းကို တရားလွန်မသုံးသင့်ပါဘူး – ကားအဲယားကွန်း ကလည်း ဆီစားနှုန်းများစေတဲ့အကြောင်းရင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဟိုင်းဝေးမောင်းမယ့်လူတွေအတွက် ကားမှာ Cruise Control ပါတယ်ဆိုရင် ဒီစနစ်ကို ဖွင့်သုံးပါ – ကားရဲ့ အမြန် နှုန်းကို တည်ငြိမ်စေရုံသာမက ဆီစားနှုန်းကိုလည်း သက်သာစေပါလိမ့်မယ်။ ချွင်းချက်တစ်ခုအနေနဲ့ပြောရရင် မိုးသည်း ထန်စွာရွာနေတာမျိုး ရာသီဥတုဆိုးဝါးနေရင်တော့ ကားရဲ့ Sensor တွေဟာ ပုံမှန်အလုပ်မလုပ်တာမျိုး ဖြစ်တတ်ပြီး အဲဒီလို အချိန်တွေမှာ Cruise Control ထက် ကိုယ့်အားကိုယ်ကိုးပြီး မောင်းနှင်သင့်ပါတယ်။

နောက်ဆုံးပြောချင်တဲ့တစ်ခုက ဟိုက်ဘရစ်မဟုတ်တဲ့ ဆီကား (သို့) လျှပ်စစ်ကားတွေမှာ ဝန်ပိုတင်မိတဲ့အခါ ဆီ စားနှုန်းပိုများတတ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ပစ္စည်းအလေးကြီးတွေကို ကားပေါ်မှာမထားဘဲ လိုအပ်တဲ့အရာတွေနဲ့ ပေါ့ပေါ့ပါးပါးအရာတွေကိုပဲ ကားနဲ့အတူ သယ်သွားသင့်တယ်။ ကားရဲ့အလေးချိန်ကို အတိုင်းထက်အလွန် လျှော့ချချင် တယ်ဆိုရင် လုပ်ငန်းသုံး ဗန်ကားလိုမျိုးတွေမှာ နောက်ထိုင်ခုံတွေ ဖြုတ်ထုတ်တာမျိုးနဲ့ SUV တွေမှာ ကားခေါင်မိုးပေါ်က မလိုဘဲပိုနေတဲ့ ဝက်ခြံတွေ ဖယ်ထုတ်တာမျိုး လုပ်နိုင်ပါတယ်။

ဖော်ပြခဲ့တဲ့ နည်းလမ်းတွေအပြင် ကားတစ်စီးရဲ့ ဆီစားနှုန်းကို ချွေတာပေးနိုင်တဲ့ တခြားအချက်တွေလည်း ရှိပါ သေးတယ်။ ဒါပေမယ့် ဖော်ပြခဲ့တဲ့အချက်တွေလောက်ကို အလေ့အကျင့်ဖြစ်အောင် လုပ်ထားရင် ရေရှည်မှာ လောင်စာဆီအတွက် ငွေကုန်ကြေးကျ သက်သာသွားမယ်ဆိုတာ အသေအချာပါပဲ။

CD:::: ::::@ကို ဂျက်

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html