ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လွတ်လပ်ရေးကို တပ်မတော်က ရယူပေးခဲ့သည် မှန်ပါသလား

လွတ်လပ်ရေးကို တပ်မတော်က ရယူပေးခဲ့သည်ဆိုသော ဝါဒဖြန့်အရေးအသားသည် သမိုင်းကြောင်း မှန်ကန်ပါသလား။

စစ်အစိုးရအဆက်ဆက်လိမ်ခဲ့သော သမိုင်းတု သမိုင်းလိမ်ကို ( သမိုင်း မသိလျှင် အ သည်) ဟု ဒေါက်တာသန်းထွန်း၏ စကားအတိုင်း အလိမ်မခံရလေအောင် ပြန်လည်ဖော်ထုတ်ပါသည်။

အောက်ဖော်ပြပါ လွတ်လပ်ရေးကျောက်စာတိုင်ရှိ လွတ်လပ်ရေးရရှိသည့်နေ့ (၁၉၄၈ ဇန်နဝါရီ ၄ ) မိန့်ခွန်းကို အချိန်ပေးပြီး စာလုံးတလုံးချင်း၊ ဝါကျတကြောင်းချင်းကို သေချာစွာ လေ့လာစေလိုပါသည်။

ကျောင်းသားလူငယ်တို့ အနေဖြင့် ကျက်မှတ်ထားပါရန် တိုက်တွန်းပါသည်။ သမိုင်းဆိုင်ရာ စာစီစာကုံးများရေးသားရာတွင် မပါမဖြစ် ကိုးကားသင့်သော မိန့်ခွန်းတရပ် ဖြစ်ပါသည်။

ဖြန့်ဝေပေးမည်ဆိုပါက လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သော အမေ့လျော့ခံ ပြည်သူ့သူရဲကောင်းများ၏ ကျေးဇူးတရားကို ပြန်လည်ဖော်ထုတ်ရာရောက်သည့် အပြင် အနာဂတ်မျိုးဆက်များအတွက် ပညာ ဗဟုသုတ တိုးပွားစေသောကြောင့် ဤနိုင်ငံ ဤနိုင်ငံသားတို့ ကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။

တို့ဗမာအစည်းအရုံး Dobama Asiayone page မှ ကူးယူဖော်ပြပါသည်။

#TheRedအနီ

-----------

မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်(၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်)တနင်္ဂနွေနေ့တွင် မိန့်ကြားသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း

ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိုးရေးတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတခုလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးတို့ စည်းစည်းလုံးလုံး ကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ရှမ်း၊ ချင်း၊ ကရင်၊ ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်ထောင်စုတခုလုံးမှာရှိကြတဲ့ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူကျောင်းသား၊ အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးတို့က ညီညီညာညာ စွန့်စွန့်စားစား အုံကြွကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ လယ်သမား၊ အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူ၊ ကျောင်းသား၊ အမှုထမ်းအရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိပါဝင်သော လူတန်းစားအားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်။ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံးသမဂ္ဂ အစရှိတဲ့ အသင်းအဖွဲ့အစည်းအသီးသီးက ကိုယ်ဆိုင်ရာ နယ်နိမိတ်အတွင်းမှနေပြီး နယ်ချဲ့စနစ်ကြီးကို ၀ိုင်းအုံတိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမားအစည်းအရုံး သမဂ္ဂ အစရှိတဲ့ များမြောင်လှစွာသော အသင်းအဖွဲ့အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။

ယခုလို တစ်နိုင်ငံလုံးရှိ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအသီးသီး၊ လူတန်းစားအသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့က အပြင်းအထန်ကြိုးပမ်းခဲ့သောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ဤလွတ်လပ်ရေးကို သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံး လူတန်းစားအားလုံး အသင်းအဖွဲ့အားလုံးတို့က ရိုသေကြရမယ်။ ဒီလွတ်လပ်ရေးကို တိုက်ရိုက်နည်းအားဖြင့်လည်းကောင်း၊ သွယ်ဝိုက်နည်းအားဖြင့်လည်းကောင်း၊ ထိပါးလာမယ်ဆိုလျှင် ပြည်ထောင်စုသား အားလုံးသည်လည်းကောင်း၊ လူတန်းစားအားလုံးသည်လည်းကောင်း၊ အသင်းအဖွဲ့အားလုံးသည်လည်းကောင်း၊ ရင်မြေကတုတ်လုပ်၍ ခုခံကာကွယ်စောင့်ရှောက်ကြရမယ်။

ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူမျိုးစုတစ်ခုတည်းအတွက် အသုံးချရန်မဟုတ်။ ပြည်ထောင်စုသမတမြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူလူထုကြီးတစ်ရပ်လုံးအတွက် အကျိုးအများဆုံးရရှိအောင် ယခုရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်ခန့်ခန့် အုတ်မြစ်ချလျက် သမတနိုင်ငံသစ်ကြီးကို ကျွန်တော်တို့အားလုံး အင်အားရှိသလောက် တည့်တည့်မတ်မတ် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ကြတော့မယ်။

ဒီသမတနိုင်ငံတော်သစ်ကြီးကို အပြီးသတ်တည်ဆောက်ပြီးတဲ့အခါမှာ နိုင်ငံအတွင်း၌ လူအချင်းချင်း လူညွန့်ခူးစားနေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လူညွန့်ခူးစားခြင်းခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီးအုပ်နေတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ လက်ဝါးကြီး အအုပ်ခံနေရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ နဖူးကချွေး ခြေမအထိကျအောင် ရွှံ့ဗွက်တွေထဲမှာ စက်ရုံတွေထဲမှာ တောအထပ်ထပ် တောင်အထပ်ထပ်တွေထဲမှာ သတ္တုတွင်းထဲမှာ နေပူ မိုးရွာမရှောင် တကုန်းကုန်း တရုန်းရုန်းနဲ့ အလုပ်လုပ်နေကြရပြီး လူတန်းစေ့ဘ၀လေးကိုမှ မရရှိကြရတဲ့ လူတန်းစားလည်း မရှိတော့ဘူး။ ဒီလူတန်းစားကို ဒီလိုလူညွန့်တုံးအောင် နှိပ်ကွပ်ထားတဲ့ လူတန်းစားလည်း မရှိတော့ဘူး။

ဒီသမတနိုင်ငံသစ်ကြီးမှာ ရှိရှိသမျှလူတွေဟာ ကိုယ်အစွမ်းရှိသရွေ့ ကိုယ်စွမ်းတဲ့ဘက်မှာဝင်ပြီး အမှုထမ်းကြ၊ လယ်လုပ်တတ်တဲ့ လူတွေက လယ်လုပ်ကြ၊ စက်မောင်းတတ်တဲ့လူတွေက စက်မောင်းကြ၊ သတ္တုတွင်းတူးတဲ့လူတွေက သတ္တုတွင်းတူးကြ၊ ငြိမ်ဝပ်ပိပြားရေးကိုဆောင်ရွက်တတ်တဲ့လူတွေက တရားရုံးတွေ၊ ရာဇ၀တ်ဌာနတွေမှာ ဆောင်ရွက်ကြ။ ကာကွယ်ရေးမှာ ကျွမ်းကျင်တဲ့ လူတွေက စစ်တပ်တွေမှာ အမှုထမ်းကြ။ အအုပ်အချုပ် အစီအမံမှာ လိမ္မာတဲ့လူတွေက အစိုးရဌာန အသီးသီးမှာ ၀င်ရောက် ဆောင်ရွက်ကြ။ ဒီနည်းများဖြင့် ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသားတွေဟာ ကမ္ဘာ့အလယ်မှာ လူတန်းစေ့စေ့နေနိုင်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးကြိုးပမ်းကြရမယ်။

ကျွန်တော်တို့ရဲ့ မြေဆီမြေနှစ်တွေကို ပြည်ထောင်စုသား လူဦးရေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြေဆီမြေနှစ်တွေက အင်မတန်များပြား နေတာကို တွေ့ရမယ်။ ဒါကြောင့် ခေါင်းဆောင်တွေကလည်း သစ္စာမဖောက်ဘဲ၊ ခြေလှမ်းမမှားဘဲ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် လူထုကလည်း မိမိတို့ထမ်းဆောင်ရမည့် တာဝန်တွေကို မပျက်မကွက်ဘဲ၊ ၀ါးအစည်းပြေသလိုမပြေဘဲ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းလိုက်ကြလျှင် ကျွန်တော်ပြောခဲ့တဲ့ သမတနိုင်ငံသစ်ကြီးကို မနှေးအမြန် တည်ထောင်ဖြစ်မြောက်ရမယ်လို့ ကျွန်တော် အတည့်အလင်း ကြေညာရဲပါတယ်။

ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှားလျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော ခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း၊ အချိန်မီသတိပေးနိုင်သည် ဖြစ်စေသတည်း။

ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့် တာဝန်များကို ပျက်ကွက်လျှင်၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလျှင် ယနေ့စိုက်ထူတဲ့ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီးကိုလည်းကောင်း၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကိုလည်းကောင်း၊ အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။

ဤသမတနိုင်ငံသစ်ကြီးကို တည်ထောင်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့စိုက်ထူတဲ့ မော်ကွန်းကျောက်တိုင်ကြီးသည် ထိုရန်သူများကိုအပြီးတိုင် ချေမှုန်းနိုင်သည်အထိ ဇာတိသွေး၊ ဇာတိမာန် တခဲနက်တက်ကြွလာအောင်ပြည်ထောင်စု ပြည်သူလူထုတစ်ရပ်လုံးအား အချိန်မီစွမ်းဆောင်ပေးနိုင်သည် ဖြစ်ပါစေသတည်း။

Writer by
Dobamar magazin
Crater link
https://www.facebook.com/661818940617904/posts/1302624203204038/

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html